ကချင်ဒုက္ခသည် စခန်း မီးလောင်၊ ကလေး ၁ ဦးသေဆုံး
This article has been converted from Zawgyi One to Unicode
ကချင်ပြည်နယ် မန်စီမြို့နယ်နှင့် တရုတ် နယ်စပ်ဒေသရှိ ဘွန်စစ်ပါ ဒုက္ခသည် စခန်း (၂) တွင် မတ် ၂၀ ရက် နံနက် ၂ နာရီက ရွက်ဖျင်တဲ မီးလောင်မှု ဖြစ်ပွားကာ ကလေးငယ်တဦး သေဆုံးကြောင်း သိရသည်။
မီးလောင်မှုကြောင့် အသက် ၁၃ နှစ် အရွယ် မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး၊ ၎င်း၏မိခင် ဖြစ်သူနှင့် အသက် ၃ နှစ်အရွယ် မောင်လေးတို့ မီးလောင်ဒဏ်ရာကြောင့် တရုတ်ပြည်ရှိ ဆေးရုံသို့ တင်ထားရကြောင်း ဒုက္ခသည်များအား ကူညီ ပေးနေသည့် ဝမ်ပေါင်နင်းထွဲ အဖွဲ့မှ ဒေါ်မေရီတောင်က ပြောသည်။
“ဘယ်ကနေ ဘယ်လို စလောင်မှန်းကို မသိတော့ဘူး။ Camp ဟင်းချက်တဲ့ နေရာနဲ့ နေတဲ့နေရာက တခြားစီပါ။ ပြီးတော့ သန်းခေါင်ချိန် ၂ နာရီ ဆိုတော့ စဉ်းစားစရာပါပဲ။ ရွက်ဖျင်တဲတွေဆိုတော့ အားလုံး မီးမကူးတာ ကံကောင်းတယ်” ဟု ဒေါ်မေရီတောင်က ပြောသည်။
ဘွန်စစ်ပါ ဒုက္ခသည် စခန်း (၂) တွင် နေထိုင်ကြရသည့် ဒုက္ခသည်များသည် ယာယီ ရွက်ဖျင်တဲဖြင့် နေထိုင်ရပြီး၊ ယင်းသို့ နေထိုင်ရသည့် အတွက် အခက်အခဲများစွာ ရှိနေကြောင်း၊ ယခု ရက်ပိုင်း လေတိုက်ခတ်မှု ပြင်းထန်လာသောကြောင့် ဒုက္ခသည်များကို တဲအိမ်များ အမြန်ဆုံး ဆောက်လုပ်ပေးရန် စီစဉ်နေကြောင်း ဒေါ်မေရီတောင်က ဆိုသည်။
ဒုက္ခသည်များသည် ရွက်ဖျင်တဲတွင် နေထိုင်ရသည့်အတွက် နွေရာသီတွင် အပူဒဏ်နှင့် မိုးရာသီတွင် မိုးယိုသည့်ဒဏ်ကို စိုးရိမ်နေရသည်ဟု စစ်ပြေး ဒုက္ခသည် စခန်းကော်မတီ အတွင်းရေးမှူး ဒေါ်ပန်ထွယ်အောင်က ဧရာဝတီကို ပြောသည်။
“ရွက်ဖျင်တဲဆိုတော့ နွေဆိုရင် အရမ်း ပူမယ်၊ မိုးရာသီကျရင်လည်း မိုးက မလုံဘူးလေ။ မြေကြီးကနေ ရေကလည်း တိုးဝင်ဦးမယ်။ အဲဒီအတွက် တော်တော် အခက်တွေ့နေတယ်” ဟု ၎င်းက ဆိုသည်။
ဘွန်စစ်ပါ စခန်းရှိ ဒုက္ခသည်များကို ဗန်းမော် ကရုဏာ အဖွဲ့အစည်းမှ အစားအသောက် ကူညီ ထောက်ပံ့နေသော်လည်း နေထိုင်ရန် တဲအိမ်များ ဆောက်ပေးရန် ခက်ခဲနေသည့်အပြင် ဒုက္ခသည်၏ စိတ်ပိုင်းဆိုင်ရာလည်း လုံခြုံမှု မရှိသေးကြောင်း ဒေါ်ပန်ထွယ်အောင်က ဆက်ပြောသည်။
“အိမ်ထောင်စု ၃၅ စုကိုတောင် ရွက်ဖျင်တဲ မပေးနိုင်သေးဘူး။ အခုအထိ ဈေးဆိုင်တန်းမှာ နေခိုင်းထားရတယ်” ဟု ၎င်းက ဆိုသည်။ ဘွန်စစ်ပါ ဒုက္ခသည်စခန်းတွင် လက်ရှိအချိန်၌ နေထိုင်ရေး ခက်ခဲနေသည့် ဒုက္ခသည် ဦးရေ ၁၆၀၉ ဦး၊ အိမ်ထောင်စု ၂၈၂ စု ရှိကြောင်း သိရသည်။
အဆိုပါ ဒုက္ခသည်များသည် မန်စီမြို့နယ်အတွင်း သစ်မှောင်ခို ရှင်းလင်းရာမှ မြန်မာအစိုးရနှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ထိပ်တိုက် တွေ့ဆုံရာမှ ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ပြောင်းရွေ့လာသည့် စစ်ရှောင် ဒုက္ခသည်များ ဖြစ်ကြောင်း သိရသည်။