Development

မီတာခ တိုးကောက်ရန် လွှတ်တော်တွင် အတည်ပြုချက် ယူမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လျှပ်စစ် မီတာနှုန်းထားများကို လာမည့် ဧပြီလ ၁ ရက်နေ့မှ စတင်၍ တိုးမြှင့်ကောက်ခံရန် လွှတ်တော်သို့ တင်ပြမည် ဖြစ်ကြောင်း သိရသည်။

လျှပ်စစ် ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတဝန်းသို့ ဖြန့်ဖြူးပေးနေသည့် လျှပ်စစ်ဓာတ်အား သုံးစွဲမှုအတွက် ကျပ်ငွေ ဘီလီယံ ၂၈၀ ကျော် လိုငွေပြနေကြောင်း၊ ထို့ကြောင့် လိုငွေပြမှု လျော့ချရန် မီတာခ နှုန်းများ တိုးမြှင့်ကောက်ခံရမည် ဖြစ်သည့်အတွက် လွှတ်တော်မှ တဆင့်ပြည်သူများထံ တင်ပြခြင်း ဖြစ်ကြောင်း မတ်လ ၁၇ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်၌ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်စိုးက ရှင်းလင်း တင်ပြခဲ့သည်။

မီတာနှုန်း တိုးမြှင့်ကောက်ခံရာတွင် အိမ်သုံး တယူနစ်မှ ယူနစ် ၁၀၀ အထိကို ၃၅ ကျပ်နှုန်း၊ ၁၀၁ မှ ၂၀၀ အထိကို ၄၀ ကျပ်၊ ၂၀၁ ယူနစ်နှင့် အထက်ကို ၅၀ ကျပ်၊ စီးပွားရေး လုပ်ငန်းများအတွက် သုံးစွဲမှုအတွက် ၁ ယူနစ်မှ ၅၀၀ အထိကို ၇၅ ကျပ်နှုန်း စသည်ဖြင့် သတ်မှတ် ကောက်ခံမည်ဟု ဝန်ကြီး ဦးခင်မောင်စိုးက တင်ပြခဲ့သည်။

၎င်းက “အဲဒီနှုန်းထားအတိုင်း တိုးကောက်နိုင်မယ်ဆိုရင် နိုင်ငံတော်က  ၁၂ ဘီလီယံသာ စိုက်ထုတ် သုံးစွဲရတော့မှာ ဖြစ်ပါ တယ်” ဟု ဆိုသည်။

နိုင်ငံတော် အစိုးရ၏ မီတာနှုန်းထား တိုးကောက်မည့် အစီအစဉ်ကို လွှတ်တော် ကိုယ်စားလှယ် အများစုက ထောက်ခံ ဆွေးနွေးကြကာ သဘောတူညီခဲ့ကြကြောင်း၊ မတ်လ ၁၉ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက် ရယူမည် ဖြစ်ကြောင်း၊ အတည်ပြုပြီးပါက ၂၀၁၄-၂၁၀၅ ဘဏ္ဍာရေးနှစ် စတင်မည့် ဧပြီလ ၁ ရက်နေ့မှ စတင် ကောက်ခံမည်ဟု သိရသည်။

မီတာနှုန်းထား တိုးကောက်မည့် အစီအစဉ်အား ပါဝင်ဆွေးနွေးခဲ့သူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ဧရာဝတီကို ပြောရာတွင် “အခု တိုးကောက်မယ့် မီတာနှုန်းထားက ယူနစ် ၁၀၀ အောက် သုံးသူတွေအတွက် ဘာမှ မ ပြောင်းလဲဘူး၊ ၁၀၀ အထက် သုံးသူတွေနဲ့ လုပ်ငန်းရှင်တွေ အတွက်လောက်ပဲ အခက်အခဲ ဖြစ်နိုင်တယ်၊ နောက် ဘတ်ဂျက် လိုငွေပြမှုလည်း လျော့သွားတာပေါ့” ဟု ဆိုသည်။

နှုန်းထား တိုးမြှင့်ကောက်ခံရာတွင် သိသာသည့် တိုးမြှင့်ခြင်းမဟုတ်ဘဲ တယူနစ်လျှင် ၅ ကျပ်ခန့်သာ တိုးခြင်း ဖြစ်၍ သင့်တင့်သော နှုန်းထားဟု ယူဆပြီး ကိုယ်စားလှယ် အများစုက သဘောတူခြင်းဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ပြောသည်။

“ယူနစ် ၂၀၀ သုံးတဲ့သူဆိုတာက ပိုက်ဆံရှိတဲ့သူတွေ အနည်းစုပဲရှိမယ်။ သာမန်လူတွေ၊ မိသားစုတွေ အနေနဲ့က ယူနစ် ၁၀၀ သုံးဖို့က မလွယ်ဘူး။ ဒါကြောင့် အများကြီးတော့ မသိသာဘူး။ မီးမရ ဒေသတွေအတွက်လည်း ဘာမှ အကျိုးသက်ရောက်မှု မရှိဘူး” ဟု ၎င်းက ဆိုသည်။

ထို့အတူ ပြည်နယ်နှင့် တိုင်းဒေသများတွင် ဒေသ တခုနှင့်တခုအကြား မီတာနှုန်းထား ကောက်ခံမှု ကွာဟာချက်ကို တပြေးညီ ဖြစ်အောင် ဆောင်ရွက်ပေးရေး တို့ကိုလည်း ကိုယ်စားလှယ်များ က ပါဝင်ဆွေးနွေးခဲ့ကြကြောင်း၊ ရန်ကုန်နှင့် မန္တလေး မှအပ တခြား ပြည်နယ်၊ တိုင်းဒေသများတွင် ကျပ် ၄၅၀၊ ၅၀၀ နှင့်အထက်စီ ပေးသုံးနေကြရကြောင်း ဒေါ်ခင်စေဝေက ပြောသည်။

ရန်ကုန်နှင့် မန္တလေးမှ အပ တခြားမြို့အများစုတွင် အစိုးရ ဌာနကပေးသည့် လျှပ်စစ်မီးကို တရက်လျှင် ၂ နာရီမှ ၅ နာရီ  ဝန်းကျင်သာ ရရှိသည့်အတွက် ပုဂ္ဂလိက ပေးသည့် လျှပ်စစ်ကိုသာ ဈေးကြီးပေး၍ သုံးစွဲနေကြရခြင်းလည်း ဖြစ်သည်။

မီတာ တိုးကောက်ခံခြင်းသည် သုံးစွဲမှု ယူနစ်နည်းသည့် အိမ်ထောင်စုများအတွက် အဓိက မကျသော်လည်း၊ မီတာ သုံးစွဲမှု များသည့် တနိုင်တပိုင် လုပ်ငန်းများ၊ အိမ်ထောင်စုများ၊ ဝန်ထမ်း မိသားစုများ အတွက် အခက်အခဲတချို့ ဖြစ်လာနိုင်ကြောင်း ရန်ကုန် မြို့ခံ တချို့က ဧရာဝတီသ့ို ပြောသည်။

“မီတာခ တိုးကောက်ရင် ကျန်တဲ့ ကုန်ပစ္စည်းတွေပါ ဈေးတက်လာမှာကို စိုးရိမ်တယ်လေ၊ ဘာဖြစ်လို့လည်း လျှပ်စစ်သုံးမှ ရတဲ့ ပစ္စည်းတွေက မီတာခ တက်တာကို အကြောင်းပြပြီး ဈေးနှုန်း တင်လေ့ရှိကြတယ်။ ဝင်ငွေနည်းတဲ့ ဝန်ထမ်း မိသားစုတွေ အတွက်လည်း နည်းနည်းတော့ ရိုက်ခတ်နိုင်တယ်” ဟု ရန်ကုန် မြို့ခံတဦးက ဧရာဝတီကို ပြောသည်။

မီတာနှုန်းထား တိုးမြှင့်ကောက်ခံမှုကို ပြီးခဲ့သည့်နှစ် အတွင်းကလည်း လုပ်ဆောင်ခဲ့ခြင်းကြောင့် မီတာခ လျော့ချရေး အရေးကြီး အဆိုတရပ်ကို လွှတ်တော်၌ တင်သွင်း၍ ကန့်ကွက်ခဲ့ရာ အစိုးရ ပြန်လည် ရုပ်သိမ်းပေးခဲ့ရသည်။ မီတာခ တိုးမြှင့် ကောက်ခံမည် ဆိုပါက အစိုးရအနေဖြင့် လွှတ်တော်သို့ တင်ပြရန် လိုအပ်ကြောင်းလည်း လွှတ်တော်က သတိပေးခဲ့သေးသည်။ လက်ရှိတွင် အိမ်သုံးမီတာ တယူနစ်လျှင် ၃၅ ကျပ်နှုန်း ကောက်ခံနေကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading