နိုင်ငံတဝန်းရှိ လစ်လပ်နေသည့် မဲဆန္ဒနယ် ၃၀ ၌ ကြားဖြတ် ရွေးကောက်ပွဲ ထပ်မံ ကျင်းပပေးမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ပြောကြောင်း သိရသည်။
ယနေ့ ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ လှည်းကူးမဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း က အကြောင်း အမျိုးမျိုးကြောင့် လစ်လပ်နေသည့် မဲဆန္ဒနယ်များ၌ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပ ပေးရန် ရှိမရှိ မေးမြန်းရာ ကျင်းပပေးမည်ဟု ကော်မရှင် ဥက္ကဋ္ဌ ဦး တင်အေး က ဖြေဆိုခဲ့ခြင်း ဖြစ်သည်။ မည်သည့်အချိန်တွင် ကျင်းပ မည် ဆိုသည်ကို တိကျစွာ ဖြေဆိုမှု မရှိခဲ့ပေ။
ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် အတွင်း ပထမဆုံး အကြိမ် ကျင်းပခဲ့သေးသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က“ဘယ်အချိန် ကျင်းပမယ်ဆိုတာတော့ အတိအကျ ပြောမသွားပါဘူး၊ ကျင်း ပမယ့် အချိန်ကို ၃ လ ကြိုတင် ကြေညာပေးမယ်၊ ရာသီဥတု သာယာတဲ့ အချိန်အခါကို ရွေးပြီး လုပ်ပေးမယ်လို့ပဲ ဖြေဆိုသွားပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
နိုင်ငံတဝန်း လစ်လပ် မဲဆန္ဒနယ်များ၌ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရန် ရှိမရှိ ပြီးခဲ့သည့်နှစ် အတွင်း ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌လည်း ဦးဖေသန်းက မေးမြန်းခဲ့သေးသည်။
ကြားဖြတ်ရွေးကောက်ပွဲအား ဘယ်နှစ်ကြိမ် လုပ်ရမည်၊ ကိုယ်စားလှယ် အရေအတွက် မည်မျှရှိပါက ကျင်းပပေးရမည် စသည်တို့ ပါရှိသော ဥပဒေ သီးသန့် မရှိသေးဟုသာ ဖြေဆိုခဲ့ကြောင်း၊ ယခုအခါ ထိုဥပဒေ ရှိနေပြီဖြစ်၍ ကျင်းပနိုင်တော့ မည် ဖြစ်ကြောင်း ဦးဖေသန်း က ရှင်းပြသည်။
မြန်မာနိုင်ငံ တဝန်းတွင် လက်ရှိ လစ်လပ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ၁၃ နေရာ၊ အမျိုးသား လွှတ်တော် ၆ နေရာနှင့်ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော် ၁၁ နေရာရှိ၍ စုစုပေါင်းနေရာ ၃၀ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရုံးမှ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင် က ဧရာဝတီ ကို ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရခြင်းသည် လစ်လပ် မဲဆန္ဒနယ်များရှိ ပြည်သူများအတွက် ၎င်းတို့၏ လိုအပ်ချက်များကို တင်ပြ တောင်းဆိုပေးမည့် ကိုယ်စားလှယ် မရှိကြောင်း၊ ထို့ကြောင့် မဲဆန္ဒရှင်များ၏ ဆုံးရှုံးနေသည့် အခွင့်အရေးများ ရရှိရန် လိုအပ်နေသည့်အတွက် ရွေးကောက်ပွဲ ကျင်းပပေးရေး လွှတ်တော်၌ တောင်းဆိုမှုများ ရှိ၍ ကျင်းပေးရန် စီစဉ်ခြင်း ဖြစ် ကြောင်း ၎င်း က ဆက်ပြောသည်။
ထို ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ရခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် ပါဝင်ရမည့် ကိုယ်စားလှယ် အရေအတွက် မပြည့်၍ ဖြစ်ကြောင်းလည်း လွှတ်တော် အသိုင်းအဝိုင်းက ပြောသည်။
ယခု လစ်လပ်နေသည့် မဲဆန္ဒနယ်များသည် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေး တိုင်း စသည့် ဒေသများ ဖြစ်ကြောင်း သိရသည်။
လစ်လပ်နေသည့် မဲဆန္ဒနယ် ၄၅ နေရာ၌ ပထမ အကြိမ် ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီလ တွင်ကျင်း ပခဲ့ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၄၃ နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၁ နေရာနှင့် ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ် ပါတီ က ၁ နေရာ အနိုင်ရခဲ့ကြသည်။
ပြည်လုံးကျွတ် ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်က ကျင်းပခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ က အနိုင်ရရှိပြီး အစိုးရ ဖွဲ့စည်းနိုင်ခဲ့သည်။