သတင်း

အမျိုးအမည်မသိ လေယာဉ် ရေဒါတွင် မှတ်တမ်း တင်ခဲ့ကြောင်း ထိုင်းလေတပ် ဆို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မလေးရှား လေကြောင်းလိုင်းမှ ပျောက်ဆုံး ဘိုးအင်းလေယာဉ် MH370 ကို ရှာမတွေ့သည်မှာ ၁၀ ရက် ကျော် ကြာလာဖြစ်သည်။ မတ်လ ၈ ရက်နေ့က အဆိုပါ လေယာဉ်နှင့် အဆက်အသွယ် ပြတ်သွားချိန် မိနစ်အနည်းငယ် အကြာတွင် အမျိုးအမည်မသိ လေယာဉ်တစီး ရေဒါတွင် တွေ့ရှိခဲ့ကြောင်း ထိုင်း တော်ဝင်လေတပ်က မတ်လ ၁၉ ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

သက်ဆိုင်ရာ ထိုင်းတာဝန်ရှိသူများက စောစီးစွာ သတင်းမထုတ်ပြန်ခဲ့ခြင်းမှာ လေကြောင်း ခြိမ်းခြောက်မှုတခုဟု မယူဆခဲ့ကြ၍ ဖြစ်ကြောင်း၊ ယခုကဲ့သို့ သိရှိလာရခြင်းမှာလည်း မလေးရှားအစိုးရ၏ မေတ္တာရပ်ခံချက်အရ မတ်လ ၁၇ ရက်နေ့က ရေဒါမှတ်တမ်း များကို ပြန်လည်စစ်ဆေးရင်း တွေ့ရှိရခြင်းဖြစ်ကြောင်း ထိုင်းလေတပ် ဗိုလ်ချုပ်ကြီး Monthon Suchookorn က AFP သတင်းဌာနသို့ ပြောသည်။

ရေဒါတွင် ပေါ်သည့် အမျိုးအမည်မသိလေယာဉ်ကို MH 370 ပျောက်ဆုံးပြီး ၆ မိနစ်အကြာ ဒေသစံတော်ချိန် မနက် ၁၂ နာရီ ၂၈ မိနစ် (မလေး ရှား စံတော်ချိန် မနက် ၁နာရီ ၂၈ မိနစ်) တွင် တောင်တရုတ် ပင်လယ်ပြင် အထက်၌ တွေ့ရှိခဲ့ရပြီး မလေးရှားနိုင်ငံ၏ မြို့တော် ကွာလာလမ်ပူနှင့် မလက္ကာရေလက်ကြားရှိရာ အနောက်တောင်ဖက်သို့ ဦးတည်နေကြောင်း ထိုင်းလေတပ် ဗိုလ်ချုပ်ကြီး Monthon Suchookorn က ဆိုသည်။

အဆိုပါ အချိန်က MH370 ၏ ဆက်သွယ်ရေးစက်မှ ၎င်း၏ တည်နေရာနှင့် အမြင့်ကို နောက်ဆုံး ထုတ်လွှင့်ပေးချက် နှင့် ကိုက်ညီနေသည်။

မတ်လ ၈ ရက်နေ့ မနက်ပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မှ တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ MH 370 လေယာဉ် ခရီးစဉ် ပျံသန်းနေရင်း ပျောက်ဆုံးသွားခဲ့သည်။ လေယာဉ်ပေါ်တွင် ခရီးသည် ၂၂၇ ဦးနှင့် အမှုထမ်း ၁၂ ဦး ၊ စုစုပေါင်း လူ ၂၃၉ ဦး ပါရှိသည်။

ရေဒါတွင် ဖမ်းယူရရှိမှုက ပြတ်တောင်း ပြတ်တောင်း ဖြစ်နေခဲ့သော်လည်း ထိုင်းရေဒါက နောက်တကြိမ် ဖမ်းမိသည့်အချိန်တွင် လေယာဉ်က မြောက်ဘက်သို့ ရောက်ရှိနေပြီး ကပ္ပလီပင်လယ်ပြင် အထက်တွင် ရေဒါမြင်ကွင်းမှ  ပျောက်ကွယ်သွားသည်ဟု ဗိုလ်ချုပ်ကြီး Monthon Suchookorn က ဆိုသည်။

“အဲဒီလေယာဉ်က MH370 လို့တော့ အတည် မပြုနိုင်ပါဘူး” ဟု သူကပြောသည်။ နောက်ပိုင်းတွေ့ရှိရသည့် အချိန်အတိ အကျကိုမူ သူက ထုတ်ဖော်ပြောဆိုခြင်း မပြုပါ။

ထိုင်း တော်ဝင်လေတပ်က ရေဒါ မှတ်တမ်းများကို စစ်ဆေးခြင်း မပြုခဲ့ခြင်းမှာ အဆိုပါ လေယာဉ်သည် ထိုင်းနိုင်ငံ လေပိုင်နက်အတွင်းတွင် မရှိသည့်အပြင် ထိုင်းနိုင်ငံကို အန္တရယ်ပြုခြိမ်းခြောက်ခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်ဟု ထိုင်းလေတပ် ပြောရေးဆိုခွင့် ရှိသူကပြောသည်။ သတင်းထိန်ချန်ခြင်း မဟုတ်ဟုလည်း သူက ငြင်းပယ်သွားခဲ့သည်။

မတ်လ ၁၅ ရက်က ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် မလေးရှား ဝန်ကြီးချုပ်ကလည်း မူလ လမ်းကြောင်းမှ ပြောင်းလဲ ပြီး အနောက်ဖက်သို့ ရည်ရွယ်ချက်ရှိရှိ ပြန်လှည်သွားခဲ့သည့် အထောက်အထားများတွေ့ရှိရကြောင်း ပြော ကြားခဲ့သည်။ ယခုထွက်ပေါ်လာသည့် ထိုင်းရေဒါ မှတ်တမ်းများ ကလည်း အဆိုပါ အချက်နှင့် ကိုက်ညီနေသည်။

အိန္ဒိယ သမုဒ္ဒရာ၏ အထက် မိုင် ၂၂၂၅၀ အထက်တွင် ကမ္ဘာကို ပတ်နေသော ဂြိုလ်တုတလုံးက MH370 လေယာဉ်၏ နောက်ဆုံး သတင်းပို့ ထုတ်လွှင့်မှုကို ဖမ်းယူရရှိခဲ့ကြောင်း သိရှိရပြီးနောက် ဖမ်းယူနိုင်စွမ်းရှိသည့် ဒီဂရီများကို အခြေခံ၍ တွက်ချက်ကြည့်သည့်အခါ လေယာဉ် အနောက်ဖက်သို့ ပြန်လှည့်လာသည့် ယူဆချက်က ပိုမို အားကောင်းလာပြီး ရှာဖွေရေး ဧရိယာလည်း အဆပေါင်းများစွာ ပိုမိုကျယ်ပြန့်လာသည်။

ထိုအချိန်တွင် သြစတေးလျနိုင်ငံက ဦးဆောင်ရှာဖွေနေသည့် အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းတွင် ပျောက်ဆုံးနေသည့် MH370 ဟု ယူဆရသည့် လေယာဉ် ကို မြင်တွေ့ခဲ့ကြရဟု သတင်းများထွက်ပေါ်လာခဲ့သည်။ ကီလိုမီတာ ထောင်ပေါင်းများစွာ ကွာဝေးသည့် မော်လ်ဒိုက်နိုင်ငံတွင် ဖြစ်သည်။

သီရိလင်္ကာနိုင်ငံ၏ အနောက်တောင်ဖက် ကီလိုမီတာ ၇၀၀ အကွာ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ကျွန်းနိုင်ငံတခုဖြစ်သော မော်လ်ဒိုက် နိုင်ငံတွင် နေထိုင်သူများက MH370 လေယာဉ် အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံးသွားသည့် နံနက်တွင် ခပ်နိမ့်နိမ့်ပျံလာသည့်  ဂျက်လေယာဉ်ကြီးတစီးကို မြင်တွေ့ခဲ့ကြရသည်ဟု ဆိုသည်။

လေယာဉ်၏ အရောင်မှာ အဖြူရောင်ဖြစ်ပြီး အနီရောင် အစင်းကြောင်းများပါဝင်နေသည်ဟု သိရသည့် အတွက် မလေးရှား လေကြောင်းလိုင်း လေယာဉ်များနှင့် တူညီနေသည်။ မတ်လ ၈ရက်နေ့ ဒေသစံတော်ချိန် နံနက် ၆ နာရီ ၁၅ မိနစ်တွင် Kuda Huvadhoo ကျွန်းပေါ်မှ အသံ ဆူညံကျယ်လောင်စွာဖြင့် ဖြတ်ကျော်ပျံသန်းသွားသည်ဟု မော်လ်ဒိုက် သတင်းစာ Haveeru Daily ၏ အဆိုအရသိရသည်။

“ကျနော်တို့ ကျွန်းပေါ်ကနေဖြတ်ပြီး ဂျက်လေယာဉ် နိမ့်နိမ့်လေး ပျံသန်းသွားတာကို တခါမှ မမြင်ဖူးပါဘူး” ဟု အမည် မဖော်ပြထားသော မျက်မြင်သက်သေတဦးက ပြောသည်။

“ကျနော်တို့ ရေယာဉ်ပျံတွေ မြင်ဖူးပါတယ် ဒါပေမယ့် ဒါက ရေယာဉ်ပျံ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ ကျနော် လေယာဉ်ရဲ့ ပြတင်းပေါက်တွေကိုတောင် ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပါတယ်။ ကျနော်တယောက်တည်း မဟုတ်ပါဘူး။ တခြား သူတွေလည်း ကျနော့်လိုပဲ တွေ့ခဲ့ကြတယ်လို့ ပြောပါတယ်။ ဘာဖြစ်လို့ ဒီလောက် အသံအကျယ်ကြီး ကြားရသလဲဆိုတာ သိချင်လို့ တချို့လူတွေ အိမ်ထဲကထွက်ကြည့်ကြတယ်” ဟုလည်း သူကဆိုသည်။

Kuda Huvadhoo ကျွန်း၏ အကြီးအကဲတဦး ဖြစ်သော Mohamed Zaheem က တခြား ဒေသခံများကလည်း တွေ့မြင်ခဲ့ရသည်ဟု ပြောကြကြောင်း Haveeru Daily သို့ပြောသည်။ လေယာဉ်က မော်လ်ဒိုက်တောင်ပိုင်းသို့ ဦးတည်ပျံသန်းသွားကြောင်းလည်း ဒေသခံများက ပြောကြသည်

မော်လ်ဒိုက်တွင် တွေ့ရှိခဲ့ရသည်ဆိုသည့် သတင်းသည် ယခုသီတင်းပတ် အစောပိုင်းက အင်တာနက်တွင် ဖော်ပြခဲ့သော ဝါရင့်လေယာဉ်မှူးတဦးဖြစ်သည့် Chris Goodfellow ၏ ခန့်မှန်းချက်နှင့် ကိုက်ညီနေသည်။ ကိုယ်ပိုင် ဘလော့ဂ်တွင် ရေးသားခဲ့သော သူ၏ အယူအဆကို အင်တာနက်ပေါ်တွင် ထောက်ခံသူ အမြောက်အများရှိခဲ့ပါသည်။

Chris Goodfellow က လေယာဉ်ပေါ်တွင် မီးလောင်မှုဖြစ်ပွားပြီး ဆက်သွယ်ရေးစက်များ ပျက်စီးသွားပြီးနောက် လေယာဉ်မှူးက အရေးပေါ် ဆင်းသက်ရန်အတွက် မလေးရှားနိုင်ငံ လန်ကာဝီကျွန်းသို့ ဦးတည်ခဲ့ခြင်းဖြစ်သည်ဟု ယူဆထားသည်။

လေယာဉ်မှူးများ မီးခိုးမွှန်ပြီး မေ့မျောသွားသည့် အချိန်တွင် လေယာဉ်က အလိုအလျှောက် မောင်းနှင်သည့် စနစ်ဖြင့် ဆီကုန်သည်အထိ သို့မဟုတ် ပျက်ကျသည်အထိ ဆက်လက်ပျံသန်းသွားခဲ့သည်ဟု သူက ယူဆထားသည်။

“အချိန်ကို တိုင်းတာကြည့်လိုက်ရင် မော်လ်ဒိုက်မှာ တွေ့ခဲ့ရတယ်ဆိုတဲ့ သတင်းနဲ့ ကိုက်ညီနေပါတယ်။ လေယာဉ်ပျံဟာ မော်လ်ဒိုက် အနောက်ဖက် မလှမ်းမကမ်းမှာ ရှိနေနိုင်ပါတယ်” ဟု သူက ထပ်မံရေးသားခဲ့သည်။

ပျောက်ဆုံးသွားသည့် အချိန်မှစ၍ ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတကာက ဝိုင်းဝန်း ကူညီပေးခဲ့ကြသည့် နိုင်ငံပေါင်း ၂၅ နိုင်ငံထဲတွင်  မြန်မာနိုင်ငံလည်း အပါအဝင် ဖြစ်ပါသည်။

ရှာဖွေရေး ဧရိယာကို တိုးမြှင့်လိုက်ပြီးနောက် မြန်မာလေပိုင်နက် အတွင်းတွင်လည်း မတ်လ ၁၅ ရက်နေ့မှ စတင်၍ အမေရိကန်နှင့် အိန္ဒိယလေယာဉ်များက ပျောက်ဆုံးလေယာဉ်ကို လိုက်လံရှာဖွေနေကြပြီ ဖြစ်သည်။ မလေးရှာ နိုင်ငံက မတ်လ ၁၁ ရက်နေ့မှ စတင်ခွင့်တောင်းခဲ့ ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဖက်က မတ်လ ၁၈ ရက်နေ့အထိ တပတ်ရှာဖွေခွင့်ပြုခဲ့ပြီး ထပ်မံခွင့်တောင်းလာပါကလည်း ရက်တိုးပေးသွားမည်ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောသည်။

ထိုသို့ရှာဖွေရာတွင် မြန်မာရေတပ်မှ စစ်ရေယာဉ် ၃ စီးလည်း ဝင်ရောက်ကူညီမည်ဟု သိရသည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ ရေဒါ နည်းပညာ အားနည်းမှုကြောင့် ထိရောက်စွာ ကူညီနိုင်ရန် အကန့်အသတ် ရှိနေကြောင်းလည်း မြန်မာ တာဝန်ရှိသူများက ပြောကြသည်။ မလေးရှားနိုင်ငံက လေယာဉ်ဖြတ်သန်း သွားဖွယ်ရှိသော လမ်းကြောင်းပေါ်ရှိ  တခြားနိုင်ငံများထံမှ ဂြိုဟ်တု ဓာတ်ပုံများ၊ ရေဒါမှတ်တမ်း အချက်အလက်များပေးရန် တောင်းခံခဲ့သော်လည်း မြန်မာနိုင်ငံထံမှ တောင်းခံလာခြင်း မရှိသေးကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံပိုင်နက်အတွင်းတွင် မတ်လ ၁၅ ရက်နှင့် ၁၆ ရက်များတွင်ရှာဖွေခဲ့ရာ မည်သည့်ထူးခြားမှုမျှ မတွေ့ရှိခဲ့ရကြောင်း ဦးတင်နိုင်ထွန်းကပြောသည်။ မြန်မာနိုင်ငံက ဘင်္ဂလားပင်လယ်အော်၊ မုတ္တမ ပင်လယ်ကွေ့နှင့် ကိုကိုးကျွန်း ပတ် ဝန်းကျင် စသည့်နေရာများတွင် ရှာဖွေခွင့်ပြုထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading