Crime

ငပုတောမီး လူပေါင်း ၄၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်

This article has been converted from Zawgyi One to Unicode

ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် ထိန်တန်း ကမ္ဗလာ ကျေးရွာအုပ်စု ကမ္ဗလာ ကျေးရွာ၌ မတ်လ ၁၈ ရက် ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားရာ နေအိမ် ၇၂ လုံးနှင့် စပါးကျီ ၂၆ လုံး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ကမ္ဗလာ ကျေးရွာတွင် ဝက်စာအိုး တည်ထားရာမှ မီး စတင် လောင်ကျွမ်းခဲ့ခြင်းကြောင့် လူပေါင်း ၃၉၅ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး နေ အိမ်နှင့် စပါးကျီများ အပြင် အုပ်ချုပ်ရေးမှူး ရုံးတရုံးပါ လောင်ကျွမ်း ခံရကြောင်း ငပုတောမြို့နယ် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူ တဦး က ဆိုသည်။

“ဝက်စာအိုး တည်ရာက မီးစလောင်တာပေါ့၊ ငြိမ်းတာက ရွာက လူအားနဲ့ပဲ ဝိုင်းဝန်း ငြှိမ်းကြတာ၊ မီးဘေး ဒုက္ခသည်တွေကို ကျေးရွာက ခရစ်ယာန် ဘုရားကျောင်းတွေမှာ နေရာ ချထားပေးပါတယ်၊ နောက်ပြီး ငပုတောမြို့နယ်မှာ အခမဲ့ နယ်လှည့် ဆေးကုနေတဲ့ နတခ (အနောက်တောင်တိုင်း စစ်ဌာနချုပ်) အဖွဲ့က ရွာမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ပေး နေပါတယ်”ဟု ၎င်းက ပြော သည်။

ဒုက္ခသည်များ အတွက် စားစရာ၊ သောက်ရေသန့်နှင့် အသုံးအဆောင် ပစ္စည်းများကို ပုသိမ်ခရိုင်နှင့် ငပုတောမြို့နယ် အုပ်ချုပ်ရေး အဖွဲ့များက ထောက်ပံ့ ကူညီပေးနေကြောင်း၊ မီးလောင်မှုကြောင့် လူသေကြေ ဒဏ်ရာရမှု မရှိကြောင်း အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူက ပြောပြသည်။ ပျက်စီး ဆုံးရှုံးမှု တန်ဖိုး အချက်အလက် အသေးစိတ်ကိုမူ မသိရှိရသေးပေ။

မီးလောင်မှုနှင့် ပတ်သက်ပြီး ကမ္ဗလာ ကျေးရွာရှိ စောအယ်တိုးထူး ဆိုသူအား အမှုဖွင့် အရေးယူထားသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့ကလည်း လပွတ္တာ မြို့နယ် ကန်ဘက်ကျေးရွာ၌ အိမ်ခြေ ၂၄၈ လုံးပျက်စီးခဲ့ပြီး တန်ဖိုးငွေ ကျပ် သိန်း ၃ သောင်းကျော် ဆုံးရှုံးခဲ့သည့် မီးလောင်မှု ဖြစ်ပွားခဲ့သေးသည်။ မီးလောင်မှုကြောင့် မိသားစု ၂၀၄ စုရှိ လူပေါင်း ၉၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် အတွင်း မီးလောင်မှုပေါင်း ၁၂၁ ကြိမ် ဖြစ်ပွားခဲ့ရာ နေအိမ် ၃၁၈ လုံးနှင့် ဂိုထောင် ၇ လုံး မီးလောင် ပျက်စီးခဲ့ပြီး ကျပ်သိန်းပေါင်း ၁၁၃၀ ကျော် ဆုံးရှုံးခဲ့ကြောင်း၊ လူ ၆ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၁၄၁၆ ဦး မီးဘေး ဒုက္ခသည် ဖြစ်ခဲ့ရကြောင်း သိရသည်။

Loading