နေပြည်တော်ကို မြို့တော်အဖြစ် ပြောင်းရွှေ့ရုံးစိုက်ခြင်းအတွက် မဟာဗျူဟာ အကြောင်းပြချက်တွေ ပေးခဲ့ပေမယ့် မြန်မာပြည်သူအချို့ကတော့ သူ့ရဲ့ ဗေဒင်ဆရာကအကြံပေးခဲ့လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြို့သစ်တည်ခဲ့တယ်လို့ ပြောနေကြတုန်းပဲ။ ဗေဒင်ဆရာက သူနဲ့ ဒေါ်ကြိုင်ကြိုင်ကို ကပ်ဘေးတခု ရောက် မလာခင် မြို့တော်ရွှေ့ပြောင်းဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုတယ်။ အဲဒီကပ်ဘေးက၂၀ဝ၈ ခုနှစ် နာဂစ်မုန်တိုင်း ဒါမှမဟုတ် ၂၀ဝ၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး တခုခုကိုဆိုလိုတာဖြစ်မယ်လို့လည်း ယူဆနိုင်ပါတယ်။ ဒီသတင်းတွေ ဘယ်လောက်အတိုင်းအတာအထိ မှန်ကန်မယ်ဆိုတာကိုတော့ ဘယ်သူမှ မသိပါဘူး။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒေါ်ကြိုင်ကြိုင်က နက္ခတ်၊ ဗေဒင်နဲ့ တခြားသော လျှို့ဝှက်ဆန်းပြားတဲ့ လောကီပညာ ရပ်တွေကို အလွန်ယုံကြည် အားကိုးတယ်ဆိုတာကတော့ မြန်မာနိုင်ငံမှာ လူတိုင်းသိကြတဲ့အချက်တခုပါ။
ဥပမာပြရင် နေပြည်တော် လွှတ်တော်ဝင်းအတွင်း မှာ အဆောက်အဦ ၃၁ ခု တည်ဆောက်ခဲ့တာဟာ ဗုဒ္ဓ ဘာသာ ယုံကြည်မှုမှာပါဝင်တဲ့ ၃၁ ဘုံကို ရည် ညွှန်းတာ ဖြစ်ပါတယ်။ ထို့နည်းတူပဲ စစ်အစိုးရက မြို့တော် ပြောင်းရွှေ့တာကို နှစ်တနှစ်ရဲ့ ၁၁ လ မြောက်လဖြစ်တဲ့ နိုဝင်ဘာလမှာ ပြုလုပ်ခဲ့ပါတယ်။ ၁၁ ဂဏန်းဟာ စစ်အစိုးရအသိုင်းအဝိုင်းမှာ အတော် လေး ရေပန်းစားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဗုဒ္ဓဘာသာ သက်ဝင် ယုံကြည်မှုအရ ကိလေသာ စွဲလမ်းမှုကြောင့် ရာဂ၊ ဒေါသ၊ မောဟ၊ ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါ ယာသ စတဲ့ မီး ၁၁ မီးတွေလောင်ကျွမ်းရပါတယ်။
လွှတ်တော် အဆောက်အဦသစ်၊ အစိုးရဝန်ကြီး ဌာန ရုံးတွေနဲ့ စစ်ရုံးချုပ်ကိုတည်ဆောက်ပြီးတဲ့နောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နေပြည်တော်မှာ ရန်ကုန် က ရွှေတိဂုံစေတီနဲ့ ပုံစံတူဖြစ် စေတီတဆူကိုလည်း တည်တယ်။ အဲဒီစေတီရဲ့ ဉာဏ်တော် ၃၂၄ ပေ မြင့်ပြီး ရွှေပြားသင်္ကန်းအပြည့် ကပ်ထားပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ မိသားစုက စေတီမှာ ဌာပနာဖို့အတွက် တရုတ်နိုင်ငံကရောက်လာတဲ့ ဗုဒ္ဓရဲ့ စွယ်တော်ကို လှူဒါန်းခဲ့တဲ့အကြောင်း အစိုးရပိုင် မြန်မာ့အလင်းသတင်းစာက ဖော်ပြခဲ့တယ်။ စေတီ ကိုလည်း ငြိမ်းချမ်းရေးစေတီလို့ အဓိပ္ပာယ်ရတဲ့ ဥပ္ပါတသနိ္တစေတီတော်လို့ အမည်တွင်စေခဲ့တယ်။ ဥပ္ပါတသနိ္တဆိုတာ ၁၆ ရာစုနှစ် အစောပိုင်းလောက်က ရဟန်းတော်တပါး ရေးသားခဲ့တဲ့ ၂၇၁ ဂါထာပါတဲ့ ကျမ်းတစောင်ရဲ့ အမည်ဖြစ် ပြီးတော့ ပဋိပက္ခဖြစ်ပွား တဲ့ ကာလတွေမှာ အထူးသဖြင့် နိုင်ငံရပ်ခြားက ကျူး ကျော်တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ အကာအကွယ်အဖြစ် ရွတ်ဆိုနိုင်ကြဖို့အတွက် ရည်ရွယ် ရေးသားပြုစုခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဘုရားအသစ်တွေ တည်၊ အဟောင်းတွေကို ပြင်ဆင်မွမ်းမံတဲ့ အစီ အမံဟာ ကုသိုလ်ရစေဖို့နဲ့ ၂၀ဝ၇ ခုနှစ် စက်တင်ဘာ လက သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင် လှုပ်ရှားမှုကို သူ့ရဲ့ အမိန့်နဲ့ ကြမ်းတမ်းရက်စက်စွာ ဖြိုခွဲခဲ့တဲ့ အပြစ်တွေကနေကင်းလွတ်နိုင်ဖို့လုပ်ဆောင် နေတာဖြစ်တယ်လို့ အများကယူဆကြတယ်။ ဘုရား စေတီတွေရဲ့ တန်ခိုးက သူ့ရဲ့ ရာထူးအာဏာကို ကာကွယ်ပေးနိုင်မယ် လို့လည်း သူက ယုံကြည်တယ်။
ရွှေတိဂုံ စေတီမှာ အလေးအမြတ် ထားကြတဲ့ နေရာတွေထဲက တခုကတော့ အောင်မြေဖြစ်တယ်။ လူအမြောက်အများ အဲဒီနေရာကို သွားရောက်ပြီး အောင်မြင်ဖို့၊ ကံကောင်းဖို့ ဘုရားရှိခိုး ဆုတောင်းကြ တယ်။ ရှေးဘုရင်တွေ ခေတ်က ဘုရင်တွေ၊ မင်းညီ မင်းသားတွေ၊ စစ်သူကြီးတွေ စစ်မထွက်ခင် စစ်အောင်နိုင်ရေး အတွက် လာရောက်ဆုတောင်းကြတဲ့ နေရာလည်း ဖြစ်တယ်။ ၂၀ဝ၇ ခုနှစ်တုန်းက လမ်း ပေါ်က လက်နက်မဲ့ ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်းဖို့ မသွားခင် စစ်သားတွေနဲ့ အရာရှိတွေ အောင်မြေ ကိုသွားပြီး သူတို့ရဲ့ လှံစွပ်တပ် ရိုင်ဖယ်သေနတ်တွေနဲ့ ကြမ်းပြင်ကို ထိုးညွှန်ပြီး “အောင်ပြီ” လို့ ကြွေးကြော်ခဲ့ကြတယ်လို့ မြန်မာအစိုးရ အတိုက်အခံတွေက ပြော ကြတယ်။
၂၀ဝ၇ ခုနှစ် တဝိုက်လောက်မှာပဲ စစ်အစိုးရက မြန်မာပြည်သူအားလုံးကို ကြက်ဆူပင် စိုက်ကြဖို့ အမိန့်ထုတ်လိုက်ပါတယ်။ ကြက်ဆူကို ဖယောင်း တိုင်၊ ဆပ်ပြာနဲ့ ဇီဝဒီဇယ် ထုတ်လုပ်တဲ့ နေရာမှာ သာ အသုံးပြုနိုင်ပြီးတော့ စီးပွားဖြစ်လုပ်ဖို့ အကန့် အသတ် ရှိတယ်။ မြို့ပြမှာနေထိုင်တဲ့ သူတွေကို တောင်မှ စိုက်ခိုင်းတဲ့အတွက် သူတို့ရဲ့အိမ်နောက်ဖေး ကွက်လပ်တွေ၊ ဝရန်တာတွေမှာ စိုက်ခဲ့ကြရပါတယ်။ ပြည်သူတွေကို ကြက်ဆူပင်စိုက်ခိုင်းရတဲ့ အကြောင်း ရင်း အစစ်အမှန်ကတော့ နောက်ပိုင်းမှာ ရှင်းရှင်း လင်းလင်း ဖြစ်လာပါတယ်။ မြန်မာဘာသာနဲ့ “ကြက်ဆူ”ဆိုတာ ဗေဒင်ပညာအလိုအရ “တနင်္လာ- အင်္ဂါ” ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည် ဖြစ်တဲ့ “စုကြည်” ဆိုတာကတော့ “အင်္ဂါ-တနင်္လာ” ဖြစ်ပါတယ်။
သိပ်မကြာခင်မှာပဲ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဩဇာအရှိန်အဝါ ပျက်ပြယ်သွားစေဖို့အတွက် ဗိုလ်ချုပ် မှူးကြီးသန်းရွှေက သူ့ရဲ့ ဗေဒင်ပညာရှင်တွေ အကြံပေးချက်အတိုင်း တိုင်းပြည်အနှံ့ ကြက်ဆူပင် တွေစိုက်ဖို့ စီစဉ်ခဲ့တာဖြစ်တယ်လို့ ကောလာဟလ တွေ ထွက်ပေါ်လာတယ်။ အဲဒီနှစ်ထဲမှာပဲ အာဏာ ပိုင်တွေက ပဲခူးတိုင်းက လယ်သမားတွေကို နေကြာ စိုက်ဖို့ အတင်းအကျပ် စေခိုင်းခဲ့ပါတယ်။ နေကြာ ဆိုတာ ကြာကြာ နေတယ်လို့ အဓိပ္ပာယ်ရတယ်။ တနည်းပြောရရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ရဲ့ အာဏာသက်ရှည်ကြာဖို့ အတွက် ဆန်စပါးစိုက်ပျိုးတဲ့ ပြည်သူတွေ နေကြာစေ့စားပြီး အသက်ဆက်ရမယ့် အခြေအနေ ရောက်သွားမယ် ဆိုရင်တောင် စိုက်ပျိုးသီးနှံပြောင်းဖို့ အတင်းဖိအားပေးပြီး ဗေဒင်ဆရာရဲ့ အကြံပေးချက်အတိုင်း လုပ်မယ့် အနေအထားမျိုးပါပဲ။
တကယ်တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တယောက်တည်း အလုပ်ကိစ္စမှာ လျှို့ဝှက်ဆန်းကြယ် ပညာရပ်တွေ အသုံးပြုတာ မဟုတ်ပါဘူး။ ဗိုလ်ချုပ် အများစုဟာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်တဲ့ နေရာမှာ ဗေဒင်ဆရာတွေ၊ ဘုန်းတော်ကြီးတွေ၊ ပရောဟိတ်တွေရဲ့ အကြံဉာဏ်ကို မှန်မှန် ရယူလေ့ရှိကြတယ် လို့ လူသိများပါတယ်။ တိုင်းပြည်ရဲ့ ပြဿနာတွေကို ဒီလိုရိုးရာနည်းလမ်းနဲ့ ဖြေရှင်းရတာကို သူတို့သဘောကျ ကြတယ်။ ဦးနေဝင်း ဟာလည်း ဗေဒင်ဆရာရဲ့ အကြံပေးချက်အရ လေ ယာဉ်ပျံပေါ်မှာ သစ်သားမြင်းရုပ်ကို ခွစီးပြီး သူမွေး ဖွားရာ နေရာကို ၉ ပတ် ပတ်ခဲ့ဖူးတယ်လို့ ဆိုကြ တယ်။ ၄၅ ကျပ်နဲ့ ၉၀ ကျပ်တန် ငွေစက္ကူတွေလည်း ထုတ်ဝေခဲ့တယ်။
ဗိုလ်ချုပ်ကြီး ခင်ညွန့်ကလည်း အမျိုးသမီး အဝတ်အစားတွေ ဝတ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တူအောင် ပန်းပန်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါကို လျှော့ချနိုင်ဖို့အတွက် ယတြာချေခဲ့ တယ်လို့ သိရတယ်။ ဒီလို ပညာရပ်တွေရဲ့ အစွမ်းကို အလေးထားယုံကြည်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဦးနေဝင်းနဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ကို ဖမ်းဆီးတဲ့ အခါ သူတို့လက်စွဲ ဗေဒင်ဆရာတွေကိုပါ ထိန်းသိမ်းဖို့ အမိန့်ထုတ်ခဲ့တယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အိမ်ထောင်စုထဲမှာ သူတယောက်ပဲ အတ္တကြီးပြီး ကိုးရိုးကားရားနိုင်တဲ့ ယုံကြည်မှုတွေရှိတာ မဟုတ်ပါဘူး။ တကယ်လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အာဏာကို ရူးသွပ်သူ တယောက်ဆိုရင် ဒေါ်ကြိုင်ကြိုင်ကလည်း သူနဲ့ ရှေ့သွားနောက်လိုက် ညီတဲ့သူပါပဲ။ မြန်မာနိုင်ငံမှာ အာဏာအပြင်းဆုံး စုံတွဲက သူတို့အတွက် အဆိုး အညံ့လို့ ဆိုနိုင်မယ့် အရာတွေအပေါ် တုံ့ပြန်လုပ် ဆောင်မှုတွေက ဆန်းကျယ်ပြီး အစွန်းရောက်နေ တတ်တယ်။ ဥပမာပြောရရင် ဒေါင်းဆိုတာ ကျောင်း သားတွေရဲ့ အလံဖြစ်သလို အတိုက်အခံ NLD ပါတီရဲ့ သင်္ကေတလည်းဖြစ်ပါတယ်။
၁၉၉၀ နှစ်များရဲ့ အစောပိုင်း ကျောင်းသား လှုပ်ရှားမှုတွေက စစ်အစိုးရအတွက် အားကောင်းတဲ့ ခြိမ်းခြောက်မှု အဖြစ် ဆက်လက်ရှိနေဆဲ အချိန်မှာ ဒေါင်း ၄ ကောင်ကို ဘုရားကိုယူလာပြီး ယဇ်ပူဇော်ခဲ့ တယ်။ အရာရှိတွေက ဒေါင်းတွေရဲ့ လည်ချောင်းကို လှီးဖြတ်ပြီး စေတီကို ကပ်လှူခဲ့တယ်လို့ မျက်မြင် သက်သေတယောက်က စိတ် မသက်မသာနဲ့ ပြန် ပြောပြတယ်။ ၂၀ဝ၈ ခုနှစ်မေလ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူ ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့အချိန်မှာ ရွှေတိဂုံစေတီတော်က အမျိုး သမီးတွေ တက်ခွင့်မရှိတဲ့ စေတီ ဖိနပ်တော် ပေါ်ကို ဒေါ်ကြိုင်ကြိုင်တက်လာပြီး ဘုရားကို ၃ ပတ် ပတ်ပါ တယ်။ အဲဒီအချိန်မှာ လိုက်ပါလာသူတွေက သူ့ကို ရွှေထီးတွေ၊ ထီးဖြူတွေ မိုးပေးထားရပြီး “အောင်ပြီ”၊ “အောင်ပြီ” လို့ ေြွကးကြော်ကြတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လောကီ အစီအစဉ် ဆောင်ရွက်ချက်တွေထဲမှာ ရွှေတိဂုံဘုရားမှာ လုပ်ခဲ့ တာကတော့အထူးဆန်းဆုံးပါပဲ။ ကုလသမဂ္ဂ အကြီးအကဲ ဘန်ကီမွန်းနဲ့ အထူးကိုယ်စားလှယ် အီဘရာ ဟင်ဂမ်ဘာရီ တို့ ရွှေတိဂုံစေတီကို သွားရောက်လည် ပတ်တဲ့အခါမှာ သူတို့ကို ဗုဒ္ဓဆင်းတုတော် အသစ် တဆူဆီကို တာဝန်ရှိသူတွေက ခေါ်ဆောင်သွားခဲ့ကြ ပါတယ်။ ကျောက်စိမ်းနဲ့ထုလုပ်ထားပုံရတဲ့ ဒီဆင်းတု တော်ကို အရင်က ဘယ်သူမှ မမြင်ဖူးကြဘူး။
ကုလသမဂ္ဂရဲ့ အဆင့်မြင့် ပုဂ္ဂိုလ်ကြီးတွေ ဆင်းတုတော်ရဲ့ရှေ့မှာ ပူဇော်ဂါရဝပြုနေကြတာကို လည်း မှတ်တမ်းတင် ဓာတ်ပုံတွေ ရိုက်ယူကြတယ်။ သူတို့က သတိမထားမိခဲ့ကြတာ ဖြစ်နိုင်ပေမယ့် မြန်မာပြည် သူတွေကတော့ ဆင်းတုတော်ရဲ့ မျက်နှာ ဟာ ကြည်ညိုဖွယ်ရာ သပ္ပာယ်တင့်တယ်တဲ့ ဗုဒ္ဓရဲ့ မျက်နှာ မဟုတ်ဘူးဆိုတာကို ချက်ချင်း သတိပြုမိခဲ့ ကြတယ်။ ဆင်းတုရဲ့ မျက်နှာဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မျက်နှာပါ။ မျက်နှာပူခဲ့ရတဲ့ စစ်အစိုးရ အရာရှိတွေက အတ္တကြီးတဲ့ အာဏာရှင်ကြီးရဲ့အမိန့် ကြောင့် ဒီလိုပုံမှန်မဟုတ်တာမျိုးကို လုပ်ခဲ့ကြရတာ ဖြစ်ကြောင်း နောက်ပိုင်းမှာ ဝန်ခံခဲ့ကြပါတယ်။
အဲဒီနောက် ၂၀၁၀ ခုနှစ်ထဲမှာ နောက်လာမယ့် နိုင်ငံခေါင်းဆောင်ဟာ အမျိုးသမီးတဦး ဖြစ်လိမ့်မယ်လို့ နိမိတ်ဆောင်တဲ့ စကားတွေ မြန်မာနိုင်ငံ အတွင်းမှာ ပျံ့နှံ့လာတဲ့အတွက် နိုင်ငံအစိုးရဝန်ကြီး တွေ ခေါင်းကနေ ခြေဖျားအထိ ဘာသာရေး အခမ်း အနားတွေမှာသာ ဝတ်လေ့ရှိကြတဲ့ မြန်မာ့ရိုးရာ ဝတ်စုံ ဝတ်ဆင်ရမယ်လို့ နေပြည်တော်က အမိန့် ညွှန်ကြားချက် ထုတ်လိုက်တယ်။ ခေါင်းပေါင်း၊ ဆွတ်ဆွတ်ဖြူတဲ့ တိုက်ပုံအကျႌနဲ့ ကတီ္တပါ ဖိနပ်တွေ ဖြစ်ပါတယ်။
နောက်ပြီးတော့ ဝန်ကြီးတွေကို အမျိုးသမီးတွေ ပွဲလမ်းသဘင် အခမ်းအနားတွေမှာ ဝတ်လေ့ရှိတဲ့ အရောင် တောက်ပြောင်တဲ့ပိုးထည်လုံချည်တွေ ဝတ်ဖို့လည်း အမိန့်ပေးတယ်။ ဒါကြောင့် ဘယ်အမျိုးသမီးမှ မြန်မာ နိုင်ငံရဲ့ နောက်တက်လာမယ့် ခေါင်းဆောင်ဖြစ်မလာအောင် ကာကွယ်တားဆီးနေတဲ့ ဒေါ်ကြိုင်ကြိုင်ရဲ့ အမိန့်ပဲ ဖြစ်ရမယ်လို့ အယူသီးတတ်တဲ့ မြန်မာနိုင်ငံသားတွေအတွက် ပြောစရာ ဖြစ်ကျန်ခဲ့တော့တယ်။
(အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အခန်းဆက်ဆောင်းပါး ဤတွင်ပြီးပါပြီ)