ပြန်ကြားရေး ဝန်ကြီးဌာနက လွှတ်တော်သို့ တင်သွင်းလာသည့် အများပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို လက်မခံနိုင်ကြောင်း ရန်ကုန်မြို့ အခြေစိုက် သတင်းသမားများက ဧရာဝတီသို့ ပြောသည်။
ယင်း ဥပဒေသည် ပြည်သူလူထုကို အမှန်တကယ် ဝန်ဆောင်မှုပေးမည် မဟုတ်ဘဲ အစိုးရ၏ ဝါဒဖြန့်ချိရေး လက်နက်တခုအဖြစ် အသုံးချမည်ဟု ယုံကြည်သောကြောင့် လက်မခံနိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ပြန်ကြားရေး ဝန်ကြီးဌာနက ပြည်သူ့ လွှတ်တော်သို့ မတ်လ ၁၇ ရက်နေ့က တင်သွင်းသည့် အများပြည်သူ ဝန်ဆောင်မှုမီဒီယာ ဥပဒေကြမ်းသည် ကုလသမဂ္ဂ၊ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ(UNESCO) ၏ ကျွမ်းကျင်မှု အကူအညီယူပြီး ရေးဆွဲထားခြင်း ဖြစ်ကြောင်း၊ အများပြည်သူ အကျိုးစီးပွားအတွက် အများပြည်သူက ဘဏ္ဍာငွေ အထောက်အပံ့ ပေးသည့် မီဒီယာအဖြစ် ဆောင်ရွက် နိုင်ရန်ဖြစ်ကြောင်း ပြောဆိုသော်လည်း မီဒီယာသမားများက လက်မခံကြကြောင်း သိရသည်။
“ဗမာပြည်အနေနဲ့က Public Service Broadcasting (အများပြည်သူ ဝန်ဆောင်မှု အသံလွှင့်မီဒီယာ) ဆိုတာမျိုးကတော့ လိုအပ်တယ်၊ သတင်းစာက မလိုဘူး၊ ဒီ Public Service အောက်မှာ ထည့်ပြီးတော့ သတင်းစာက ထုတ်လည်း မထုတ်သင့်ဘူး၊ နိုင်ငံ တကာမှာလည်း မရှိဘူး၊ စီးပွားရေးလည်း ဆန်တယ်၊ ဝယ်မယ့်သူကလည်း ပိုက်ဆံပေးပြီးတော့မှ ဝယ်ရမှာ”ဟု သတင်းစာဆရာ ဦးစည်သူအောင်မြင့် က ပြောသည်။
ယခုအချိန်တွင် ထိုဥပဒေကြမ်းကို အတည်ပြုမည်ဆိုပါက ၂၀၁၅ ရွှေးကောက်ပွဲ မတိုင်မီကာလတွင် အစိုးရ ဝါဒဖြန့်ချိရေးသာ လုပ်ဆောင်လိမ့်မည် ဖြစ်ကြောင်း၊ စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင် ရေးဆွဲမည့် မူဝါဒ များသည် အစိုးရအတွက်သာ အလုပ်ဖြစ် လိမ့်မည်ဖြစ်ကြောင်း သူက သုံးသပ်သည်။
အများပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေအရ လိုအပ်သော အသုံးစရိတ်၏ ၇၀ ရာခိုင်နှုန်းကို နိုင်ငံတော် ဘဏ္ဍာနှင့် အခွန်အခ တမျိုးမှ လည်းကောင်း ရရှိမည် ဖြစ်ပြီး ကျန် ၃၀ ရာခိုင်နှုန်းအတွက် ကြော်ငြာ၊ သတင်းစာ ရောင်းရငွေ၊ နိုင်ငံတကာ အထောက် အပံ့ များမှ ရယူသုံးစွဲရမည် ဖြစ်ကြောင်း သိရသည်။
“ဘတ်ဂျက် ကိစ္စကိုလည်း လက်ကိုမခံဘူး၊ ပြည်သူ့ ပိုက်ဆံနဲ့ တကယ်ရော ဝန်ဆောင်ပေးနိုင်မှာလား၊ သူတို့လုပ်တဲ့ ကိစ္စတိုင်းကို ဝန်ဆောင်မှုလို့ လက်ခံရမှာလား၊ အခုလည်း သတင်းစာတွေ ရှိနေတာပဲ၊ ပြည်သူ့ဘတ်ဂျက်နဲ့ အစိုးရဝါဒဖြန့်ချိရေး လုပ်မှာ၊ အခုရှင်း ရှင်းလေး NLD ပါတီ အကြောင်းလည်း ဖော်ပြလေ၊ သူတို့ရဲ့ ခေါက်ရိုးကျိုးနေတဲ့ အယူအဆ အတွေးအခေါ်တွေနဲ့ပဲ ဆက်လုပ် နေ တာကို အများပြည်သူ ဝန်ဆောင်မှုလို့ တံဆိပ်ကပ်လို့ မရဘူး”ဟု ထုတ်ဝေရန် စီစဉ်နေသည့် People Power သတင်းစာ အယ်ဒီတာ ချုပ် ဦးနိုင်မင်းဝေက ပြောသည်။
အများပြည်သူ ဝန်ဆောင်မှု မီဒီယာကို စီမံကွပ်ကဲမည့် မီဒီယာ ကောင်စီတခုကို သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ တို့က ၅ ဦးစီ ရွေးချယ်ဖွဲ့စည်းရမည် ဖြစ်ပြီး ယင်းကောင်စီအောက်တွင် အုပ်ချုပ်မှုအဖွဲ့ ထပ်မံဖွဲ့စည်းမည် ဖြစ်ကြောင်း၊ သို့သော် ယင်းအဖွဲ့အစည်းများက သတင်းစာ အယ်ဒီတာအဖွဲ့၏ လွတ်လပ်ခွင့်ကို ထိန်းချုပ်မည် မဟုတ်ကြောင်း ပြန်ကြား ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်က ယမန်နှစ်က ပြုလုပ်ခဲ့သည့် အများပြည်သူ ဝန်ဆောင်မှု မီဒီယာနှင့် သက်ဆိုင်သော တွေ့ဆုံပွဲ တခုတွင် ပြောကြားခဲ့သည်။
“သူတို့ လုပ်နေကိုင်နေပုံ အားလုံးနီးပါးက စစ်ဗိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြန်ကြားရေး ဝန်ကြီးဌာန အောက်က လုပ်ငန်းတွေကို ခေါင်း စဉ်တခုနဲ့ ပြောင်းဖို့ လုပ်တယ်လို့လည်း သံသယ ဖြစ်စရာ ရှိတယ်၊ ဦးအောင်ကြည်ကတော့ ပြောတာ စကားလုံးကတော့ အရမ်း လှတာပဲ၊ လွတ်လပ်တဲ့ အဖွဲ့အစည်းတို့ ဘာတို့ပေါ့၊ ဒါပေမယ့် အပေါ်မှာ ဖွဲ့မှာကလည်း သမ္မတတို့ လွှတ်တော် ဥက္ကဌတို့ ဘာတို့ ကလည်း လက်ရှိအချိန်မှာ ဆိုရင် စစ်ဗိုလ်ချုပ်ဟောင်းတွေ ဆိုတော့ အဲဒါကလည်း သံသယ ဖြစ်စရာ ကောင်းတယ်”ဟု ဦးစည်သူအောင်မြင့်က ပြောသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)မှ ဦးမြင့်ကျော်ကလည်း အများပြည်သူ ဝန်ဆောင်မှုဟု အမည်တပ်ပြီး အစိုးရက မီဒီယာ တွင် ဝင်ရောက်လုပ်ကိုင်ခြင်းမှာ နိုင်ငံတကာတွင် မရှိသလောက်ပင် ဖြစ်ကြောင်း၊ နှစ်ပေါင်းများစွာ အစိုးရ၏ ဝါဒဖြန့်ချိရေး လက် နက် အဖြစ် လုပ်ကိုင်လာခဲ့ပြီး အခုချိန်တွင် ဘီဘီစီ သတင်းဌာနကဲ့သို့ အများပြည်သူကို ဝန်ဆောင်မှု ပေးမည်ဟု ဆိုသောအခါ လက်တွေ့ပိုင်းတွင် အခက်အခဲများစွာ ရှိနိုင်ကြောင်း ပြောဆိုသည်။
“သူတို့ရေးထားတာတော့ လူမျိုးစုတွေ လူနည်းစုတွေရဲ့ အသံတွေပါအောင်၊ စီးပွားရေးအရ ဘက်လိုက်တာတွေ မရှိအောင်လို့ ဆိုပြီး ရေးထားတာတော့ ကောင်းပါတယ်၊ လက်တွေ့မှာတော့ အကောင်အထည် ဖော်နိုင်မယ် မထင်ဘူး၊ အစိုးရရဲ့ မီဒီယာတခု အနေ နဲ့ နှစ်ပေါင်းများစွာ ရပ်တည်လာရာကနေ သူတို့စဉ်းစားပုံနဲ့တော့ အများပြည်သူကို တကယ် ဝန်ဆောင်မှု ပေးနိုင်မယ်လို့ မထင်ဘူး” ဟုလည်း ဦးမြင့်ကျော်က ပြောသည်။
ဦးနိုင်မင်းဝေ ကလည်း“သူတို့က တိုင်းရင်းသား ကိစ္စတွေ ပြောတယ်၊ ကျနော်တို့ TV ဇာတ်လမ်းတွဲတွေ စောင့်ကြည့်တယ်၊ ကယားပြည်နယ်မှာ သွားပြီး တော့ ဗမာလို ဆွေးနွေးခိုင်းနေတာ ဘယ်လိုလုပ်ပြီး ဝန်ဆောင်မှု ဖြစ်မှာလဲ၊ ကျနော်ဖြစ်စေချင်တာက ကယား လို ပြောခိုင်းပြီး အောက် က ဗမာစာတန်း ထိုးပေးပါလား”ဟု မေးခွန်းထုတ်သည်။
ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည် က မြန်မာနိုင်ငံရှိ သတင်းစာ ဖတ်နိုင်သည့် လူဦးရေ ၄၉ သန်းတွင် ၄၃ သန်းခန့် သတင်းစာ ဖတ်ခွင့် မရကြောင်း၊ ထိုကွက်လပ်ကို အကျိုးအမြတ်မယူ၊ စီးပွားဖြစ် မဟုတ်သော အများပြည်သူ ဝန်ဆောင်မှု မီဒီယာကသာ အမြန်ဆုံး ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း ဥပဒေကြမ်း တင်သွင်းသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောဆိုသည်။
အများပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေမူကြမ်းကို လွှတ်တော်မှ လက်ခံအတည်ပြုပါက မြန်မာနိုင်ငံ၏ မီဒီယာ အခင်းအကျင်းမှာ သတင်းစာ၊ ရုပ်သံ၊ ရေဒီယို အားလုံးသည် အများပြည်သူ ဝန်ဆောင်မှုပိုင်၊ ပုဂ္ဂလိကပိုင်၊ ဖက်စပ်ပိုင်၊ အစိုးရဌာနပိုင်၊ တိုင်းရင်းသား နှင့် ဒေသန္တရ အစုအဖွဲ့ပိုင် အစရှိသည်ဖြင့် ဗဟုမီဒီယာပုံစံ ဆောင်ရွက်နိုင်တော့မည် ဖြစ်ကြောင်းလည်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်က လွှတ်တော်တွင် ပြောကြာသည်။
“ရုပ်သံနဲ့ ရေဒီယိုကတော့ လက်ခံတယ်၊ သတင်းစာကတော့ မလုပ်သင့်ဘူး၊ အယ်ဒီတာ လွတ်လပ်ခွင့်ဆိုတာ လွတ်လပ်ခွင့်ရှိတဲ့ ပတ်ဝန်းကျင်မှာ တည်ထောင်ရတာမျိုး၊ ဒီလို အစိုးရ ဝါဒဖြန့်ချိရေး ပုံစံကနေတော့ အယ်ဒီတာ လွတ်လပ်ခွင့် ပေးမယ်ဆိုတာ တော် တော် မဖြစ်နိုင်တဲ့ ကိစ္စပေါ့၊ အမြင်အားဖြင့် တင်ဆက်ပုံပြောင်းသွားတာပဲ ရှိသေးတယ်၊ ရပ်တည်မှု အပိုင်း၊ လွတ်လပ်မှု အပိုင်းမှာ တော့ သိပ်ထူးခြားတာ မတွေ့ရသေးဘူး”ဟု ဦးမြင့်ကျော်က သုံးသပ်သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း ကလည်း အများပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို လွှတ်တော်တွင် ဆွေးနွေးပါက ပုဂ္ဂလိက မီဒီယာများကို ခိုင်မာအားကောင်းရန် အစိုးရအနေဖြင့် ကူညီပေးသင့်ကြောင်း အကြံပြုဆွေးနွေးသွားမည်ဟု ဧရာဝတီ သို့ ပြောသည်။
“ဒီနေ့ဆိုရင် ပုဂ္ဂလိကပိုင် သတင်းစာတွေလည်း ရှိလာပြီလေ၊ အစိုးရ သတင်းစာလည်း ယှဉ်ပြိုင်ရတော့မှာပေါ့၊ ပြည်သူလူထု ကလည်း အစိုးရပိုင် သတင်းစာတွေကို စိတ်မဝင်စားပါဘူး၊ ပုဂ္ဂလိက မီဒီယာတွေက ပွင့်လင်းတယ်၊ အစိုးရထက် ပြည်သူလူထုရဲ့ ပုံရိပ်တွေက ပိုများတယ်၊ ပုဂ္ဂလိက သတင်းစာတွေက ပြည်သူလူထုဘက်က ရပ်တည်ရေးသားတဲ့ အတွက်အများကြီးကွာတယ်၊ အစိုးရ သတင်းစာကိုက နာရေးကြော်ငြာနဲ့ စီးပွားရေး ကြော်ငြာတွေ ကြည့်ချင်လို့ ဖတ်တာပဲ ရှိတယ်”ဟု သူက ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံ၌ ထုတ်ဝေနေသော နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာ ၁၀ စောင်ခန့်ရှိပြီး အစိုးရက ထုတ်ဝေသော နေ့စဉ် ထုတ် သတင်းစာ The New Light of Myanmar ၊ မြန်မာ့အလင်း နှင့် ကြေးမုံ သတင်းစာ ၃ စောင်ရှိသည်။
ထို အစိုးရ သတင်းစာ ၃ စောင်ကို အများပြည်သူ ဝန်ဆောင်မှု သတင်းစာပုံစံ ပြုလုပ်ရန် ဦးအောင်ကြည် ပြန်ကြားရေး ဝန်ကြီး တာဝန်ယူစ ၂၀၁၂ ခုနှစ်အတွင်းက စီစဉ်ခဲ့ဖူးသေးသည်။
အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေနေသော The New Light of Myanmar သည် မြန်မာအစိုးရနှင့် Global Direct Link ကုမ္ပဏီတို့ ပူးပေါင်း ထုတ်ဝေမည် ဖြစ်ပြီး မတ်လအတွင်း အသွင်သစ်ပုံစံသစ်ဖြင့် ထွက်ရှိမည် ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အစိုးရက ၅၁ ရာခိုင်နှုန်း၊ Global Direct Link ကုမ္ပဏီက ၄၁ ရာခိုင်နှုန်း ပိုင်ဆိုင်ကြောင်း၊ ဂျပန်နိုင်ငံ ကျိုဒိုသတင်းဌာနက ငွေကြေး မပါဝင်ဘဲ သတင်း အတတ်ပညာနှင့် နည်းပညာပိုင်း အကူအညီများ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။