ရွေးကောက်ပွဲများနှင့် မဲပေးမှု လုပ်ထုံးလုပ်နည်းများ ရေးဆွဲရာတွင် မသန်စွမ်းသူများ၏ လိုအပ်ချက်နှင့် အခက်အခဲများကို ထည့်သွင်း ပြင်ဆင်ရန်နှင့် လိုအပ်သော ဝန်ဆောင်မှုများ ပံ့ပိုးပေးရန် အချက် ၁၂ ချက် ပါဝင်သော တောင်းဆိုချက်ကို မြန်မာနိုင်ငံ မသန်စွမ်း အမျိုးသမီးများ အသင်းက ယနေ့ ထုတ်ပြန် လိုက်သည်။
မြန်မာနိုင်ငံ မသန်စွမ်း အမျိုးသမီးများ အသင်းက ဦးဆောင် စီစဉ်သည့် “အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့် အဆင့်အတန်း ကို မြှင့်တင်ခြင်းဖြင့် ဖွံ့ဖြိုးမှုဆီ လျှောက်လှမ်းကြပါစို့” ဆွေးနွေးပွဲကို ရန်ကုန်မြို့ မြန်မာ ကွန်ဗင်းရှင်းစင်တာ၌ ယခုလ ၁၅ ရက် နှင့် ၁၆ ရက် တို့တွင် ပြုလုပ်ခဲ့ပြီး ရရှိလာသည့် အချက်များ အပေါ် အခြေခံ၍ တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ထုတ်ပြန် ကြေညာချက်ပါ အချက်များကို လူမှုဝန်ထမ်း ဦးစီးဌာန၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ၊ ပြည် သူ့ လွှတ်တော် လူမှုဖွံ့ဖြိုးရေး ကော်မတီ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် INGO များ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများသို့ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ အစိုးရသည် ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာ စာချုပ်ပါ အချက်များကို သဘောတူ လက်မှတ်ရေး ထိုးထားသော်လည်း လက်တွေ့ အကောင်အထည် ဖော်ရန် လိုအပ်ချက်များနှင့် ပတ်သက်ပြီး အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက် လာသည့် နယ်ပယ်စုံမှ အမျိုးသမီး ၃၀၇ ဦးနှင့် အမျိုးသား ၉၉ ဦးတို့က ဆွေးနွေး ခဲ့ကြသည်။
မသန်စွမ်း သူများအပေါ် ခွဲခြား ဖိနှိပ်မှုများနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း အပါအဝင် အကြမ်းဖက်မှုများမှ ကာကွယ်ပေးမည့် ဥပဒေများ လိုအပ်နေပြီး ယင်းဥပဒေများကို ထိရောက်စွာ အကောင်အထည် ဖော်မည့် မူဝါဒများနှင့် လုပ်ငန်း ယန္တရားများ လိုအပ်နေကြောင်း ဆွေးနွေးပွဲ တက်ရောက်ကြသူများက ပြောဆိုသည်။
“မသန်စွမ်း အမျိုးသမီးတွေလည်း အရည်အချင်းတွေ၊ အစွမ်းအစတွေ ရှိပါတယ်၊ ဒါပေမယ့် လက်တွဲခေါ်မယ့်သူမရှိလို့၊ အမျိုးသမီး ဘဝ လုံခြုံရေးတွေမှာ မသန်စွမ်း အမျိုးသမီးတွေကို မချန်ထားခဲ့ပါနဲ့၊ အဲဒီလို ပါဝင်လာနိုင်ဖို့က အမျိုးသားတွေရဲ့ အကူ အညီတွေလည်း လိုအပ်ပါတယ်”ဟု မြန်မာနိုင်ငံ မသန်စွမ်း အမျိုးသမီးများ အသင်း ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အေးမောင်က ပြော သည်။
မသန်စွမ်းသူများသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ မူဝါဒများနှင့် ကွဲလွဲစွာ ဆက်ဆံခံ နေရပြီး ပဋိပက္ခ ဖြစ်ပွားနေသော ဒေသများရှိ မသန်စွမ်းသူများတွင် အထူးသဖြင့် အမျိုးသမီးများ၏ လူမှုဘဝ အခြေအနေများက ပိုမို ဆိုးရွားနေပြီး စိတ် ဒဏ်ရာများ ခံစားနေရကြောင်း ဆွေးနွေးပွဲ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒု ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က “အမျိုးသမီးတွေ တန်းတူ ပါဝင်မှုက စိန်ခေါ်မှု ဖြစ်နေ တယ်၊ အမျိုးသမီး ဖြစ်ရတာနဲ့ မသန်စွမ်း ဖြစ်ရတာတွေကြောင့် ခွဲခြား နှိမ်ချ ဆက်ဆံခံနေရတာလည်း ရှိတယ်၊ ကျနော်တို့မှာ မသန်စွမ်း အမျိုးသမီးတွေ အတွက် သီးခြား လုပ်ဆောင်မှုတွေ မရှိသေးဘူး၊ အဲဒီကိစ္စကို အမျိုးသမီးများ အကြမ်းဖက်မှု ကာကွယ်ရေး ဥပဒေမှာ ထည့်ဆွဲ သွားမယ်”ဟု ယင်းဆွေးနွေးပွဲတွင် ပြောကြားသည်။
ယင်းဆွေးနွေးပွဲမှထွက်လာသည့် အကြံပြုချက်များ၊ တောင်းဆိုသည့် လိုအပ်ချက်များသည် အစိုးရက တာဝန်ယူ ဆောင်ရွက် ပေးမည်ဟု လက်မှတ် ရေးထိုးထားသည့် အချက်များ ဖြစ်နေကြောင်း တက်ရောက်လာသူ တချိူ့က ပြောသည်။
အဆိုပါ ဆွေးနွေးပွဲတွင် လူ့အခွင့်အရေးနှင့် မသန်စွမ်းသူများ အခွင့်အရေး၊ မသန်စွမ်းသူများ အတွက် လူထု အခြေပြု ဖွံ့ဖြိုးရေး နည်းဗျူဟာ၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး ကဏ္ဍများတွင် မသန်စွမ်း အမျိုးသမီးများ၊ အမျိုးသားများကို ထည့်သွင်း ပါဝင်စေခြင်း အပါအဝင် အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့် လက်ရှိ ဖွံ့ဖြိုးရေးဦးတည်ရာ လမ်းကြောင်း၊ ဝန်ဆောင် မှုများအား လက်လှမ်းမီမှု အခြေအနေများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ကာကွယ်တုံ့ပြန်မှု ယန္တရားများနှင့် အားလုံး ပါဝင်နိုင်သော ဖွံ့ဖြိုးရေး မြှင့်တင်ခြင်း နည်းလမ်းများကို တက်ရောက်သူများမှ မေးခွန်း မေးမြန်းခြင်း စသည့် ခေါင်း စဉ် အသီးသီးဖြင့် ဆွေးနွေးခဲ့ကြသည်။
ယင်းဆွေးနွေးပွဲ ဆုံးဖြတ်ချက်များ အရ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၃-၂၀၂၂) ပါ လုပ်ငန်းစဉ်များနှင့်အညီ အကောင်အထည် ဖော်လာစေရန်လည်း ဆက်လက် စည်းရုံး လှုံ့ဆော်သွားမည် ဖြစ်ကြောင်း သိရသည်။