တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်ထားသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် များကို အမတ်တာဝန်မှ ပြန်လည်ရုပ်သိမ်းနိုင်သည့် ပြဋ္ဌာန်းချက်ကို လွှတ်တော် ကိုယ်စားလှယ်တာဝန်မှ ပြန် လည် ရုပ်သိမ်းခြင်းဥပဒေကြမ်းတွင် ပြည်သူ့လွှတ်တော်က ထည့်သွင်းလိုက်သော်လည်း စစ်တပ်လွှတ်တော်ကိုယ်စားလှယ်ကို ဖြုတ်ချနိုင်ရေး အားနည်းချက် များစွာရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။
မတ်လ ၁၈ ရက်နေ့ ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလျယ် တာဝန်မှ ရုပ်သိမ်းခြင်း ဥပဒေကြမ်း နှင့်ပတ်သက်၍ ပြဋ္ဌာန်းချက် အသစ်များ ထည့်သွင်းအတည်ပြုခဲ့ပြီး ယင်းပြဋ္ဌာန်းချက် များတွင် တိုင်ကြားခံရလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်ကြားခံရသော တပ်မတော်သား လွှတ်တော် အမတ်ကို တာဝန်မှရုပ်သိမ်းခြင်း၊ ဆက်လက် တာဝန်ထမ်း ဆောင် စေခြင်း ကို အဆုံးအဖြတ်ပေး နိုင်သည်ဆိုသော ပြဋ္ဌာန်းချက်ပါ ပါဝင်လာကြောင်း သိရှိရသည်။
ဥပဒေကြမ်းတွင် ရွေးကောက်ခံ အရပ်သား လွှတ်တော်ကိုယ်စားလှယ်များသည် သက်ဆိုင်ရာ မဲဆန္ဒနယ်မှ မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းက တိုင်ကြားလာပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စုံစမ်းစစ်ဆေးမှု ပြုလုပ်၍ ဆန္ဒခံယူပွဲကျင်းပပြီး မဲဆန္ဒရှင် ၅၀ ရာခိုင်နှုန်းနှင့်အထက် မဲဖြင့် ဖြုတ်ချနိုင်သော်လည်း တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်များမှာမူ ရွေးကောက်ခံ မဟုတ်သည့် အတွက် ဥပဒေကြမ်းတွင် အားနည်းချက် များစွာရှိဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက သုံးသပ်ပြောဆိုသည်။
“ ဒါပေမယ့် ခက်တာက တပ်ကိုယ်စားလှယ်တွေက ရွေးကောက်ခံ မဲဆန္ဒနယ် မရှိဘူး။ ဆိုတော့ ဘယ်မဲဆန္ဒနယ် တွေက သူတို့ကို ဖြုတ်ချလို့ရမလဲ။ ဘယ်လိုအကြောင်းပြချက်နဲ့ တိုင်မလဲ။ အဲဒါတွေက ဘာမှ မရေရာဘူး အားနည်းချက်တွေ အများကြီးရှိတာတွေ့ရတယ်´´ ဟု ၎င်းက ဆက်လက်ပြော ဆိုသည်။
လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဥပဒေကြမ်းသည် မူလက အရပ်သား လွှတ်တော် ကိုယ်စားလှယ်များနှင့်သာ တိုက်ရိုက်သက်ဆိုင်သော ပြဋ္ဌာန်းချက်များ ပါဝင်ပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် လုံး၀ ဆက်နွယ်မှု မရှိသည့် သဘောဆောင်ခဲ့ကြောင်း၊ သို့သော် မတ်လ ၁၈ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ယင်းဥပဒေကြမ်းသည် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် များ သက်ဆိုင်သော ပြဋ္ဌာန်းချက်များကို ထည့်သွင်းလိုက်ခြင်းဖြစ်သည်ဟု သိရှိရသည်။
“ပြည်သူကလည်း တိုင်လို့ရတယ်။ တပ်မတော်သား အချင်းချင်းလည်း တိုင်လို့ရတယ်။ ခက်တာ က သူတို့က ရွှေးကောက်ခံ ကိုယ်စားလှယ်တွေ မဟုတ်ဘူး။ ဒါပေမယ့် ဥပဒေအရ ပြဋ္ဌာန်းချက်အားလုံးသည် အရပ်သား လွှတ်တော်ကိုယ်စားလှယ်တွေရော ၊ တပ်မတော်သား ကိုယ်စားလှယ်တွေ အားလုံးအတွက်ပါ အကျုံးဝင်တယ်။ ပြည်ထောင်စု ရွှေးကောက်ပွဲကော်မရှင်သည် တပ်မတော်သားကိုယ်စားလှယ်အပေါ် ပုဒ်မ ၄ အရ တိုင်တန်း ချက်ကို လက်ခံရရှိတဲ့အခါ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ အကြောင်းကြားရမယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ကော်မရှင်ရဲ့ အကြောင်းကြားချက်ကို ရရှိတဲ့အခါ လိုအပ်သည့် ဆောင်ရွက်ချက် တွေကို မိမိရဲ့ စီမံခန့်ခွဲမှုအရ လုပ်ဆောင်ရမယ်။ ပြီးရင် သက်ဆိုင်ရာ တပ်မတော်သား ကိုယ်စားလှယ်ကို တာဝန်မှ ပြန်လည် ရုပ်သိမ်းကြောင်း၊ ဒါမှမဟုတ် ပြန်လည် ရုပ်သိမ်းခြင်း မပြုကြောင်း ဆုံးဖြတ်တဲ့ အခြေ အနေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ တဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်
ဥက္ကဋ္ဌထံသို့ လည်းကောင်း၊ ပြည်ထောင်စု လွှတ်တော် နာယကထံသို့ လည်းကောင်း အကြောင်းကြားရမယ်´´ ဟု ဧရာဝတီ သို့ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းခြင်းဥပဒေကြမ်းကို ပြဋ္ဌာန်းပေးရန် လွှတ်တော်သို့ တင်ပြ တောင်းဆိုခြင်းဖြစ်ပြီး အစိုးရက စစ်တပ် အခြေစိုက် မြို့နယ်ဖြစ်သည့် ဇေယျာသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးရွှေမန်းကို ပြန်လည် ဖြုတ်ချရန် အသုံးပြု နိုင်သည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ် ပြောဆိုကြသည်။
မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက“ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ သမ္မတ ကြားမှာ အခင်းအကျင်းအသစ်အရ ပွတ်တိုက်မှုတွေ ရှိပေမယ့် ကိုယ့်ပါတီက လူအချင်းချင်းတော့ တယောက် ကို တယောက်ဖြုတ်ကြဖို့အထိတော့ ဒီဥပဒေနဲ့ မလုပ်လောက်ဘူး။ ဥပဒေကြမ်းမှာ တိုင်တဲ့လူက အထောက် အထား မရှိဘဲ တမင် ရည်ရွယ်ချက်ရှိရှိနဲ့ မဟုတ်မမှန် လုပ်ကြံတိုင်ရင်တော့ တိုင်တဲ့လူကို ကော်မရှင်က တရားစွဲမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်သစ်တွေထပ် တိုးလာတယ်´´ ဟု သုံးသပ်ပြောဆိုသည်။
ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်သော ယင်းဥပဒေကြမ်းကို အမျိုးသားလွှတ်တော်သို့ ပေးပို့လိုက်ပြီးဖြစ်ပြီး အမျိုးသားလွှတ်တော်က သဘောတူပါက ဥပဒေကြမ်းသည် ဥပဒေအဖြစ် တရားဝင် သက်ဝင်လှုပ်ရှားလာမည်ဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ပြဋ္ဌာန်းရေးနှင့်ပတ်သက်ပြီး ၂၀၁၃ ခုနှစ် အတွင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် များ၊ တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်များအကြား အပြန်အလှန် အချေတင် အငြင်းပွားမှုများ ပေါ်ပေါက်ခဲ့ သည်။
(ထက်နိုင်ဇော်နှင့် သာလွန်ဇောင်းထက် ပူးတွဲရေးသားသည်)