ယူကရိန်းနိုင်ငံ၏ ခရိုင်းမီးယား ဒေသအား ရုရှားနိုင်ငံက ၎င်း၏ နိုင်ငံနယ်နမိတ်အတွင်း ထည့်သွင်းလိုက်သောကြောင့် အမေရိကန်နှင့် ဥရောပ သမဂ္ဂတို့က ရုရှားသမ္မတ မစ္စတာ ပူတင်နှင့် အနီးကပ် လူရင်းများကို အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှု အသစ်များ ချမှတ်လိုက်သည်။
ကျူးကျော် သိမ်းပိုက်မှုတွင် ပါဝင်ပတ်သက်နေသည့် လူပုဂ္ဂိုလ်တချို့နှင့် ဘဏ်တခုကို အရေးယူ ပိတ်ဆို့မှု စာရင်းအသစ်တွင် ထပ်မံဖြည့် စွက်ကြောင်း အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမားက ကြေညာလိုက်သည်။
ခရိုင်းမီးယား ဒေသကို ရုရှားက ကျူးကျော် သိမ်းပိုက်မှုကြောင့် ရုရှား ခေါင်းဆောင်များ၊ ခရိုင်းမီးယား ခေါင်းဆောင် တချို့နှင့် စီးပွားရေး လုပ်ငန်းရှင် တချို့ အပါအဝင် စုစုပေါင်း ၂၀ ဦးကို ဒဏ်ခတ် အရေးယူကြောင်း အမေရိကန် ပြည်ထောင်စုက ကြေညာခြင်း ဖြစ်သည်။
အမေရိကန်၏ ဒဏ်ခတ် အရေးယူခံရသူ လူ ၂၀ ဦးသည် ရုရှား သမ္မတ မစ္စတာ ပူတင်နှင့် နီးစပ်သူများ ဖြစ်ကြောင်းနှင့်
ရုရှား၏ ထိပ်တန်း ချမ်းသာသူများ ပါဝင်သကဲ့သို့ ရုရှား သမ္မတရုံး တာဝန်ခံ မစ္စတာ Sergei Ivanov လည်း ပါဝင်ပြီး၊ အရေးယူမှု စာရင်းတွင် ဘဏ်တခုလည်း ပါဝင်သည်ဟု NBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ အမေရိကန်က ရုရှား အရာရှိများနှင့် စီးပွားရေး လုပ်ငန်းရှင်များအား ဒဏ်ခတ် အရေးယူလိုက်ခြင်းသည် ရုရှားနိုင်ငံ သာမက ကမ္ဘာ့စီးပွားရေးကိုပါ ထိခိုက်နိုင်သည့် အနေအထား ရှိသော်လည်း၊ ရုရှား အနေဖြင့် ဆက်လက် လုပ်ဆောင်နေပါက နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဘေးဖယ်ခြင်း ခံထားရမည် ဆိုသည်ကို သိစေရေးအတွက် အရေးယူခြင်း ဖြစ်သည်ဟု အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ပြောသည်။
အမေရိကန် ဒဏ်ခတ်မှုကို တုံပြန်သည့် အနေဖြင့် ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ရီပတ်ဘလီကန် ပါတီ အထက်လွှတ်တော် အမတ် မစ္စတာ ဂျွန်မက်ကိန်း၊ ရီပတ်ပလီကန် အောက်လွှတ်တော် ဥက္ကဋ္ဌ မစ္စတာ ဂျွန် ဘိုနားနှင့် ဒီမိုကရက်တစ် အထက်လွှတ်တော် လူများစု အမတ် ဟယ်ရီ ရိဒ်တို့ အပါအဝင် အမေရိကန် အရာရှိ ၉ ဦးကို အရေးယူ ဒဏ်ခတ်သည့် ထုတ်ပြန်ချက်ကို ယမန်နေ့ က ကြေညာသည်။
ယင်းအပြင် အမေရိကန်က နောက်ထပ် ရုရှ ၁၂ ဦး၏ အမည်များကို စီးပွားရေး ကိစ္စများနှင့် ပတ်သက်ပြီး ထပ်မံ ဒဏ်ခတ် ဖြည့်စွက်သွားရန် ရှိသည်ဟု NBC သတင်းတရပ်တွင် ဖော်ပြသည်။
ဥရောပသမဂ္ဂ နိုင်ငံခေါင်းဆောင်များက ယူကရိန်းနိုင်ငံ ခရိုင်းမီးယား ဒေသအား ရုရှားနယ်မြေအဖြစ် သွတ်သွင်းမှုနှင့် ပတ်သက်သည့် ရုရှား အရာရှိများ အပါအဝင် ဆက်နွှယ်သူ ခရိုင်းမီးယား ခေါင်းဆောင် စုစုပေါင်း ၃၃ ဦးအား ဥရောပ သမဂ္ဂ၏ အမည်ပျက်စာရင်းတွင် ထည့်သွင်းကြောင်း ယမန်နေ့က ကြေညာသည်။
ခရိုင်းမီးယား ပြဿနာ အဖြေရှာရေးအတွက် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲမြို့တွင် ဥရောပသမဂ္ဂ ခေါင်းဆောင်များ တွေ့ဆုံလျက်ရှိပြီး၊ နိုင်ငံပေါင်း ၂၈ နိုင်ငံ စုဖွဲ့ထားသည့် ဥရောပ နိုင်ငံများက ရုရှားနှင့် ရုရှားအား ထောက်ခံသည့် ခရိုင်းမီးယား အရာရှိ ၂၀ ကျော်ကို ခရီးသွားလာခွင့် အပါအဝင် ပိုင်ဆိုင်မှုများ ထိန်းချုပ်သည့် ဒဏ်ခတ် ပိတ်ဆို့မှု စာရင်းသွင်းရန် တိုင်ပင် ဆွေးနွေးလျှက် ရှိကြောင်း AP သတင်း တပုဒ်တွင် ဖော်ပြထားသည်။
ဥရောပ ခေါင်းဆောင်များက လာမည့် ဇွန်လလယ်တွင် ကျင်းပမည့် ရုရှား-ဥရောပသမဂ္ဂ ဆွေးနွေးပွဲ လုပ်မည့် အစီအစဉ်ကို ပယ်ဖျက်ကြောင်း ယမန်နေ့က ကြေညာသည်။
ယူကရိန်း ဝန်ကြီးချုပ် ယခင် သီတင်းပတ်က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်သို့ လာရောက်သည့် ကာလအတွင်း ယူကရိန်း အစိုးရ အနေဖြင့် အမေရိကန်၏ စစ်ရေး အကူအညီကို အရေးတကြီး လိုအပ်ကြောင်း မေတ္တာ ရပ်ခံခဲ့သည်။ သို့သော်လည်း ပင်တဂွန်က အဆိုပါ အကူအညီတောင်းခံမှုကို ပယ်ချခဲ့သည်။
အမေရိကန်သည် သူ၏ လမ်းစဉ်အတိုင်း ယူကရိန်းနိုင်ငံ ကျူးကျော်သိမ်းပိုက်ခံရမှုနှင့် ပတ်သက်၍ စားသောက်စရာနှင့် လူမှုကိစ္စများကိုသာ ယူကရိန်းအား အမေရိကန်ဘက်က ကူညီ ထောက်ပံ့နိုင်ကြောင်း The Denver Post မှ သတင်းသုံးသပ်သူ တဦးက ဆိုသည်။
ရုရှား သမ္မတ ပူတင်သည် ထောင်နှင့် ချီသည့် ရုရှား ခြေလျင်၊ ခြေမြန် စစ်တပ်များ၊ အမြောက်နှင့် တင့်ကားတပ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို ယူကရိန်း နယ်စပ်သို့ စေလွတ်ခဲ့သည်။
ယခုအခါ ခရိုင်းမီးယားဒေသရှိ ယူကရိန်း စစ်အခြေစိုက် စခန်းကိုလည်း ရုရှားစစ်တပ်များက ဝင်ရောက်သိမ်းပိုက်ကာ ယူကရိန်း အလံတော်နှင့် နိုင်ငံတော် သင်္ကေတ အမှတ်တံဆိပ်များကို ဖယ်ရှားပြီး ရုရှား အလံများ လွှင့်ထူထား လိုက်သည်။
ယခုကဲ့သို့ ခရိုင်းမီးယားပြဿနာ ဖြစ်ပွားနေချိန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီကလည်း နိုင်ငံတနိုင်ငံ ပျက်စီးမည့်အရေး အမေရိကန်အစိုးအနေဖြင့် လက်မခံနိုင်ကြောင်း ပြောထားသည်။
၂၁ ရာစုတွင် ယူကရိန်းနိုင်ငံပိုင် ခရိုင်းမီးယားဒေသကို ရုရှားနိုင်ငံ နယ်နိမိတ်အတွင်း ထည့်သွင်းလိုက်သည့် နိုင်ငံရေး၊ စစ်ရေး တင်းမာမှုပြဿနာသည် မြန်မာအပါအဝင် နိုင်ငံတကာရှိ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်၊ နိုင်ငံလုံခြုံရေး ကိစ္စများအတွက် အထူးစိုးရိမ်ပူပန်စရာအဖြစ် သုံးသပ်မှုများ ယခင်ကထက် ပိုမိုကျယ်လောက်လာလျက်ရှိသည်။