မြန်မာနိုင်ငံတွင်း ဖြန့်ချိရောင်းချနေသော ထိုင်းနိုင်ငံထုတ် ဒီးဒို(DeeDo)အချိုရည်၌ စားသုံးရန်မသင့်သည့် မှိုပါဝင်သည်ဟူသော မြန်မာနိုင်ငံ စားသုံးသူ ကြိုတင် ကာကွယ်ရေး အသင်း၏ စစ်ဆေးတွေ့ရှိချက်နှင့် ပတ်သက်ပြီး ယနေ့ ရန်ကုန်မြို့ M3 စားသောက် ဆိုင် တွင် ဒီးဒိုက သတင်းမီဒီယာများနှင့် တွေ့ဆုံ ရှင်းလင်းမှု ပြုလုပ်သည်။
စားသုံးရန်မသင့်သည့် မှိုပါဝင်ခြင်းသည် ထုတ်လုပ်မှု အပိုင်းကြောင့် မဟုတ်ဘဲ ဖြန့်ချိရေး လုပ်ငန်းများကြောင့်သာ ဖြစ်နိုင်ကြောင်း ယင်းအချိုရည် ထုတ်လုပ်ရေး က သတင်းမီဒီယာများကို အသိပေးပြောကြားသည်။
ရှင်းလင်းပွဲတွင် ဒီးဒိုအချိုရည်ထုတ်လုပ်ရေး Foodstar ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ Miss Chantra Pongsri က “ဒီကိစ္စ ကြားကြားချင်းမှာ ကျမ အရမ်းအံ့သြမိတယ်၊ ကျမတို့ ကုမ္ပဏီ ထုတ်လုပ်မှု အဆင့်ဆင့်ရဲ့ ထုတ်လုပ်မှုကြောင့် ပါဝင်တဲ့ မှိုလုံးဝမဖြစ်နိုင်ပါဘူး၊ တခုပဲ ဖြစ်ဖို့ အလားအလာရှိတယ်၊ ပို့ဆောင်မှုပိုင်းမှာ အချိန်အကွာအဟကြောင့်ပဲ ဖြစ်နိုင်ချေများပါတယ်၊ အခုလည်း မှိုပါတယ် ပြောတယ်၊ ကျမ မတွေ့ရသေးပါဘူး၊ ဒါကြောင့် အချိုရည်ထဲမှာ တကယ်ပါဝင်တာ ဟုတ် မဟုတ်က မြန်မာနိုင်ငံက FDA (အစားအစာနဲ့ ဆေးဝါး ကွပ်ကဲရေး ဌာန)နဲ့ တွေ့ဆုံသွားဖို့ ရှိပါတယ်”ဟု ပြောဆိုသည်။
ဒီးဒိုအချိုရည်သည် Foodstar ကုမ္ပဏီ၏ နှစ်ပေါင်း ၂၀ ကျော်ကြာ ထုတ်လုပ်ရောင်းချခဲ့သည့် ထုတ်ကုန်တခုဖြစ်ပြီး နိုင်ငံပေါင်း ၂၀ ကျော်ကိုလည်း လက်ရှိ တင်ပို့ရောင်းချနေကြောင်း မန်နေးဂျင်း ဒါရိုက်တာ က ပြောသည်။
ယခုစားသုံးရန် မသင့်ဟု ထုတ်ပြန်ထားသည့် ဒီးဒို အချိုရည်သည် မြန်မာနိုင်ငံ ပြည်တွင်းဈေးကွက်တွင် ဖြန့်ချိရောင်းချနေသည်မှာ ငါးနှစ်ခန့်ရှိပြီ ဖြစ်ပြီး မြန်မာနိုင်ငံ FDA အသိအမှတ်ပြုလက်မှတ်လည်း ရရှိထားကြောင်း သိရသည်။ လက်ရှိအချိန် အထိလည်း ဈေးကွက်တွင် အရောင်းရဆုံး အချိုရည်စာရင်းတွင် ပါဝင်နေကြောင်း ဈေးကွက်မှ စုံစမ်းသိရှိရသည်။
ယင်းအချိုရည်နှင့် ပတ်သက်၍ ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့တွင် မြန်မာနိုင်ငံ စားသုံးသူကြိုတင်ကာကွယ်ရေး အသင်း၏ စစ်ဆေး မှုကြောင့် အချိုရည် တလီတာတွင် စားသုံးရန် မသင့်သည့် မှို ခြောက်သိန်းကျော် ပါဝင်နေကြောင်း မီဒီယာများသို့ အသိပေးရှင်း လင်းခဲ့သည်။
အစိုးရအသိအမှတ်ပြု သမဝါယမ ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာနိုင်ငံ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ ဓာတ်ခွဲခန်းတွင် စစ်ဆေးတွေ့ရှိချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကြိုတင်ကာကွယ်ရေး အသင်းဥက္ကဌ ဦးဗအုပ်ခိုင်က ပြောသည်။
“ဓာတ်ခွဲခန်းက စားသုံးလို့ မသင့်တဲ့ မှိုတွေ့တယ်လို့ပဲ ပြောတယ်၊ ဘာမှိုအမျိုးအစားလို့ မပြောဘူး၊ စားသုံးရန်မသင့်ဘူး ဆိုက တည်း က လူကို ထိခိုက်စေတာပဲပေါ့၊ ဒါကြောင့် ဓာတ်ခွဲခန်းက ပြောတဲ့အတိုင်းပဲ ကျနော်တို့ စားသုံးသူတွေ သိအောင် ထုတ်ပြန် လိုက်တဲ့ သဘောပါ”ဟု ဦးဗအုပ်ခိုင်က ဆိုသည်။
စားသုံးသူများမှ ဈေးကွက်တွင်း ဝယ်ယူရာတွင် အချိုရည်ဘူးအတွင်းမှ ဓာတုအနံ့များ ရသည်ဟု ဆိုပြီး မြန်မာနိုင်ငံ စားသုံးသူကြိုတင် ကာကွယ်ရေးအသင်းကို စစ်ဆေးပေးရန် ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မှိုပါသည်ဟု စစ်ဆေးတွေ့ရှိရသည့် အချိုရည်ပုလင်းသည် ကီဝီသီး ဖျော်ရည် အစိမ်းရောင်ဘူးဖြစ်ပြီး အရောင်အဆင်းမှာ သိပ်ပြောင်းလဲခြင်း မရှိသော်လည်း အနံ့မှာ သောက်သုံးရန် ခက်ခဲသည့် ဓာတုဗေဒအနံ့မျိုး ရရှိကြောင်း ဦးဗအုပ်ခိုင်က ပြန်ရှင်းပြသည်။
ယင်းမှိုပါဝင်သည့် အချိုရည်များ သောက်သုံးမိပါက စားသုံးသူများအနေဖြင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်နိုင်ပြီး များများသောက်သုံးလျှင် အူမကြီး ကင်ဆာအထိပါ ဖြစ်ပွားနိုင်ကြောင်းကိုလည်း ဦးဗအုပ်ခိုင်က ဆိုသည်။