မြန်မာနိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်ထားသော နိုင်ငံသားများကိုသာ နိုင်ငံရေး ပါတီ တည်ထောင်ခွင့် ပြုမည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကြမ်းကို ယနေ့ ကျင်းပသည့် အမျိုးသား လွှတ်တော်က အတည်ပြု လိုက်သည်။
ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ဥပဒေအမှတ် ၂/၂၀၁၀ ဖြင့် ပြဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် White Card ဟု ခေါ်သော ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်သူများကိုပါ နိုင်ငံရေး ပါတီ ထူထောင်ခွင့် ပေးထားခဲ့သောကြောင့် ယင်းနေရာတွင် နိုင်ငံသားများသာဟု အစားထိုးခွင့်ကို ယနေ့ လွှတ်တော်၌ အတည်ပြုလိုက်ခြင်း ဖြစ်သည်။
မတ်လ ၁၂ ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ဧည့်နိုင်ငံသား၊ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူများအား ပါတီ တည်ထောင်ခွင့် ပေးထားသည့် အချက်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဆန့်ကျင်ဘက် ဖြစ်နေကြောင်း၊ ယင်းဥပဒေပါ အချက်ကို ပြင်ဆင်ရန် တင်ပြခဲ့ပြီး၊ လွှတ်တော် ကိုယ်စားလှယ်များက ပြင်ဆင်သင့်၊ မပြင်ဆင်သင့် ပါဝင် ဆွေးနွေးခဲ့ ကြသည်။
အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီက လတ်တလောတွင် နိုင်ငံသား မဟုတ်သည့် ဧည့်နိုင်ငံသား၊ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူများကို နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြဋ္ဌာန်းချက်ကို ပြင်ဆင်ရန် ကြားနာခဲ့ပြီးနောက် ယနေ့တွင် အမျိုးသား လွှတ်တော်က အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။
White Card နေရာတွင် နိုင်ငံသားဟု အစားထိုးလိုက်ပြီး နိုင်ငံသားများသာ ပါတီ ထူထောင်ခွင့်ပြုရန် ပြင်ဆင်လိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ ဥပဒေကို ပြင်ဆင် အတည်ပြုရန် အဆို တင်သွင်းခဲ့သည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ဧရာဝတီသို့ ပြောသည်။
“နိုင်ငံရေး ပါတီ တည်ထောင်လိုတဲ့ ပုဂ္ဂိုလ်တွေဟာ နိုင်ငံသား ဖြစ်မှ ရတော့မယ်။ နိုင်ငံသား စိစစ်ရေး ကတ်ပြားကို တင်ပြနိုင်ဖို့ လိုတယ်။ ယာယီ သက်သေခံ လက်မှတ် ဆိုတာကို ဖျက်လိုက်ပြီ”ဟု ဒေါက်တာ အေးမောင်က ဆိုသည်။
White Card ဆိုသည်မှာ နိုင်ငံသား လက်မှတ်ရရန် စောင့်ဆိုင်း နေသူများသာ ကိုင်ဆောင်ခွင့် ရှိသော်လည်း ရခိုင်ပြည်နယ်တွင် White Card ကိုင်ဆောင်သူ များစွာ ရှိနေပြီး ယင်းတို့မှာ ပါတီတည်ထောင်ခွင့်၊ မဲပေးခွင့်များ ရရှိလျက် ရှိကြောင်း လွှတ်တော် အသိုင်းအဝိုင်းမှ သိရသည်။
White Card ကိုင်ဆောင်သူများမှာ နိုင်ငံခြားသားများ မဟုတ်ဘဲ နိုင်ငံသား ဖြစ်ခွင့် ရရှိရန် စောင့်ဆိုင်း နေသူများ ဖြစ်ကြောင်း၊ White Card ကိုင်ဆောင်သောကြောင့် တိုင်းပြည်ရေးရာ နိုင်ငံရေးများတွင်ပါဝင်ရန် ကန့်သတ်လိုက်ခြင်းမှာ နိုင်ငံသားများ၏ အကျိုးစီးပွားကို အစိုးရက မျက်ကွယ် ပြုလိုက်ခြင်း ဖြစ်ကြောင်း ပြည်ထောင်စု အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ လျှောက်ထားသူ ဦးသာအေးက ဧရာဝတီသို့ ပြောသည်။
“နိုင်ငံသား မှတ်ပုံတင် ကိစ္စမှာ ဥပဒေ ပြဋ္ဌာန်းမယ် ဆိုရင်လည်း နိုင်ငံသားတွေရဲ့ အခွင့်အရေး မနစ်နာဖို့ လိုပါတယ်။ ကျနော်တို့ အခွင့်အရေးကို ဖြုတ်ပစ်လိုက်တာမျိုး မလုပ်စေချင်ဘူး”ဟု ဦးသာအေးက ပြောသည်။
ယင်းအပြင် နိုင်ငံရေး ပါတီဝင်များ အဖြစ် စည်းရုံးခွင့်ကို နိုင်ငံသား ဖြစ်ခြင်းဟု ပြောင်းလဲလိုက်ပြီး နိုင်ငံသား စိစစ်ရေး ကတ်ပြားရှိသူ ၊ နိုင်ငံသား ဖြစ်ခွင့်ရသူ စသည့် အချက် နှစ်ချက်နှင့် အစားထိုးလိုက်သည့်အတွက် ဧည့်နိုင်ငံသားများ ၊ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူများ နိုင်ငံရေး ပါတီဝင် အဖြစ် တည်ထောင် ပါဝင်ခွင့် ရတော့မည် မဟုတ်ကြောင်း သိရသည်။
နိုင်ငံရေးပါတီ ထူထောင်ထားသူ တချို့မှာ ယာယီ သက်သေခံ လက်မှတ်ဖြင့် နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင် ထားနိုင်သည့် အတွက် ယင်းပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အချိန်ကာလ တခု သတ်မှတ်ပေးပြီး တာဝန်ယူ ဖြေရှင်းပေးရန် လွှတ်တော်က တိုက်တွန်းထားကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။
“အရင်က နိုင်ငံရေးပါတီ ထောင်ခွင့် ရှိတဲ့ သူတွေထဲမှာ White Card တွေကိုပါ ထည့်ထားတာကိုး။ သူတို့လည်း နိုင်ငံသား ဖြစ်ခွင့်ရအောင် လုပ်ဖို့လိုတယ်။ နိုင်ငံသား မဟုတ်သေးတဲ့ နိုင်ငံရေး ပါတီဝင်တွေ ရှိတဲ့ ပါတီတွေ အတွက်တော့ အချိန်ကာလ တခု သတ်မှတ်ပေး လိုက်တယ်။ မဟုတ်ရင် ဒီဥပဒေကြမ်းကို ဒီနေ့ အတည်ပြုရင် နောက်နေ့ ပါတီက ထွက်ဆိုပြီး ဖြစ်နေမှာပေါ့။ တချို့ ပါတီတွေမှာက သောင်တင်ရေမကျ ဖြစ်နေတဲ့ သူတွေ ရှိနေတယ်”ဟု ဦးဖုန်းမြင့်အောင်က ပြောသည်။
White Card ကိုင်ဆောင်သူများ မဲပေးပိုင်ခွင့် ရှိနေသည့် အပေါ်တွင်လည်း ရွှေးကောက်ပွဲ ဥပဒေကို ပြင်ဆင်ရန် တင်ပြထားကြောင်း၊ နိုင်ငံသား မဟုတ်သူများ မဲပေးပိုင်ခွင့် ရှိမရှိကို လွှတ်တော်က ဆုံးဖြတ်လိမ့်မည် ဖြစ်ကြောင်း ဒေါက်တာ အေးမောင်က ပြော သည်။
“နိုင်ငံသား မဟုတ်တဲ့သူ ယာယီ သက်သေခံ လက်မှတ် ကိုင်ထားတဲ့သူကို မဲပေးခွင့် ပြုလို့ရှိရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ တို့တာဝန် အရေး ၃ ပါးတို့ ၊ အချုပ်အခြာ အာဏာတို့ကို ဘယ်သွားထားတော့ မလဲ။ လွတ်လပ်ရေး ယူခဲ့တာတောင် မှားတယ်လို့ ပြောကြလိမ့်မယ် ” ဟု ဒေါက်တာအေးမောင်က ဆိုသည်။
နိုင်ငံရေး ပါတီတခုသည် တိုင်းပြည်တွင် အလွန် အရေးကြီးသောကြောင့် ပါတီ တည်ထောင် လိုသူများသည် နိုင်ငံသား ဖြစ်ရန် လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူဦးရေ ၈ သိန်းခွဲ အပြင် ကချင်ပြည်နယ်၊ ကိုးကန့် နယ်စပ် နှင့် “ဝ´´ နယ်စပ်တို့တွင် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူများ ရှိကြောင်း ၊ ထိုပြဿနာကို အစိုးရ အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ဖြေရှင်းရန် လိုအပ်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များက ပြော ဆိုသည်။
“တည်ဆဲ နိုင်ငံရေးပါတီ ဥပဒေအရ အရင် မှတ်ပုံတင်ထားခဲ့တဲ့ နိုင်ငံရေး ပါတီတွေကို ကာလတခု သတ်မှတ်ပေးဖို့ ပြည်ထောင်စု ရွှေးကောက်ပွဲ ကော်မရှင်ကို တာဝန်ပေးတယ်။ အခုလက်ရှိ နိုင်ငံသား၊ ဧည့်နိုင်ငံသား နဲ့ ယာယီသက်သေခံ လက်မှတ်နဲ့ ပါတီထောင် ထားတဲ့သူတွေ ရှိကောင်း ရှိနိုင်တယ်လေ။ သုံးခေါက်ချိုးလို့ ခေါ်တဲ့ အမျိုးသား မှတ်ပုံတင်ကတ်ကလည်း အကျုံး မဝင်တော့တာ မို့လို့ နိုင်ငံရေး စိစစ်ရေး ကတ်ပြားရအောင် လျှောက်ကြပေါ့။ ပေးသင့်ပေးထိုက်တယ်၊ ဥပဒေနဲ့ ညီညွှတ်တယ်ဆိုရင် လဝက ဝန်ကြီးဌာနက ပေးရမှာပေါ။ ပေးသင့် မပေးသင့် သူတို့ ချိန်ဆမှာပါ ။ မညီညွှတ်ဘဲ ပေးရင် ပေးတဲ့သူပါ အရေးယူမှာ။ ၈၂ နိုင်ငံသား ဥပဒေအရ အရေးယူရမှာ။ လိမ်လည် လျှောက်ထားတဲ့သူကိုလည်း အရေးယူရမယ်”ဟု ဒေါက်တာ အေးမောင်က ဆိုသည်။