သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများကို ဖြေရှင်းရာတွင် အဓိက အကြောင်းအရင်း ဖြစ်သော လူမှုရေး မညီမျှမှုများကို ပြေလည်စေရေးကို ဦးတည်ကာ မျိုးစောင့်ဥပဒေ ၄ ရပ်ပြဋ္ဌာန်းပေးရန်အတွက် အဖွဲ့ဝင် ၁၂ ဦးပါဝင်သော မျိုးစောင့် ဥပဒေ ကြမ်း ရေးဆွဲရေး ကော်မရှင် ကို မတ်လ ၇ ရက်နေ့ဖွဲ့စည်း လိုက်သည်။ လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေ တို့ကို ပြည်ထောင်စု တရား လွှတ်တော် ချုပ် က ရေးဆွဲမည်ဖြစ်ပြီး ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေနှင့် တလင် တမယား စနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေတို့ကို ဇွန်လ ၃၀ ရက်နေ့ ထက်နောက်မကျစေဘဲ ရေးဆွဲတင်ပြရမည်ဟု သမ္မတဦးသိန်းစိန် ညွှန်ကြားခဲ့သည်။ ပြုပြင်ပြောင်းလဲ ရေး လုပ်ဆောင်နေပါသည်ဟု တဖွဖွပြောဆိုရေရွတ်ခဲ့သော သမ္မတဦးသိန်းစိန်၏ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး ဆောင်ရွက် ချက် များကြောင့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး နယ်ပယ်များတွင် ဂယက်များစွာ ရိုက်ခတ်ခဲ့ပြီး ဧရာဝတီအကြီးတန်း သတင်း ထောက် ထက်နိုင်ဇော်က နယ်ပယ်အသီးသီးမှ အမြင်များကို စုစည်း မေးမြန်းထားပါသည်။
ရွှေညဝါ ဆရာတော် ဦးပညာသီဟ
ဘုန်းကြီးက ဒီမျိုးစောင့် ဥပဒေဆိုတာကိုတော့ အရင်တုန်းကလည်း ထောက်ခံခဲ့တယ်။ အခုလည်း ထောက်ခံနေတယ်။ ဒါပေမယ့် အမျိုးသားရေးကို အမျိုးသားရေး လမ်းကြောင်းအတိုင်းပဲ လျှောက်စေချင်တယ်။ အမြဲတမ်း လည်း တိုက်တွန်း ခဲ့တယ်။ နောက်ပိုင်းမှာ ပါတီနိုင်ငံရေးတွေနဲ့ ရောထွေးပြီးတော့ပါလာတဲ့အတွက် ဘုန်းကြီး အဲဒါတော့ သဘောမတူဘူး။ ပါတီနိုင်ငံရေးက ဘာသာရေးကို သားကောင်အဖြစ်မွေးပြီး ၂၀၁၅ ရွှေးကောက်ပွဲမှာ အသုံးချဖို့လို့ ပြောကုန်ကြပြီ။
မင်းတုန်းမင်း ကလည်း ကုန်းဘောင်ခေတ်မှာ ပဉ္စမ သင်္ဂါယနာ တင်ပြီးတော့ဒီဘာသာရေးကိုပဲ နိုင်ငံရေးမှာ အသုံးချ ခဲ့တယ်။ ဦးနုဆိုရင်လည်း ဆဋ္ဌ သင်္ဂါယနာ တင်ပွဲလုပ်ပြီးတော့ မိမိရဲ့ နိုင်ငံရေးကို ဘာသာရေး အပေါ်မှာအကွက်ကျကျ အသုံးချသွားခဲ့တယ်။ ဦးခင်ညွှန့်လည်းပဲ သူ့ရဲ့ နိုင်ငံရေးအားနည်းချက်တွေ ၊ ပုတ်ခတ်မှုတွေနဲ့ သူအကြမ်းဖက်ခဲ့တာတွေ အားလုံးကို ဘာသာရေးနဲ့ပဲ ဖြန်ဖြေပြီးတော့ သူရအောင် ယူသွားခဲ့တယ်လေ။
မြန်မာ့နိုင်ငံရေးမှာ ၂၀၁၅ ရဲ့ အခင်းအကျင်း သည် မျိုးစောင့် ဥပဒေဟာအကောင်းဆုံးသော ဘာသာရေးအပေါ်မှာ နိုင်ငံရေး အသုံးချဖို့ အကွက်တကွက်ပဲဖြစ်တယ်။ အဲဒီအကွက်ကို လက်ရှိအစိုးရက ပိုင်ပိုင်နိုင်နိုင် အသုံးချဖို့ ကြံစည်နေပြီလေ။ နိုင်ငံရေးမှာ အကောင်းဆုံး ဈေးကွက်က ဘာသာရေး ဈေးကွက်လေ။ ဦးသိန်းစိန်က ဒီအကွက်ကို အခုစကိုင်လိုက်ပြီ။ အသုံးချဖို့ အကောင်းဆုံးဖြစ်နေတာကိုး။ တို့အယူအဆက ဘယ်ဘယ်သာ ဘာတွေပဲ ဖြစ်ဖြစ် ၊ တို့နိုင်ငံသည်ငြိမ်းချမ်းရေးနဲ့ ပြည့်စုံတဲ့ တိုင်းပြည် ၊ အမျိုးသား ပြန်လည်သင့်မြတ်ပြီးတော့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွှတ်တဲ့တိုင်းပြည်ဖြစ်စေချင်တယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက် တဲ့တိုင်းပြည်အဖြစ်နဲ့ ပတ်ဝန်းကျင် နိုင်ငံတွေနဲ့ အတူ တန်းတူအနေအထား ကတော့ ဖြစ်ချင်တာ ပေါ့ကွာ။ အဲလို အရေးကိစ္စတွေကို ဂရုမစိုက်တော့ဘဲနဲ့ မျိုးစောင့်ဥပဒေ ကိုပဲ ဂရုစိုက် အာရုံပြုနေမယ် ဆိုရင် နိုင်ငံရေးအတိုက်အခံတွေ လုပ်တဲ့အခါမှာ တိုင်းပြည်အတွက် ကောင်းတဲ့ အလားအလာတော့မရောက်နိုင်ဘူးလို့ မြင်တယ်။
အမျိုးသားပြန်လည်းသင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးတို့အတွက် အရေးကြီးတဲ့ ဆုံမှတ်ကို ရောက်နေတဲ့ အချိန်မှာငါတို့တိုင်းပြည်ဟာ မျိုးစောင့် ဥပဒေတခုတည်းနဲ့ ငြင်းခုံမနေသင့်ဘူး။တို့ဘုန်းကြီးတွေက နိုင်ငံရေး သားကောင် ဖြစ်တော့မယ်။ အဲဒီလို အချိန်မှာငြင်းခုန်နေမယ့်အစား မဇ္ဇိမ ပဋိပဒါ လမ်းစဉ်နဲ့ အလယ် အလတ်ကနေ ပြီးတော့ ဟိုဘက်ဒီဘက် ထိန်းညှိပေးပြီး သွားမယ်ဆိုရင် တိုင်းပြည်ရဲ့ အနာဂတ်ကောင်းသွားလိမ့်မယ်။
ဦးရဲနောင်သိန်း
အတွင်းရေးမှူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီ အဖွဲ့ချုပ်
အမျိုးသား နိုင်ငံရေးက အမျိုးသားနိုင်ငံရေးပဲ ဖြစ်သင့်တယ်။ နိုင်ငံရေးကိုဘာသာရေးနဲ့တော့ မရောယှက်စေချင်ဘူး။ နိုင်ငံအကျိုး သယ်ပိုးတဲ့ နေရာမှာဘယ်ဘာသာဝင် ဖြစ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်မလိုသလို ဒီလူဟာတိုင်းပြည်အတွင်းမှာ မှီတင်းနေထိုင်သူ အားလုံးရဲ့ ခေါင်းဆောင် ဖြစ်ရမယ်။ တိုင်းပြည်မှာ ရှိတဲ့ တိုင်းရင်းသား အားလုံး၊ ဘာသာဝင် အားလုံးရဲ့ခေါင်းဆောင်ဖြစ်ရမယ်။ ဘာသာ သာသနာတခုတည်းကို ကိုယ်စားပြုတဲ့အုပ်ချုပ်သူဆိုရင်တော့ ဒီဟာက အခွင့်အရေးပိုင်းအရ နည်းနည်းတော့ လွဲပါတယ်။
ဘာသာ သာသနာရေးကို သာသာနာရေး ဝန်ကြီးဌာနကနေ ကိုင်တွယ်ပြီးတော့ လုပ်ခဲ့တာဘာပြဿနာမှ မရှိခဲ့ဘူး။ကျနော်တို့ တိုင်းပြည်မှာက ဒီမိုကရေစီက သက်တမ်းနုသေးတယ်။ လူ့အခွင့်အရေးဆိုတာကလည်း အခုမှ မြင်ရ ကြားရ တွေ့ဖူးကြတာ။ ကျနော်တို့ ပြောလိုက်လို့ရှိရင် နားလည် လက်သင့်ခံနိုင်တဲ့ လူအင်အားက နည်းတယ်။ အစွန်းရောက်တဲ့သူကများတယ်။ ကျနော်က ဘာသားခြားဖြစ်နေလို့ ပြောလိုက်ရင် ဘာသာခြားက ငါတို့ကိုထိုးနှက် တယ်ဆိုပြီး ကာယကံရှင် ဗုဒ္ဓဘာသာဝင်တွေက မြင်သွားရင်ကျနော်တို့မှာ လည်း ထိခိုက်တယ် လေ။ ကျနော်တို့ မြင်တာက တော့ ဘယ်နိုင်ငံဖြစ်ဖြစ် သူ့ ဥပဒေတွေ ရှိတာပဲ။ အခြေခံဥပဒေရှိတယ်။ ကျင့်ထုံး ဥပဒေတွေရှိတယ်။ ဒီဥပဒေအရ ဆိုးတဲ့သူရော၊ လိမ္မာတဲ့သူတွေကိုရော အကာအကွယ်ပေးထားပြီး ဖြစ်တဲ့အတွက် ဘာသာတခုတည်း အတွက်သီးခြားဥပဒေ ပြဋ္ဌာန်းဖို့အတွက် မလိုအပ်လောက်ဘူးလို့ မြင်တယ်။
ဦးလူအေး
သန်လျှင်မြို့နယ် ခရစ်ယာန် မက်သဒစ်သင်းအုပ်ဆရာ၊ အောက်မြန်မာပြည်မက်သဒစ်အသင်းတော်
ကျနော်တို့ကတော့ ဘာသာပေါင်းစုံ အတူယှဉ်တွဲ နေထိုင်ရေး လုပ်နေတာ ရှိပါတယ်။ အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ နဲ့ နေပြီးတော့ သိပ်မတိုးတက်တဲ့ တိုင်းပြည်ဖြစ်ပေမယ့် အေးချမ်းသာယာ ဝပြောစေချင်တယ်။ ဒီအချိန်မှာ မျိုးစောင့် ဥပဒေဆိုပြီး ပေါ်လာတဲ့ အခါမှာ မိမိ မြန်မာလူမျိုးတွေ ၊ အထူးသဖြင့် မြန်မာအမျိုသမီးတွေအတွက် ဘဝလုံခြုံမှုအတွက် ရည်ရွယ်တာ အလွန်ကောင်း ပါတယ်။ ဒီဥပဒေကို ထိန်းသိမ်းလိုက်နာ စောင့်ရှောက်ဖို့လည်းပဲကောင်းပါတယ်။ သို့သော် ဒီဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်းအားဖြင့်တခြားသူတွေရဲ့ အခွင့်အရေးတွေလည်းပဲ မဆုံးရှုံးဖို့ လိုပါတယ်။ လူတိုင်း လူတိုင်းမှာ ရွှေးချယ်ရပိုင်ခွင့် ရှိဖို့လိုပါတယ်။ ဒီရွှေးချယ်ပိုင်ခွင့်တွေကို ဒီဥပဒေတွေက အဟန့်အတား လုပ်မယ်ဆိုရင် တခြား ဘာသာဝင် တွေကို ထိခိုက်နိုင်မလားလို့ ကျနော်တို့က ထင်မိတယ်။ လူတွေရဲ့ ရွေးချယ်ပိုင်ခွင့်ကို ဘုရားကအစ အခွင့်အရေး ပေးထားတယ်။ ကောင်းတာ၊ ဆိုးတာကို ရွေးချယ်ခွင့် အခွင့်အရေး ပေးထားတယ်။ မြန်မာလူမျိုးတွေအတွက် ကောင်းတယ်ဆိုပေမယ့်လို့ လူ့အခွင့်အရေးတွေကို ဆုံရှုံးစေမယ်လို့ ဆိုရင်တော့
ဒါလေးတွေကိုတော့ ကျနော်တို့ သတိပြုဖို့ လိုပါတယ်။ ဒီဥပဒေကိုချိုးဖောက်မိလို့ တခြားသော ဘာသာတွေကို မထိခိုက် မနစ်နာစေဖို့လည်းလိုပါတယ်။
တခြား ဘာသာဝင်တွေရဲ့ အခွင့်အရေးကို မထိခိုက်စေဘဲနဲ့ တဦးနဲ့ တဦးကြားမှာ ပဋိပက္ခတွေ ဖြစ်မှာလည်းပဲ စိတ်ပူရတာပေါ့။ ဘယ်အရာပဲ ဖြစ်ဖြစ် လူကိုချုပ်ကိုင်လို့မှ မရတာ။ လူမှာ လွတ်လပ်ခွင့်ရှိတယ်။ လူ့ရဲ့
အခွင့်အရေးတွေဟာ ဒီမျိုးစောင့် ဥပဒေအားဖြင့် ဆုံးရှုံးမယ်ဆိုလို့ ရှိရင် တခုခုတော့ ဖြစ်လိမ့်မယ်။ ဘာဖြစ်မလဲဆိုတာတော့ ကြိုမသိဘူး။
ဒီနေ့ဘာသာပေါင်းစုံ ချစ်ခင်ရင်းနှီးအောင် ကျနော်တို့ တည်ဆောက်နေတဲ့အခါမှာ ဒီမျိုးစောင့် ဥပဒေဟာလည်းပဲ ဒီဘာသာပေါင်းစုံ ချစ်ခင်ရင်းနှီးမှုကို အဟန့်အတား မဖြစ်ဖို့လည်းပဲ အရေးကြီးပါတယ်။ ဒီဥပဒေက ဆိုးတယ် ၊ ကောင်းတယ်လို့တော့ မပြောလိုဘူး။ အကောင်းဆုံး ဖြစ်အောင်တော့ ကျနော်တို့ ပညတ်ကြတာပေါ့။ ထိန်းသိမ်းကြတာပေါ့။ ဒီလိုလုပ်ပြီးတော့မှာ ထွက်ပေါ်လာတဲ့ အကျိုးအကြောင်းတွေကို အမြင်ကျယ်ကျယ်နဲ့ ထားပြီးတော့ လူ့ရဲ့အခွင့်အရေးကိုလည်း တန်ဖိုးထားဖို့ လိုတယ်။
ဦးခွန်ထွန်းဦး
ဥက္ကဋ္ဌ၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကျနော်လည်း ဗုဒ္ဓဘာသာဝင်တယောက်ပါ။ လူ့အခွင့်အရေးဘက်ကနေတော့ မပြောချင်ဘူး။ နိုင်ငံရေး အခြေအနေ အရတော့ မလုပ်သင့်သေးဘူးထင်တယ်။ မျိုးစောင့်ခြင်းဥပဒေဆိုတာ မျိုးတော့ စောင့်ပါတယ်။ ဒါပေမယ့် ဘာသာရေး ကိစ္စတွေ ပါလာမှာပေါ့။ကချင်တွေက ခရစ်ယန်တွေ ၊ ချင်းဆိုရင်လည်း ခရစ်ယန်တွေပဲ။ ကရင်ဆိုလည်းခရစ်ယန်ပဲ။ သဘောက တိုင်းရင်းသားတွေ အားလုံးက ရောရောထွေးထွေးနေကြတာ။မျိုးစောင့်ရေးဆိုတော့ ဘယ်မျိုးကို စောင့်မှာလဲ။ နောက်ပိုင်းအန္တရာယ်ရှိလာနိုင်တာတွေ ရှိတယ်။ အမြင်ကျဉ်းကျဉ်းနဲ့ သွားလုပ်လို့ မရဘူး။ကျနော်တို့ နိုင်ငံက အင်အားအရမ်းကြီးတဲ့ နိုင်ငံနှစ်ခုကြားကို ရောက်နေတာ။ဒါကိုကိုင်ရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာ တွေးရမယ်ဗျာ။ ဒီဥပဒေတွေ ပြဋ္ဌာန်းဖို့က အချိန်အခါနဲ့တော့ မကိုက်ညီသေးဘူးထင်တယ်။အန္တရာယ်ကင်း ဘေးရှင်းအောင်တော့ လူ့အခွင့်အရေးကိုပဲ ကိုင်ပြီး ပြောရမလိုဖြစ်နေပြီ။ အခုက နောက်ဆုံးကျရင် ဘာသာရေးတွေ ပါလာမယ်။ ဘာသာရေးတွေ ပါလာရင်နိုင်ငံရေးက ပိုရှုပ်လိမ့်မယ်။ ညင်ညင်သာသာနဲ့ ပါးပါးနပ်နပ်ကိုင်တွယ်သင့်တယ်။ ဒီမျိုးစောင့် ဥပဒေကြီးကို သမ္မတကပဲ လုပ်လုပ်၊လွှတ်တော်ကပဲ လုပ်လုပ် စောသေးတယ်လို့ ထင်တာပဲလေ။ ပြောပြန်ရင်လည်း လွန်ရာကျတယ် ထင်ပေမယ့် ကျနော်လည်း ဗုဒ္ဓဘာသာပါပဲ။
ဦးစစ်မြိုင်
အတွင်းရေးမှူး၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်
မြန်မာ အမျိုးသမီးတွေ အထူးလက်ထပ် ထိမ်းမြားခွင့်နဲ့အမွေဆက်ခံခွင့်မှာတော့ မြန်မာအမျိုးသမီးတွေ ဘာသာခြားနဲ့ယူရင် အမွေဆက်ခံခွင့် မဆုံးရှုံးအောင် ၁၉၅၀ ခုနှစ်က ပြဋ္ဌာန်းပေးထားတဲ့ဥပဒေရှိတယ်။ ဒါလေးက ကျယ်ကျယ်ပြန့်ပြန့် ပြည့်ပြည့်စုံစုံရှိတာတော့သတိပြုမိပါတယ်။ အခုထပ်ပြီးတော့ ပြဋ္ဌာန်းမယ့် ကိစ္စကတော့ ဒီအပြင်အကြောင်းအရာတွေရော ၊ အကြောင်းအရာ ၄ ခုပါတာကိုး။ဒီအကြောင်းအရာ ၄ခုကို ပြဋ္ဌာန်းဖို့ ဆောင်ရွက်တယ်ဆိုတော့ ပညာရှင်တွေက ဘယ်လောက် အထိ ဆောင်ရွက်မလဲဆိုတာ ကျနော်တို့ဆက်ပြီးတော့ စောင့်ကြည့်လေ့လာဖို့ လိုပါတယ်။ အခုလို ဆောင်ရွက်တာ စောလား ၊နောက်ကျလားတော့မပြောချင်ဘူး။ သူတို့ထုတ်လာတဲ့ ဥပဒေကြမ်းအပေါ်မှာ ပါတဲ့အချက်တွေကို စောင့်ကြည့်ဦးမယ်။ ကျနော်တို့က လူ့အခွင့်အရေး ရှု့ထောင့်အရလိုအပ်တဲ့ကိစ္စတွေကို အကြံပြုသွားဖို့ရှိတယ်။
ဒေါ်စန္ဒာမင်း
ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရလောက်အောင် ကျမတို့ အမျိုးသမီးတွေက ကိုယ်ကျင့်တရား ပျက်နေလို့လား။ ကိုယ့် အမျိုးကိုယ် စောင့်ထိန်းရမယ်ဆိုတာမွေးရာပါစိတ်ထဲက သိပြီးသား။ လောကနီတိ ၊ အရွယ်ရောက်လာတဲ့ အသိစိတ်အရရော ကျမတို့က ဒါကို ဥပဒေတခုအနေနဲ့ ကျမတို့ ငယ်ငယ်လေးကတည်းက သိခဲ့တာ မဟုတ်ဘူး။ကိုယ့်အမျိုးကိုယ် စောင့်ထိန်းခြင်းဆိုတာ လောကနီတိအရ တတ်မြောက်လာတာပါ။ ဥပဒေပြဋ္ဌာန်း ရလောက်အောင် ကျမတို့ အမျိုးသမီးတွေက ဖြစ်နေလို့လားလို့ မေးချင်တယ်။
ကျမပြောချင်တာက ကျမလို အမျိုးသမီးလိုအတွက်ဆိုရင်တော့ ဒီမျိုးစောင့် ဥပဒေက မလိုအပ် ပါဘူး။ ကျမတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဘာသာရေးကို အသုံးချပြီးတော့ နိုင်ငံရေး မလုပ်ရဆိုတာ ပါတယ်။ ကျမတို့က ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်တဲ့အတွက် အခုအချိန်ကျမှ ကိုမျိုးချစ်တို့ ၊ မျိုးချစ်လူငယ်တို့ အမျိုးသားရေးတို့ ဗန်းပြပြီးတော့ ၁ ဒသမ ၃ သန်းသော ပြည်သူတွေရဲ့ မဲကို ယူတာလို့ ကျမထင်ပါတယ်။
ဦးရဲထွန်း
သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ
သမိုင်းကြောင်း အနေအထားအရကြည့်ရင် ကျနော်တို့နိုင်ငံက အစ္စလမ်ဘာသာရဲ့လွှမ်းမိုးမှုကို ခံနေရတဲ့ ရှေ့တန်းနိုင်ငံလို့ ပြောလို့ရတယ်။ မူလကအာဖဂန်နစ္စတန်မှာ ဗုဒ္ဓဘာသာ ထွန်းကားခဲ့တယ်။ နောက်မွတ်စလင်တွေ ရောက်လာပြီး လွှမ်းမိုးသွားတယ်။ နောက်ပိုင်း အိန္ဒိယကိုပါ ရောက်လာပြီး လွှမ်းမိုးလာတာမှာနောက်ပိုင်း သီဟိုဠ် ကျွန်းပါ ပါသွားတယ်။ အိန္ဒိယမှာ ဗုဒ္ဓဘာသာ မရှိသလောက်ဖြစ်သွားပြီ။
နောက်တချက်က မွတ်စလင်ရှိတဲ့ နေရာတိုင်းမှာ ပြဿနာလေးတွေရှိတယ်။ထိုင်းတောင်ပိုင်းမှာလည်း ဒီပြဿနာပဲ။ ဒီလိုကိစ္စလေးတွေကိုလည်းနားလည်ဖို့လိုတယ်။ လူ့အခွင့်အရေးအရ ကြည့်ရင်လည်း လူ့အခွင့်အရေးကြေညာစာတမ်းကို ရေးခဲ့တဲ့သူတွေက နယ်မြေသစ်ရှာပြီးအခြေချနေထိုင်ခဲ့တဲ့သူတွေ။ သူတို့က လွတ်လပ်စွာနယ်မြေရွှေ့ပြောင်းနိုင်ပြီး အခြေချနေထိုင်ခွင့် ဆိုတာမျိုးတွေပြောခဲ့တယ်။
လွတ်လပ်စွာ နိုင်ငံသား ခံယူခွင့် ရှိတယ်ဆိုတာမျိုးတွေကို ထည့်ခဲ့တယ်။လွတ်လပ်စွာ ပြောဆိုခွင့်တို့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် ၊ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့် ၊ လွတ်လပ်စွာ စည်းရုံးခွင့်တွေကျတော့တို့နိုင်ငံရဲ့ လိုလားတောင့်တချက်တွေနဲ့ကိုက်ပေမယ့် လွတ်လာစွာရွှေ့ပြောင်းနေထိုင်ခွင့်နဲ့ လွတ်လပ်စွာ နိုင်ငံသား ခံယူခွင့်တွေကတော့ကျနော်တို့ရဲ့ အကျိုးစီးပွားနဲ့ မကိုက်ဘူး။
လူ့အခွင့်အရေး ကြေညာစာတမ်းဆိုတာချည်းကို ကျနော်တို့ အကျိုးစီးပွားနဲ့ချိန်ပြီးတော့ပဲ လက်ခံသင့်တယ်။ လူ့အခွင့်အရေး ကြေညာစာတမ်းကြီး ထွက်လာတော့လက်မှတ်မထိုးတဲ့ နိုင်ငံတွေထဲမှာ အဲဒီမွတ်စလင် နိုင်ငံတွေ ထိပ်ဆုံးကပါတယ်။ ဘာကြောင့် မထိုးသလဲဆိုတော့ သူတို့ရဲ့ ဘာသာရေးမှာကိုကလူ့အခွင့်အရေးနဲ့ ဆန့်ကျင်တဲ့အချက်တွေနဲ့ ပြဋ္ဌာန်းထားလို့ပဲ။
သူတို့ဆီမှာ သူခိုးဆိုရင် ခိုးတဲ့လက်ကို ဖြတ်ရမယ်တို့။မျက်လုံးတလုံးဆိုရင် မျက်လုံးတလုံး အလျော်ပေးရမယ်တို့။ သူများယောကျာၤးနဲ့ ဖောက်ပြန်တဲ့ အမျိုးသမီးကို ခဲနဲ့ ပေါက်သတ်ရမယ် ဆိုတာတွေ ပြဋ္ဌာန်း ထားတဲ့နိုင်ငံမျိုးတွေက လူ့အခွင့်အရေး ကြေညာစာတမ်းကို လက်မှတ်မထိုးခဲ့ဘူး။
ဦးသန်းလွင်
ဒုတိယဥက္ကဋ္ဌ၊ ကမ္ဘောဇဘဏ်
ဒီကိစ္စတွေက ပြောရမှာတော့ သိပ်မကောင်းဘူး။ ဥပမာသန်းခေါင်စာရင်းကောက်တယ်ဆိုရင် အနောက်နိုင်ငံတွေမှာ ဘာသာတို့လူမျိုးတို့ မမေးဘူး။ ဘာသာဆိုတာက လွတ်လွတ်လပ်လပ်ပေါ့။ လွတ်လပ်စွာကိုးကွယ်ခွင့် ရှိတယ်။ တချို့ဆိုလည်း ဘာသာရှိကနေ ဘာသာမဲ့ဖြစ်သွားတဲ့သူတွေ ရှိတယ်။ အခုကိစ္စတွေက ဒီမိုကရေစီကျင့်စဉ်နဲ့ သဟဇာတ သိပ်မဖြစ်ဘူးလားလို့။
ဒီမှာကလည်း အနေအထားက အမျိုးမျိုး ဖြစ်နေတယ်။ဘေးနားမှာကလည်း အင်အားကြီး နိုင်ငံတွေရှိနေတော့ ဒါကလည်း စဉ်းစားသင့်တဲ့အချက်ပေါ့လေ။ အန်ကယ်ကတော့ သိပ်မဝေဖန်ချင်ဘူး။ တဘာသာနဲ့ တဘာသာ ပုတ်ခတ်သလိုဖြစ်မှာစိုးလို့။ဟိုးအရင်ခေတ်က ဦးသန့်တို့ဆိုရင် မင်္ဂလာဒုံလေဆိပ်မှာ တခါပြန်လာတုန်း ကသူ့အမေကြီးကိုယ်တိုင် လာကြိုတော့ လေဆိပ် ကြမ်းပြင်မှာတင် သူ့မိခင်ကိုထိုင်ရှစ်ခိုးတာ။ အဲဒီအကြောင်းက တကမ္ဘာလုံးပြန့်သွားတယ်လေ။ ဒါကဗုဒ္ဓဘာသာရဲ့ အစဉ်အလာပေါ့။ လူကြီးမိဘတွေကို အရိုအသေ ပေးတယ်။ မိဘကိုရိုသေတယ်ဆိုတာ ကမ္ဘာသိတယ်။ ဗုဒ္ဓဘာသာဆို အထင်ကြီးကြတယ်။ လေးစားကြတယ်။ အဲလိုရှိခဲ့တယ်။
အဲလိုအစဉ်အလာရှိထားရင် အခုလို မျိုးစောင့်ဥပဒေ၊ ဘာသာကာကွယ်ရေးဆိုတာလိုမလားပေါ့။ ဦးနုလို ၊ ဦးသန့်လို ပုဂ္ဂိုလ်မျိုးတွေ အများကြီးထွက်ခဲ့တာပဲ။ အဲဒီတုန်းကလည်း ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ဟာ ညှိးမသွားခဲ့ဘူး။ဗုဒ္ဓဘာသာတွေဟာ သဘောထားကြီးတယ်ဆိုတာ ပြခဲ့တယ်။
ဒေါ်ခင်လေး
Triangle Women Group တည်ထောင်သူ
မျိုးစောင့် ဥပဒေပဲ ပြောပြော သမ္မတ လွှတ်တော်ကို ပို့လိုက်တဲ့ ဥပဒေကြမ်း ၄ ခုက ကျမတို့ အမျိုးသမီးတွေနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။ သမ္မတအနေနဲ့က တိုင်းပြည်အတွက် တကယ်စေတနာပါပါနဲ့ လုပ်ချင်တာလည်း ဟုတ်ချင်ဟုတ်မှာပေါ့လေ။ ကျမတို့ အမျိုးသမီးတွေ ၊ အမျိုးသမီး အဖွဲ့အစည်းအနေနဲ့ကတော့ ဥပဒေ ပြဌာန်းပြီး ခွဲခြားဆက်ဆံလိုက်တာပဲလို့ အဲဒီလို ခံစားရတယ်။ ဒီအချိန်မှာ ဥပဒေတွေက သိပ်အရေးမကြီးသေးဘူးလို့ ထင်တယ်။ ဒီဥပဒေတွွေ လုပ်မယ့်အစား ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စတွေ လုပ်သင့်တယ်။ တခြား ငြိမ်းချမ်းရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေကို အဖြေတခု ထွက်လာတဲ့အထိ လုပ်သင့်တယ်။ အမျိုးသမီးတွေကို ကာကွယ်ချင်လို့ဆိုတဲ့ အကြောင်းပြပြီးတော့
နိုင်ငံရေး သဘောတရားတွေ ပါနေတယ်လို့ပဲ မြင်တယ်။ ကျမတို့ကတော့ နိုင်ငံရေး လှည့်ကွက်တွေလို့ပဲ သတ်မှတ်တယ်။
ဒီလို ဥပဒေမျိုး လုပ်မယ်ဆိုရင် သေချာစဉ်းစားပြီး လုပ်သင့်တယ်။ လုပ်မှ ရမယ်ဆိုရင်လည်း ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ အတွက်တင် မဟုတ်ဘဲနဲ့ ခရစ်ယန် ၊ မွတ်စလင်နဲ့ တခြားဘာသာဝင်တွေ အတွက်ပါ စဉ်းစားသင့်တယ်။ အဲဒီလို
အမျိုးသမီးတွေ အတွက်ပါ အကာအကွယ် မပေးဘဲနဲ့ ဗုဒ္ဓဘာသာတွေ အတွက်ပါ သီးသန့် ဆိုရင်တော့ ဒီမျိုးစောင့် ဥပဒေကြီးက လုံးဝတဖက်သန် ဆန်တယ်လို့ပဲ ပြောချင်တယ်။
ဒီလို ကိစ္စမျိုးက ဥပဒေပြဋ္ဌာန်းပြီးမှ မျိုးစောင့် ခိုင်းစရာ မလိုပါဘူး။ ကိုယ့်ရင်ထဲ အသည်းထဲက ဗုဒ္ဓဘာသာကို တကယ်ယုံကြည်တယ်ဆိုရင် ဘာမှ လာဖျက်လို့ မရပါဘူး။ နိုင်ငံရေး လုပ်တဲ့အခါမှာ ထောင်ထဲမှာ ညှင်းပန်းနှိပ်စက် ခံရပေမယ့် စိတ်ဓါတ်လုံး၀ ကျမသွားပါဘူး။ ကိုယ့်ယုံကြည်ချက်တခု ရှိတဲ့အတွက်ပါ။ ဘယ်ဘာသာကိုမှ မျက်စိမှိတ် ယုံတာမျိုးမဟုတ်ဘဲနဲ့ လေးလေးနက်နက် ယုံကြည်မှု ရှိအောင်လုပ်ဖို့က ဘာသာရေး ခေါင်းဆောင်တိုင်းမှာ တာဝန်ရှိတယ်။ ဥပဒေကြီးထုတ်ပြီး အတင်းလိုက်လုပ်ခိုင်းစရာ မလိုပါဘူး။