Environment

သံလွင် ရေအားလျှပ်စစ် တည်ဆောက်မည့် စီမံကိန်း တန့်ယန်း ပြည်သူများသို့ ချပြ

This article has been converted from Zawgyi One to Unicode

တက်ကြွလှုပ်ရှားသူများနှင့် လူမှုကွန်ရက်များက ကန့်ကွက်နေသော သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်းဆောက်လုပ်ရေး အစီအစဉ်ကို ရှမ်းပြည်နယ် မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်ရှိ ပြည်သူများအား သက်ဆိုင်ရာ အာဏာပိုင်နှင့် ကုမ္ပဏီ တို့က မတ်လ ၁၇ ရက်နေ့တွင် ချပြခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကွင်းဆင်း စိစစ်နေသော ရေကာတာမှာ လားရှိုးမြို့နယ်နှင့် တန့်ယန်းမြို့နယ်ကြားတွငက် တည်ဆောက်မည့် ရေကာတာဖြစ်ပြီး ရေကာတာ စီမံကိန်းအတွက် ရွာ ၂ ရွာ ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း၊ ထွက်ရှိမည့် ရေအားလျှပ်စစ်ကို တရုတ်နိုင်ငံသို့ ရောင်းချမည်ဖြစ်ကြောင်း တန့်ယန်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းစံထွန်းက ဧရာဝတီသို့ ပြောသည်။

“နိုင်ငံတော်စီမံကိန်းဆိုတော့ ကျနော်အနေနဲ့ ဘာမှ ကန့်ကွက်စရာမရှိပါဘူး။ ဒါပေမယ့် ပြည်သူဆန္ဒအရ လူထုဘက်ကနေ ရပ်တည် လုပ်ဆောင်သွားမှာပါ” ဟု ဦးစိုင်းစံထွန်းက ဆိုသည်။

ဒေသခံများ ထိခိုက်မှု နည်းအောင် စီမံကိန်းကို နိုင်ငံတကာ ပညာရှင်များဖြင့် စစ်ဆေး ပြုလုပ်မည် ဖြစ်ကြောင်း၊ ပြောင်းရွှေ့ပေးရမည့် ကျေးရွာများအတွက် အစိုးရက တာဝန်ယူ ရွှေ့ပြောင်းပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် သံလွင်မြစ်တလျှောက် နေထိုင်ကြသည့် ကျေးရွာ ဒေသခံများထံမှ စီမံကိန်းကို ကန့်ကွက်ကြောင်း ဆန္ဒသဘောထားကို ဇန်နဝါရီလမှ စတင်ကောက်ယူရာ ယခုအချိန်အထိ လက်မှတ်ပေါင်း ၂၁၀၀၀ ရရှိထားကြောင်း မြန်မာနိုင်ငံမြစ်ချောင်းများ ဆိုင်ရာကွန်ရက်ထံမှ သိရသည်။

ယင်းကွန်ရက်မှ တာဝန်ရှိသူတဦးဖြစ်သည့် ကိုစောသာဘိုးက “မဂ္ဂါဝပ် ၁၀၀၀ ကျော်ရင်တော့ အခြေအနေ အများကြီးဆိုးပါတယ်။ ရေသိုလှောင်မှု များစွာလိုမယ်။ ရေမြုပ် ဧရိယာလည်း များမယ်။ အဲဒါတွေပါ ထည့်တွက်ရင် ကျေးရွာတော်တော်များများ ပြောင်းရမှာပါ” ဟု ပြောသည်။

ရေအားလျှပ်စစ် စီမံကိန်းကြောင့် ဒေသခံများ ထိခိုက်နိုင်ပြီး ရေမြုပ်ဧရိယာပေါ် မူတည်ကာ စိုက်ပျိုးလယ်ယာများလည်း ပျောက်ဆုံးမည်ဖြစ်ကြောင်း၊ ထွက်ရှိလာမည့် ရေအားလျှပ်စစ်ကို တရုတ်နှင့် ထိုင်းနိုင်ငံသို့သာ ရောင်းချမည်ဖြစ်ပြီး မြန်မာပြည်သူများအတွက် ၁၀ ရာခိုင်နှုန်းသာ ရရှိမည်ဖြစ်ကြောင်း ကိုစောသာဘိုးက ဆိုသည်။

တန့်ယန်းမြို့နယ်ရှိ ရှမ်းတိုင်းရင်းသား လူငယ်များအဖွဲ့မှ စိုင်းပက “အခုလောလောဆယ်တော့ ရှမ်းပြည်နယ်အတွင်းမှာ ဆောက်မယ့် ရေကာတာဆည်ကို လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း ညှိပြီးမှ ဆောက်လုပ်သွားမယ်လို့ ပြောပါတယ်။ ရေလွှမ်းမိုးနိုင်တဲ့ ဧရိယာကို အကြမ်းဖျဉ်းပဲ ပြောနိုင်သေးတယ်။ သေချာ မသိရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ဆောက်လုပ်မည့် ရေကာတာ စီမံကိန်းကို မတ်လ ၁၇ ရက်နေ့က ပြည်သူသို့ ချပြမှုနှင့် ပတ်သက်၍ တန့်ယန်း ဒေသခံများက ကန့်ကွက်မှု ပြုလုပ်မည် မဟုတ်ကြောင်း၊ ဘေးထွက်ဆိုးကျိုး မရှိနိုင်ခြင်းနှင့် သံလွင်မြစ်ကို ပိတ်ကာ ရေကာတာ တည်ဆောက်ခြင်း မဟုတ်ဟု ဆိုသောကြောင့် ဖြစ်ကြောင်း တန့်ယန်းဒေသခံတချို့က ဆိုသည်။

ရှမ်းပြည်နယ်အတွင်း သံလွင်မြစ်ကြောင်းတွင် ရေကာတာ တည်ဆောက်ရန် နယ်မြေရှင်းလင်းခဲ့ရာ နေရပ် စွန့်ခွာရသည့် ဒုက္ခသည် သိန်းဂဏန်းအထိ ရှှိခဲ့ကြောင်း၊ ကရင်ပြည်နယ်အတွင်းတွင်လည်း အလားတူ ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံတကာ မြစ်ချောင်းများအဖွဲ့ (International Rivers) ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

သံလွင်မြစ်ပေါ်ရှိ ရေအားလျှပ်စစ် စီမံကိန်း ၆ ခုမှာ ၁၄၀၀ မဂ္ဂါဝပ် ထုတ်လုပ် နိုင်မည့် အထက်သံလွင် (ကွမ်လုံ)၊ ၁၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နောင်ဖ၊ ၂၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် မန်တောင်း၊ ၇၁၁၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် အထက်သံလွင် (မိုင်းတုံ)၊ ၄၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင် မည့် ရွာသစ်၊ ၁၃၆၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်းတို့ ဖြစ်ကြောင်း သိရသည်။

ယင်းရေကာတာ စီမံကိန်းများကို Generating Authority of Thailand (EGAT) ကုမ္ပဏီ၊ China Three Gorges Project Development Corporation (CTGPDC) ကုမ္ပဏီ၊ မြန်မာနိုင်ငံဘက်မှ Shwe Taung Hydropower Company နှင့် Myanmar Electric Power Enterprise ကုမ္ပဏီတို့က တာဝန်ယူု တည်ဆောက်မည် ဖြစ်ကြောင်း မြန်မာ မြစ်ချောင်းများ ဆိုင်ရာ ကွန်ရက် မှတ်တမ်းများတွင် ဖော်ပြထားသည်။ မှတ်တမ်းအရ ယင်းဆည်များ တည်ဆောက်မှုနှင့် ပတ်သက်၍ ဆိုးကျိုးများကို ဒေသခံများအား အသိပေးခြင်းမရှိဟု ဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ကချင်၊ ရှမ်း၊ ကယားပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးများတွင် ဆောက်လုပ်နေဆဲ ရေကာတာ စီမံကိန်း ၂၁ ခု ရှိကြောင်း သိရသည်။

Loading