သတင်း

ရေမျော အပိုင်းအစများ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ ဩစတြေးလျတွေ့

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မလေးရှား လေယာဉ် MH 370 ကလို့ ယူဆရတဲ့ အပိုင်းအစ ၂ ခုကို သြစတြေးလျနိုင်ငံ အနောက်ဘက်ကမ်း ပင်လယ်ပြင်မှာတွေ့ရှိရတယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် တိုနီ အက်ဘော့က ဒီကနေ့ ထုတ်ပြန် ကြေညာ လိုက်ပါတယ်။

သြစတြေးလျ သင်္ဘောတွေဟာ ပျောက်ဆုံး မလေးရှား လေယာဉ်ကို တောင်ပိုင်း အိန္ဒိယ သမုဒ္ဒရာမှာ ရှာဖွေနေခဲ့တာ ဖြစ်ပြီး ဂြိုဟ် တု ဆက်သွယ်ရေးက ရရှိတဲ့ ပုံရိပ်မှာ မတ်လ ၁၆ ရက်လို့ ရက်စွဲပါရှိတဲ့ အဲဒီ အရာဝတ္တုပစ္စည်း ၂ ခုကို တွေ့ခဲ့တာပါ။

အဲဒီပစ္စည်းတွေ တည်နေရာကို တွေ့ဖို့ Orion လေယာဉ်တစီးကိုလည်း စေလွှတ်လိုက်ပြီလို့ တိုနီအက်ဘော့က သြစတြေးလျ ပါလီမန်ကို ပြောခဲ့တယ်လို့ ဘီဘီစီ သတင်းတပုဒ်က ဖော်ပြသွားပါတယ်။

“သြစတြေးလျ ရေကြောင်း လုံခြုံရေး တာဝန်ရှိသူတွေက အခုရှာဖွေမှုနဲ့ ဆက်နွယ်နိုင်တယ်လို့ ယူဆရတဲ့ ပစ္စည်း ၂ ခု နဲ့ပတ်သက်ပြီး ဂြိုဟ်တုက ပေးပို့တဲ့ အချက်အလက်တွေကို လက်ခံရရှိထားပါတယ်”လို့ တိုနီ အက်ဘော့က ပြောပါတယ်။

ပုံရိပ်ဆိုင်ရာ ကျွမ်းကျင်သူတွေကလည်း ပျောက်ဆုံးလေယာဉ်နဲ့ ဆက်စပ်မှု ရှိနိုင်တဲ့ အဲဒီ အရာဝတ္တု ပစ္စည်း ၂ ကို အတည်ပြုနိုင်ဖို့ ကြိုးစားနေကြပါပြီ လို့လည်း သူက ဆက်ပြောပါတယ်။

အရင်ကတွေ့ခဲ့ဖူးတဲ့ သဲလွန်စလို့ ယူဆခဲ့ရတာတွေဟာ နောက်ဆုံးတော့ သက်သေမပြနိုင်ခဲ့တာမို့ အခု ပုံရိပ်ထဲမှာ MH 370 ရဲ့ သဲလွန်စလို့ ယူဆရတဲ့ အရာ ၂ ခုကို လက်တွေ့ အတည်ပြုနိုင်ဖို့ဆိုတာလည်း ခက်ခဲတဲ့အကြောင်း သူက သတိပေး ထားပါသေး တယ်။

အခုတွေ့ရတဲ့ အစိတ်အပိုင်း ၂ ခုဟာ ဂြိုဟ်တုကနေ ဓာတ်ပုံရိုက် မှတ်တမ်းတင်ထားချက်ဖြစ်ပြီး သြစတြေးလျ နိုင်ငံ ပတ်သ် (Perth) မြို့ အနောက်တောင်ဘက် မိုင် ၁၅၅၀ ဝေးတဲ့ နေရာမှာဖြစ်ပါတယ်။ အပိုင်းအစ တခုက ခန့်မှန်းခြေ ပေ ၈ဝ ရှည်ကြောင်း သြစတြေးလျ အာဏာပိုင်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး နိုင်ငံတကာ သတင်းတွေ က ဆိုပါတယ်။

အဲဒီ ပစ္စည်း ၂ ခုဟာ သြစတြေးလျတိုက်၊ အာဖရိကတိုက်တောင်ပိုင်း နဲ့ အန္တာတိကတိုက် တို့ရဲ့ ကြားက အလွန်ကျယ်ပြန့်တဲ့ ပင်လယ်ပြင်ထဲမှာတွေ့ခဲ့ရခြင်း ဖြစ်တယ်လို့လည်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်ဟာ ကွာလာလမ်ပူ လေဆိပ်ကနေ လူပေါင်း ၂၃၉ ဦး လိုက်ပါပြီး ဘေဂျင်းကို မတ်လ ၈ ရက် နေ့က ပျံသန်းသွားရင်း ယနေ့အထိ ရှာဖွေနေရဆဲဖြစ်ပြီး နိုင်ငံပေါင်း ၂၆ နိုင်ငံက ပူးပေါင်းရှာဖွေနေခဲ့တာ ဒီနေ့ဆိုရင် ၁၂ ရက်ကျော်ရှိ လာခဲ့ပါပြီ။

လေယာဉ်ပျောက်ဆုံးပြီး ပထမ သီတင်းပတ်တုန်းကတော့ သြစတြေးလျကို မလေးရှား အာဏာပိုင်တွေက ရှာဖွေပေးဖို့ အကူအညီ တောင်းခဲ့သေးတယ်လို့ သိရပါတယ်။

စုံစမ်းရှာဖွေသူတွေကလည်း လေယာဉ်ဟာ ရေဒါက ကွယ်ပျောက်ပြီး နောက်ထပ် ၇ နာရီလောက် ဆက်ပြီး ပျံသန်း သွားခဲ့တယ် ဆိုတဲ့ အနေအထားတွေကြောင့် အတော်ကျယ်ဝန်းတဲ့ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းနဲ့ မြောက်ပိုင်း ဧရိယာ ၂ ခုကို ဖြန့်ကျက်ရှာဖွေနေခဲ့ကြပါတယ်။

သြစတြေးလျ ပင်လယ်ရေကြောင်း လုံခြုံရေး အာဏာပိုင်အဖွဲ့(AMSA) ရဲ့ အရေးပေါ်အခြေအနေ တုံ့ပြန်မှုဌာန အထွေထွေ မန်နေ ဂျာ ဂျွန်ယန်း က သြစတြေးလျ လေတပ်က လေယာဉ်တစီး အဲဒီ ပစ္စည်း ၂ ခု တွေ့တဲ့ နေရာကို ရောက်ရှိနေပြီ ဖြစ်ပြီးတော့ အခြား လေယာဉ်တွေလည်း လိုက်သွားနေကြပြီလို့ ကင်ဘာရာမြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက် တွေကို ပြော ခဲ့တယ်လို့ Reuters သတင်းတပုဒ်မှာ ပါရှိပါတယ်။

နော်ဝေ ကုန်တင်သင်္ဘောတစီးလည်း အဲဒီ နေရာကို နာရီ အနည်းငယ်အတွင်း ရောက်လာဖို့ ရှိပြီးတော့ ဆယ်ယူဖို့အတွက် ကိရိယာ အပြည့်အစုံ တပ်ဆင်ထားတဲ့  သြစတြေးလျ တော်ဝင်ရေတပ်က သင်္ဘောတစီးလည်း ထွက်ခွာသွားပြီ ဖြစ်ပေမယ့် ဒီအရာ ဝတ္တုတွေဆီကို ရောက်ဖို့ ရက်အနည်းငယ်ကြာဦးမယ်လို့လည်း သူကဆိုပါတယ်။

“ဒီဟာတွေက အရွယ်အစားသိပ်မကြီးမားတဲ့အတွက် လှိုင်းပုတ်မှုကြောင့် ရေမျက်နှာပြင်ပေါ်မှာ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေနိုင်ပါတယ်”လို့ ဂျွန်ယန်း က သတင်းထောက်တွေကို ပြောပါတယ်။ တာဝန်ရှိသူများ ဘက်က သတင်းထုတ်ပြန်ပေးဖို့ အတွက် ရက်အနည်းငယ် အချိန်ယူရနိုင်ကြောင်း၊ အဲဒီ ဧရိယာတဝိုက်မှာ မြင်ကွင်း သဲကွဲမှုမရှိတဲ့အတွက် ရှာဖွေရေးမှာ အနှောင့်အယှက်ဖြစ်နိုင်တဲ့ အကြောင်းလည်း သူကပြောပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့ အတိုင်းအတာတွေ အရ အရာဝတ္တု ၂ခုထဲက ၁ ခုက ၂၇ မီတာရှည်လျားတဲ့ လေယာဉ် အတောင်ပံ ရဲ့ အစိတ် အပိုင်းတခု ဖြစ်နိုင်ပေမယ့်  ပထမပုံရိပ်က သဲကွဲခြင်းမရှိကြောင်း သြစတြေးလျ တာဝန်ရှိသူတွေက သတိပေး ခဲ့ကြပါတယ်။

ကျွမ်းကျင်သူ တဦးကတော့ ဒီအရာဝတ္တုတွေက မလေးရှားလေယာဉ် MH 370 နဲ့ သက်ဆိုင်ခြင်းရှိမရှိကို အတည်ပြု ပေးနိုင်ဖို့ ၄၈ နာရီလောက် အချိန်ယူရမယ်လို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်လေကြောင်း အုပ်ချုပ်ရေးဌာနက အငြိမ်းစားအရာရှိ တဦးဖြစ်တဲ့ မိုက်ကယ် ဒန်နီရယ်က “ဒီအပိုင်းအစ တွေက MH370 နဲ့ ပတ်သက်တဲ့အကြောင်း သက်သေပြနိုင်ဖို့ သူတို့ အရမ်းဆန္ဒရှိနေတယ်ဆိုရင် တာဝန်ရှိသူတွေအရင်ဆုံးလုပ်ရမှာက ဆိုနာ ကိရိယာပါတဲ့ ဗော်ယာတခုကို ရေထဲချလိုက်ဖို့ပဲ။ တကယ်လို့ Black box အဲဒီမှာရှိရင် ဗော်ယာက အချက်ပြမှုကို ဖမ်းယူနိုင်လိမ့်မယ်။ အဲဒါက ၄၈ နာရီလောက်ကြာမယ်။ ဒါပေမယ့် သင်္ဘောတွေ တခြားယာဉ်တွေနဲ့ ဘယ် လောက် နီးသလဲ၊ ဝေးသလဲ ဆိုတာပေါ်မှာပဲ လုံးလုံး မူတည်ပါတယ်”လို့ The Straits Times သတင်းဌာနကို ပြောခဲ့ပါတယ်။

MH 370 ရဲ့ အပျက်အစီးတွေလို့ ယူဆရတဲ့ အရာဝတ္တုတွေ တွေ့တဲ့နေရာက ရေအနက်က Black box ကနေ ထုတ်လွှင့်ပေးနိုင်တဲ့ အသံကိုဖမ်းမိ နိုင်တဲ့ အနေအထားမှာ ရှိပြီးတော့ black box ကို ရှာတွေ့ခဲ့မယ်ဆိုရင် MH 370 ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရသလဲ၊ ဘာတွေဖြစ်ခဲ့ သလဲဆိုတဲ့ ပုစ္ဆာကို အဖြေရှာနိုင်ကြတော့မှာပါ။

တဖက်မှာလည်း  မလေးရှားအာဏာပိုင်တွေမှာ လေယာဉ်စီးခရီးသည် မိသားစုတွေရဲ့ သောကတွေကို ဖြေသိမ့်ပေးနေမှုတွေ ပြုလုပ်နေရသလို ဖိအားပေး ခံနေရမှုတွေလည်း ရှိနေပါတယ်။

ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ပေါ် လိုက်ပါသွားကြတဲ့ ခရီးသည်တွေရဲ့ မိသားစုတွေကလည်း မလေးရှား အာဏာပိုင်တွေအနေနဲ့ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုတဲ့ စွပ်စွဲချက်တွေလည်း ပေါ်ထွက်နေပြီး အစာငတ်ခံ ဆန္ဒပြတာတောင် ရှိပါတယ်။

ပျောက်ဆုံးလေယာဉ်နဲ့ပတ်သက်ပြီး MH 370 လေယာဉ်မှူးကြီးရဲ့ အိမ်ကို ရှာဖွေတဲ့အခါ လေယာဉ်စက်ခန်းငယ်ပုံစံ ပစ္စည်းတွေကို သိမ်းဆည်းရမိတာ၊ နောက်ပြီး လေယာဉ်မှူးကြီးကလည်း မကြာသေးခင်ကမှ ထောင်ဒဏ် ၅ နှစ်ချမှတ်ခံရတဲ့ မလေးရှားရဲ့ ထင်ရှားတဲ့ အတိုက်အခံခေါင်းဆောင် အန်နဝါ အီဘရာဟင်ကို ထောက်ခံသူဖြစ်တယ်ဆိုပြီး ပြောဆိုမှုတွေနဲ့ နိုင်ငံရေးမကျေနပ်မှုကြောင့် လေယာဉ်ကို အပိုင်စီးတာများလားဆိုတဲ့ သံသယတွေပွားနေချိန် အန်နဝါ အီဘရာဟင် က CNN သတင်းဋ္ဌာနနဲ့ အင်တာဗျူး ပေးခဲ့ပါတယ်။

အဲဒီ အင်တာဗျူးမှာ အန်နဝါက MH 370 လေယာဉ်မှူးကြီးကို သူက ပါတီရဲ့ တက်ကြွသူတဦး အနေနဲ့သာ သိကျွမ်းမှု ရှိတယ်လို့ ပြောထားပါတယ်။ အဲဒီအပြင် သူက မလေးရှား လေယာဉ်ပျောက်နဲ့ ပတ်သက်လို့ မလေးရှားအစိုးရရဲ့ သတင်း ထိန်ချုပ်ထားတာနဲ့ သတင်း ထုတ်ပြန်မှု နောက်ကျတာတွေကြောင့် မလေးရှားနိုင်ငံအပေါ် လူတွေက ပြောဆိုလာကြတာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

သူက မလေးရှားနိုင်ငံရဲ့ ရေဒါစနစ် အကြောင်းလည်း အလေးအနက် ထပ်ပြောသွားပါတယ်။

မလေးရှားရဲ့ ရေဒါ စနစ်ဟာ မလေးရှားကျွန်းဆွယ် ညာဘက်ကနေ အိန္ဒိယ သမုဒ္ဒရာဆီ ပျံသန်းသွားတဲ့ လေယာဉ်တစီးကို

ခြေရာခံမိနိုင်တဲ့ စွမ်းဆောင်မှု ရှိတယ်လို့ မလေးရှားအစိုးရ အဖွဲ့ဝင်တဦး ဖြစ်ခဲ့ဖူးသူ လက်ရှိ အတိုက်အခံ ခေါင်းဆောင် အန်နဝါ အီဘရာဟင် က ပြောထားတာကို မလေးရှား အွန်လိုင်း သတင်း တပုဒ်မှာလည်း ဖော်ပြထားပါတယ်။

“အနောက်ဘက်က ပျံသန်းတဲ့ ဘယ်လေယာဉ်ကို မဆို ဒီရေဒါ စနစ်က တောင်တရုတ် ပင်လယ် အရှေ့ဘက်ကမ်းကနေ အိန္ဒိယ သမုဒ္ဒရာ အနောက်ဘက်ကမ်း အထိ အကုန် ခြေရာခံနိုင်တယ်”လို့ အန်နဝါက CNN ကို ပြောပါတယ်။

အဓိက သူပြောသွားတဲ့အထဲမှာ အစိုးရခေါင်းဆောင်တွေက နိုင်နိုင်နင်းနင်း လေယာဉ်ပျောက်ကိစ္စကို ကိုင်တွယ်နိုင်မှု မရှိတာကို အံ့သြဖွယ်တွေ့ရပြီး အခုဖြစ်နေတဲ့ ပြဿနာမှာ အစိုးရရဲ့ ဦးဆောင်မှုအပေါ် ယုံကြည်မှုဆိုင်ရာ ပြဿနာဖြစ်လာတယ်လို့ သူက ထောက်ပြတယ်။

ဒါကြောင့်လည်း မလေးရှားအစိုးရ တာဝန်ရှိသူတွေ မနေ့က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အစိုးရအနေနဲ့ သတင်းမှန်ကို ချက်ချင်း ထုတ်ပြန်ပေးဖို့ အော်ဟစ် တောင်းဆိုမှုတွေ ဖြစ်ခဲ့ပါတယ်။ တရုတ် အစိုးရကလည်း အလားတူ ဖိအားပေးတာမျိုး ရှိပါတယ်။

ပျောက်ဆုံးလေယာဉ်စီး ခရီးသည်ထဲက တရုတ်ခရီးသည်တဦးရဲ့ မိခင်ကလည်း မလေးရှားအစိုးရကို သတင်းတွေ မှန်မှန် ကန်ကန် အမြန်ဆုံး ထုတ်ပြန်ပေးဖို့ တောင်းဆိုရင်း သူ့သား ပြန်ရောက်လာဖို့ကိုပဲ ငိုယိုပြီး ပြောဆိုနေခဲ့ပါတယ်။ အဲဒီနောက် သူ့ကိုလည်း အခန်းတခုထဲကို ဆွဲခေါ်သွားခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

နိုင်မင်းသွင် ပူးပေါင်း ရေးသားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading