အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက် ဆော်သြ ဆောင်ရွက်နေသူ ဆရာတော် အရှင်ဝီရသူက အခု ရခိုင်ပြည် ခရီးစဉ် သံတွဲမှာ စာနယ်ဇင်း သင်တန်း ဖွင့်လှစ် ဆိုတဲ့ သတင်းတပုဒ် ဖတ်လိုက်ရတယ်။
စာရေးသူ အနေနဲ့ အရှင်ဝီရသူကို အွန်လိုင်း၊ ပုံနှိပ် မီဒီယာများမှာ ဆောင်းပါးများ ရေးသားနေသူ တယောက် အဖြစ် သိထားတယ်။ နိုင်ငံတကာ ရုပ်သံ မီဒီယာ တွေ့ဆုံမေးမြန်းခန်းတွေကနေ အရှင်ဝီရသူ သီတင်းသုံး နေထိုင်ရာ ကျောင်းမှာ လူမှုကွန်ရက်စာမျက်နှာတွေပေါ် စာတွေရေးတင်၊ ဆရာတော်ရဲ့ လှုပ်ရှားမှုတွေကို သတင်းတွေ ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ ရှိကြောင်း၊ အာဘော် ဆောင်းပါးတွေကို ဆရာတော် ကိုယ်တိုင် ရေးကြောင်း မှတ်သားခဲ့ရဖူးတယ်။
အရှင်ဝီရသူမှာ စာနယ်ဇင်းနဲ့ ပတ်သက်တဲ့ ကိုယ်ပိုင်အမြင်၊ ဗဟုသုတ၊ အတွေ့အကြုံနဲ့ ပြောစရာတွေ အများကြီး ရှိမယ် ဆိုတာ ခန့်မှန်းနိုင်တယ်။ ဒါပေမယ့် အခုလို စာနယ်ဇင်း သင်တန်းဖွင့် အခြားသူများကို ပြန်လည် ပို့ချနိုင်တဲ့ စာနယ်ဇင်း အတတ်ပညာနဲ့ အရည်အသွေး ရှိ မရှိ ဆိုတာတော့ ဝေဖန် ဆန်းစစ်ရမယ့် ကိစ္စ ဖြစ်တယ်။
Journalism ဆိုတဲ့ စာနယ်ဇင်း အတတ်ပညာဟာ အသက်မွေးဝမ်းကြောင်းမှု တမျိုး ဖြစ်တယ်။ စနစ်တကျ လေ့လာသင်ယူ ရတဲ့ ပညာရပ် တခု ဖြစ်တယ်။ ဝါသနာအလျောက် လေ့လာလိုက်စားသူများလည်း ရှိနိုင်တယ်။ ဒါပေမယ့် Professional Journalism အသက်မွေးဝမ်းကြောင်း စာနယ်ဇင်း အတတ်ပညာမှာ ကျယ်ပြန့်တဲ့ အကြောင်းအရာ၊ ကဏ္ဍ၊ ကျင့်ဝတ် ပေါင်း မြောက်မြားစွာအတွက် စည်းကမ်းတကျ ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖို့ လိုတယ်။ သတင်း ရယူပုံ၊ သတင်း တင်ပြပုံ၊ ရေးသားပုံ၊ နေရာ အထားအသို၊ စာသား၊ ရုပ်သေ/လှုပ်ရှားမှု ရုပ်ပုံ၊ အသံ အသုံးပြုပုံ အစရှိတဲ့ စာနယ်ဇင်း အလုပ် အသီးသီးအတွက် ပညာရပ်ပိုင်းဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာ သတ်မှတ်ပြဋ္ဌာန်းချက်တွေ ရှိတယ်။ စောင့်ထိန်းရမယ့် သီလတွေ ရှိတယ်။ ရဟန်းမှာ ရဟန်းဝိနည်း ရှိသလို စာနယ်ဇင်းသမားများမှာလည်း စာနယ်ဇင်း ကျင့်ဝတ် သီလ ထိန်းသိမ်းရမှုတွေ ရှိတယ်။
အရှင်ဝီရသူဟာ ရဟန်းဖြစ်တာကြောင့် စာနယ်ဇင်းအလုပ်ကို အသက်မွေးဝမ်းကြောင်း မလုပ်ခဲ့၊ မလုပ်နေဘူး ဆိုတာ ထင်ရှားတယ်။ စနစ်တကျ ကိုယ်ပိုင် လေ့လာဖူးသလား ဆိုတာတော့ မနီးစပ်တဲ့အတွက် အတပ် မပြောနိုင်ပါ။ ဒါပေမယ့် စာနယ်ဇင်း မေးမြန်းခန်းတွေ၊ တရားဝင် လူမှုကွန်ရက်စာမျက်နှာတွေကနေ သူ့ရဲ့ ပြောဆိုဟောကြားချက်တွေဟာ စာနယ်ဇင်း ကျင့်ဝတ်၊ သီလ၊ တာဝန် ရှုထောင့် ကနေ ဆိုရရင် စံမမီတာ တွေ့နိုင်သလို ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းရဲ့ စံသတ်မှတ်ချက် သဘောထားတွေနဲ့ မလျော်ညီတာတွေကိုလည်း တွေ့နိုင်တယ်။
ဥပမာ – ဆရာတော်ကို BBC Jonah Fisher က တွေ့ဆုံ မေးမြန်းရာမှာ လူမျိုး ဘာသာ အုပ်စုတစု မှာ တဦးချင်း သဘော ကောင်းသူ၊ ဆိုးသူ ဒွန်တွဲ ရှိနေမှုကို မရှုမြင်ဘဲ အားလုံး တသမတ်တည်း ပုံသေကားချပ်ချ (Stereotype)၊ အစွဲ နဲ့ ကောက်ချက်ချ (Prejudice) ပြန်ဖြေထားတာ တွေ့ရတယ်။ “မွတ်ဆလင်တွေဟာ အင်အားများလာပြီဆိုရင်တော့ ဝံပုလွေတွေ၊ မြေခွေးတွေလိုပဲ အုပ်စုဖွဲ့ပြီး တခြား သတ္တဝါတွေကို အနိုင်ကျင့်တတ်တယ်..။” (YouTube URL: http://youtu.be/nSihfWY41So တွင် နားဆင်နိုင်ပါတယ်။) ဒီလို လူမျိုး ဘာသာ အုပ်စုတခုကို ပုံစံချ သတ်မှတ်မှုဟာ နိုင်ငံတကာ စံနှုန်း၊ ဥပဒေတွေ အရ လူမျိုး/ဘာသာ ခွဲခြားမှု မြောက်ပါတယ်။ ဗမာပြည်သာ ၁၉၆၉ လူမျိုးရေးခွဲခြားမှု ပပျောက်ရေး ညီလာခံ ကို လက်မှတ်ထိုး သဘောတူထားခဲ့ရင် ဥပဒေအရ အရေးတောင် ယူနိုင်တယ်။
ဆရာတော် ရဲ့ တရားဝင် Facebook စာမျက်နှာမှာလည်း အနည်းဆုံး အဆင့် အခြား ဘာသာလူမျိုးကွဲ အပေါ် ခေါ်ဝေါ်တဲ့ အသုံးအနှုန်းတွေဟာ တဖက်အုပ်စုက ရင့်သီး၊ စော်ကားတယ်လို့ ခံယူထားတဲ့ အသုံးအနှုန်းတွေကို လှိုင်လှိုင်သုံး သတင်းတွေ တင်ဆက်၊ စာတွေ ရေးသားနေတာ တွေ့ရတယ်။ ဒါ့အပြင် ဆရာတော်ဘုရားရဲ့ တရားပွဲတွေမှာ ဟောကြားနေတဲ့ အသုံးအနှုန်းတွေ၊ သဘောထားတွေကလည်း နိုင်ငံတကာ စံနှုန်းတွေ၊ ဥပဒေတွေအရ ကြည့်ရင် “အမုန်းတရား (Hate Speech)” အဖြစ် အဓိပ္ပာယ် ဖွင့်ဆိုနိုင်တယ်။
“ကုလား မှန်သမျှ ဗမာမြင်ရင် ကြောက်လန့်နေရမယ်” ဆိုတဲ့ ဟောပြောမှုမျိုးတွေ အပြင် ဆရာတော် သက်တော် ငယ်ရွယ်ချိန်က ဟောကြားခဲ့တယ်လို့ ယူဆရတဲ့ ရုပ်သံမှတ်တမ်းဟောင်း တခုမှာဆိုရင် “မန္တလေးက မွတ်ဆလင်တွေ နေစရာ၊ စားစရာ မရှိအောင် လုပ်ပြမယ်” ဆိုတဲ့ အဟောမျိုး အထိ ကြားနာခဲ့ရဖူးတယ်။ ဒီလို ဟောပြောမှုမျိုးဟာ တဖက် လူမျိုး ဘာသာ အုပ်စုဝင်တွေကို ကာယကံမြောက် အကြမ်းဖက်မှုမျိုး မပြုသည့်တိုင် ခြိမ်းခြောက်မှုမြောက်နေတာ တွေ့ရတယ်။ အမုန်းတရားပွားမှုကို ပြင်းပြင်းထန်ထန် အရေးယူလေ့ရှိတဲ့ တိုင်းပြည်မျိုးသာ ဆိုရင် ဆရာတော်ကို ဥပဒေ အရ အရေးယူနိုင်တယ်။
ဒီလို သဘော၊ အလုပ်တွေကို ထောက်ချင့်ပြီး ဆရာတော်မှာ နိုင်ငံတကာ စံနှုန်းတွေကို သိနားလည်မှု နည်းကြောင်း၊ မတူကွဲပြားမှုတွေကို သည်းခံ နားလည်နိုင်စွမ်းတဲ့ ယဉ်ကျေးပြီး ၂၁ ရာစု လူသား တဦး စောင့်ထိန်းရမယ့် အသိ၊ ကျင့်ဝတ်တွေကို သိနားလည် လက်ခံမှု နည်းနေကြောင်း၊ သတင်း ဆောင်းပါးများ ရေးသားရာမှာ စောင့်ထိန်းရမယ့် စာနယ်ဇင်း တာဝန်၊ ကျင့်ဝတ်တွေကို လျစ်လျူရှု ပျက်ကွက်နေကြောင်း သုံးသပ်နိုင်တယ်။ ဒီလို နောက်ခံမှာ အခု ဆရာတော်က ပြန် စာနယ်ဇင်း သင်တန်း ပေးမယ် ဆိုနေပြန်တော့ ဘယ်လို သဘောထားတွေ၊ ဘယ်လို စံနှုန်းတွေ သွန်သင် ဟောကြား ပြောဆိုမယ် ဆိုတာကို နိုင်ငံသား တယောက် အနေနဲ့ စိုးရိမ်မိတယ်။
“ကမ္ဘာကြီး အမှန်ကို သိစေဖို့ Facebook ကိုယ်စီ သုံးကြစို့” ခေါင်းစဉ် နဲ့ အစပြု သံတွဲမြို့၊ သိမ်ကုန်းကျောင်းတိုက်မှာ ဆရာတော် မီဒီယာသင်တန်းပို့ချနေမှု သတင်းဓာတ်ပုံကိုလည်း ကြည့်လိုက်ရတယ်။ ခေတ်သစ် အိုင်တီ နည်းပညာ ကမ္ဘာကြီးမှာ လူထုကြားက လူထုစာနယ်ဇင်းသမားများ ထွန်းကား များပြား၊ လူမှုကွန်ရက်စာမျက်နှာတွေ အသုံးချ လူထု အသံတွေ ထုတ်ဖော်လာခြင်းဟာ ကောင်းမွန်တဲ့ တိုးတက်မှု ဖြစ်တယ်။ ကမ္ဘာမှာ နိုင်ငံရေး အပြောင်းအလဲတွေတောင် လူမှုကွန်ရက်စာမျက်နှာများ ကျေးဇူးမကင်းပါဘူး။
အခု ဆရာတော်ဘုရားကလည်း စာနယ်ဇင်းမှာ လူထုမီဒီယာ သဘော Facebook ကို အသုံးပြု ကမ္ဘာကြီးကို အမှန်တွေ တင်ပြကြစို့ တိုက်တွန်း သင်ကြားခြင်းကို စာရေးသူအနေနဲ့ အပြည့်အဝ ထောက်ခံ ကြိုဆိုတယ်။ ဆရာတော် တင်ပြတဲ့ “အမှန်” ဆိုတဲ့ အချက်ကို အကြောင်းအရာ အပေါ် ကိုယ်ပိုင် ဆင်ခြင်သုံးသပ်ပြီး စာရေးသူ လက်ခံခြင်း မခံခြင်းက တကဏ္ဍ ဖြစ်တယ်။ ဆရာတော်ရဲ့ မိမိ ယုံကြည်ရာ အမှန်တရားကို လွတ်လပ်စွာ ထုတ်ဖော်ခွင့် အတွက် စာရေးသူ အနေနဲ့ အသက်နဲ့ရင်းပြီး ကာကွယ်ချင်တဲ့ ဆန္ဒရင်းခံ အမှန်ရှိတယ်။
ဒါပေမယ့် ဟောပြောမှု၊ သင်ကြားပြသမှုတွေ အားလုံးဟာ လူမျိုး၊ ဘာသာ၊ လူမှု အလွှာ၊ နိုင်ငံရေး အုပ်စု၊ ကျားမ လိင်၊ လိင်တိမ်းညွတ်မှု အစရှိတဲ့ မတူကွဲပြားမှု ရှိတဲ့ အုပ်စု တစုစု ကို ချိုးနှိမ်ခြင်း၊ ခွဲခြားခြင်း၊ ထိခိုက်စေခြင်း၊ အမုန်းပွားစေခြင်း ကင်းဖို့တော့ လိုတယ်။ ဒါမှသာ ခေတ်သစ် ၂၁ ရာစု ယဉ်ကျေးပြီး ဒီမိုကရေစီ လူ့ဘောင် အဖွဲ့အစည်းနဲ့ ကိုက်ညီတဲ့ လွတ်လပ်စွာ ပြောဆို၊ ဆန္ဒ သဘော ထုတ်ဖော်ခွင့် (Freedom of Expression/ Freedom of Speech) ဖြစ်ပါမယ်။
လူမျိုး၊ ဘာသာ အုပ်စုတခုခု အပေါ် အမုန်းပွားစေမှု၊ မတူကွဲပြားတဲ့ အုပ်စုများ အကြား အမြင်မကြည်လင်၊ လောဘ၊ ဒေါသ၊ မောဟတွေ ဖြစ်စေ၊ အငြိုးအတေး၊ အာဃာတတွေ တည်ဆောက်၊ အမုန်းတွေ ဖွဲ့၊ ပဋိပက္ခတွေဖြစ်စေမယ့် ပြောဆိုမှုမျိုး မဖြစ်ရင် ဆရာတော် ရဲ့ ရေးသား၊ ဟောကြား၊ ပို့ချချက် အားလုံးကို စာရေးသူအနေနဲ့ လုံးဝ ဘာမှ စောဒက တက်စရာ မရှိပါ။ တဖက် အုပ်စု တခုခုကို မတိုက်ခိုက်၊ ထိခိုက် နစ်နာစေခြင်း မရှိဘဲ လူမှုကွန်ရက် အွန်လိုင်စာမျက်နှာများကို အသုံးချပြီး ဗုဒ္ဓ ရဲ့ တရား၊ ဓမ္မတွေကို ဘုရား သားတော် တပါး အနေနဲ့ ပြန်လည် ဖြန့်ဖြူးခြင်း၊ လူမျိုး၊ ဘာသာ၊ သာသာနာ ဖွံ့ဖြိုးတိုးတက် စည်ပင်အောင် ကြံဆောင်ခြင်း အားလုံးကိုလည်း အပြည့်အဝ လက်ခံတယ်။
ကမ္ဘာ့ အထင်ရ ဗုဒ္ဓဘာသာ ခေါင်းဆောင် ဘုန်းတော်ကြီး တပါး ဖြစ်တဲ့ ဒလိုင်လားမားမှာ တရားဝင် Facebook နဲ့ Web Page ရှိတယ်။ ဗုဒ္ဓ တရားမြတ်တွေကို ဟောကြား၊ သာသနာပြုနေရင်းနဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေး ဘာသာပေါင်းစုံ ချစ်ကြည်ရေး တွေကို အွန်လိုင်းမီဒီယာ အသုံးချ ကျယ်ကျယ်ပြန့ြ်ပန့် ဆောက်ရွက်နေတယ်။ ကမ္ဘာမှာ အခြား ဘာသာကွဲများ အပါအဝင် လူသား သန်းပေါင်းများစွာရဲ့ ကြည်ညို လေးစား ထောက်ခံမှု ရနေတာက သဓကပါ။
ဗုဒ္ဓ ဘာသာရဲ့ အဓိက လမ်းစဉ်ကြီးဟာ မေတ္တာတရား ပွားများခြင်း ဖြစ်တယ် လို့ စာရေးသူ အနေနဲ့ နှစ်နှစ်ကာကာ ယုံကြည်တယ်။ တနည်းအားဖြင့် ဗုဒ္ဓ လမ်းစဉ်ဟာ သံသရာ မလွတ်မြောက်ခင် စပ်ကြားမှာ လောဘ၊ ဒေါသ၊ မောဟ ကို ကင်းအောင်ထား၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားကို ရှုမြင်၊ အမုန်း အာဃာတ တရားတွေကို ချေဖျက်၊ လူသားအချင်းချင်း ချစ်ခြင်း မေတ္တာတည်ဆောက်မှုကိုသာ အဓိက ဇောင်းပေး သင်ကြားပြသတယ်လို့ မှတ်သိခဲ့ရတယ်။ ဒီ သဘောဟာ ခေတ်သစ် လူ့အခွင့်အရေး စံနှုန်း၊ နိုင်ငံတကာ ယဉ်ကျေးမှု အမြင်တွေနဲ့လည်း ကိုက်ညီ၊ ပေမီ ဒေါက်မီပြီး ဖြစ်တယ်။
ဒါကြောင့် ငါ၊ သူတပါး၊ ယောကျာ်၊ မိန်းမ၊ ကုလ မျိုးနွယ်၊ ဇာတိ၊ အသားအရောင် ဆိုတဲ့ တကယ် စစ်မှန်မှု ပရမတ်တရား မဟုတ်တဲ့ ပညတ်ချက်တွေကို ထည့်သွင်း မစဉ်းစားဘဲ ရုပ် နာမ် နှစ်ပါးနဲ့သာ ဖွဲ့စည်း တည်ရှိတဲ့ လူသားအချင်းချင်း မေတ္တာ ပွား၊ အမုန်းတရား လျော့ပါးစေရေး တရား၊ ဗုဒ္ဓ ဝါဒ လမ်းစဉ် အစစ် နဲ့ အညီ ဆိုရင် တရား ဓမ္မ ဟောပြောမှုတွေကို Facebook သုံးပြီး ဖြန့်ခိုင်းတာ ဆရာတော်ကို ထောက်ခံ ကြိုဆိုရပါမယ်။ ဗမာ့ လူ့ အဖွဲ့အစည်း ငြိမ်းချမ်း သာယာ၊ ဖွံ့ဖြိုးတိုးတက် စိတ္တ၊ သုခ နှစ်ဖြာ ချမ်းသာရေး ရည်မျှော် “အမုန်းတရား တိုက်ဖျက်ဖို့ Facebook သုံးကြစို့” လို့တောင် ပြန်လည် ကြွေးကြော်၊ နှိုးဆော်၊ တိုက်တွန်းချင်ကြောင်းပါ ခင်ဗျာ။
(စာရေးသူ သည် သြစတြေးလျနိုင်ငံတွင် အိုင်တီ နှင့် စီးပွားရေး မဟာပညာရပ်များကို လေ့လာသင်ယူခဲ့ပြီး ခေတ္တ နေထိုင်လျက်ရှိကာ အွန်လိုင်း မီဒီယာ များတွင် မျက်မှောက် ရေးရာ နှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။ ဤ စာနှင့် ပတ်သက်၍ ဝေဖန်၊ အကြံပြုလိုသူများ [email protected] သို့ စာရေးဆက်သွယ်နိုင်သည်။)