ပြည်ထောင်စုလွှတ်တော်က အစိုးရ တင်ပြလာသော လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံရေး အဆိုကို မတ်လ ၁၉ ရက်နေ့ တွင် အတည်ပြုလိုက်ရာ ပြည်သူများအနေဖြင့် လာမည့်ဧပြီလ ၁ ရက်နေ့မှစတင်ပြီး မီတာခများကို တိုးမြှင့် လိုက်သော နှုန်းထား အသစ်ဖြင့် ပေးဆောင်ရတော့မည် ဖြစ်သည်။
လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံရာတွင် အိမ်သုံးမီတာ တစ်ယူနစ်မှ ယူနစ် ၁၀၀ အထိသုံးစွဲလျှင် တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်း၊ ယူနစ် ၁၀၁ မှ ၂၀၀ အထိ သုံးစွဲပါက တစ်ယူနစ်လျှင် ၄၀ ကျပ်နှုန်း ၊ ယူနစ်၂၀၁ နှင့် အထက် သုံးစွဲလျှင် တစ်ယူနစ်လျှင် ၅၀ ကျပ် ၊ စက်မှုသုံးသည် ၁ ယူနစ်မှ ၅၀၀ အထိ သုံးစွဲပါက တစ်ယူနစ်လျှင် ၇၅ ကျပ်နှုန်း၊ ယူနစ် ၅၀၁ မှ ယူနစ် ၃ သိန်းအထိ သုံးစွဲပါက သုံးစွဲသည့် ယူနစ်ကိုလိုက်၍ မီတာခ တစ်ယူနစ်လျှင် ၁၀၀ ကျပ်မှ ၁၂၅ ကျပ်အထိ အသီးသီးကောက်ခံသွားမည်ဖြစ်သည်။
လျှပ်စစ်မီတာခများကို တိုးမြှင့်ကောက်ခံရခြင်းမှာ လျှပ်စစ် ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတဝန်းသို့ ဖြန့်ဖြူးပေးနေသည့် လျှပ်စစ် ဓာတ်အား သုံးစွဲမှုအတွက် ကျပ်ငွေ ဘီလီယံ ၂၈၀ ကျော် လိုငွေပြနေ၍ ဖြစ်ပြီး တိုးမြှင့်လိုက်သော မီတာခ နှုန်းထား ကြောင့် အစိုးရအနေဖြင့် ငွေကျပ် ၁၂ ဘီလီယံသာ စိုက်ထုတ် သုံးစွဲရမည်ဟု အစိုးရက တရားဝင်သတင်း ထုတ်ပြန်သည်။
အစိုးရ၏လျှပ်စစ်မီတာခတိုးမြှင့်ကောက်ခံမည့် အဆိုကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ်တချို့က ကန့်ကွက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးက ကန့်ကွက်ခဲ့ကြောင်း၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက မတ်တပ်ရပ် မဲပေးစနစ်ကို အသုံးပြု၍ ကန့်ကွက်သူ ရှိ၊ မရှိ ဆန္ဒပြုခိုင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးက မတ်တပ်ရပ် ဆန္ဒပြု ကန့်ကွက်ခဲ့ကြကြောင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်စန္ဒာမင်းက ဦးဆောင်၍ မီတာခ တိုးမြှင့်မှုကို ကန့်ကွက်ခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကန့်ကွက်သူများတွင် မပါဝင်ဘဲ မီတာတိုးမြှင့်ရေး အဆို ထောက်ခံခဲ့ကြောင်း သိရှိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မိထ္တီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က “မီတာခ တိုးမယ့် အနေအထားက အောက်ခြေက လူတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်အောင်၊ အပေါ်က ပုဂ္ဂိုလ်တွေဆီက ပိုပြီးရအောင် လုပ်ထား တဲ့သဘောပါ၊ ပြည်သူတွေ အခက်တွေ့မှာဆိုးလို့ မတိုးစေချင်ဘူး၊ ဒါပေမဲ့ တိုးသင့်တယ်ထင်ရင်တော့ ထောက်ခံ ရမှာဘဲလေ မီတာခ တိုးကောက်မယ့်ကိစ္စနဲ့ပတ်သက်ပြီးတော့ ပြဿနာတွေတော့ ပေါ်လာအုံးမှာဘဲ”ဟု သုံးသပ်ပြော ဆိုသည်။
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ အရာရှိတဦးက “မီတာခ ပြောင်းတာဆိုလို့ စက်မှုလုပ်ငန်းတွေပဲ ရှိမယ်။ အရှုံးခံပြီး ဖြန့်ဖြူးနေတာကို သူတို့ဆီကနေ ပြန်ယူလိုက်တဲ့ သဘောပဲ။ အိမ်သုံးမီတာတွေမှာလည်း များများသုံး တဲ့သူတွေလည်း ချွေတာရာရောက်တာပေါ့´´ ဟု ဧရာဝတီသို့ ပြောသည်။
အစိုးရ၏ လျှပ်စစ်မီတာတိုးမြှင့်ကောက်ခံမှုကြောင့် ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ ထုတ်လုပ်မှုစရိတ်ကြီးမြင့်ခြင်း အပါအဝင် ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်မည်ကို စီးပွားရေးပညာရှင်တချို့က စိုးရိမ်လျက်ရှိသည်။