ဘာသာရေးနဲ့ ပတ်သက်၍ အမျိုးမျိုးသော အကြောင်းအရာများ ပေါ်ပေါက်လျှက်ရှိနေသည်။ အထူးသဖြင့် မြန်မာလူမျိုး အများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်များ အကြား အဓိက အကွဲအပြဲဖြစ်သည်။ တဖြည်းဖြည်းနှင့် ကွဲပြားမှုက ပိုမိုနက်ရှိုင်းလာသယောင် တွေ့ရသည်။ ထိုသို့မဖြစ်သင့်ပေ။ ဘယ်ဘာသာမဆို သူတို့၏ ဘုရားများက ကောင်းရာမွန်ရာကိုသာ ညွှန်ပြပေးခဲ့ကြသည်သာ။ ဘာသာရေးကို ခုတုံးလုပ်သူများကြောင့်သာ ဘာသာရေးသည် ညစ်နွမ်းရပေသည်။
၁၉၇၀ ဝန်းကျင် ကျနော်ငယ်စဉ် ကျောင်းသားဘ၀ ကျောက်ဆည်မြို့ အ.ထ.က (၁) တွင် ပညာသင်ကြားခဲ့ သည်။ ကျောင်းကောင်စီ အတွင်းရေးမှူးတာဝန်ကိုပင် တကျောင်းလုံးက ဆန္ဒမဲဖြင့် ရွေးချယ်ပေးသဖြင့် ၁ နှစ် တာဝန်ထမ်းဆောင်ဖူးသည်။ ကျနော်၏ သူငယ်ချင်းများထဲတွင် တရုတ်ရော မွတ်စလင်ရော ပါဝင်သည်။ တရုပ် နှစ်သစ်ကူးနေ့တွင် တရုတ်သူငယ်ချင်း ခင်းစင်နှင့် ခင်းဖေါင် ညီအကိုနှစ်ယောက်အိမ် လိုက်သွားပြီး တရုတ်မုန့် များ အဝစားရသည်။ သူ့အဖေ တရုတ်ကြီးက အမ်ပေါင်း မုန့်ဖိုးပေးသည်။ အင်္ဂလိပ်စာသင်သော ဆရာဦးမျိုးသက်တို့ဘာသာ ခရစ်စမတ်နေ့၌ သီချင်းလိုက်ဆိုကြသည်။ ခရစ်ယာန်က ၃-၄ ယောက်သာ ပါပြီး ကျန်လူများက မွတ်စလင်နှင့် ဗုဒ္ဓဘာသာတွေသာဖြစ်သည်။ သို့သော် ခရစ်ယာန်သီချင်းများ သီဆိုပြီး လှည့်လည်ကြရာ အလွန်ပျော်စရာကောင်းသည်။ ချပ်ကျောင်းသည် မီးရထားသံလမ်းနဘေးအောက် ချိုင်းရပ်တွင ်တည်ရှိသည်။
ကျနော်တို့ ဘာသာရေးပွဲတော်နေ့ သီတင်းကျွတ် “ဆင်ပွဲ”ကတော့ အပျော်ဆုံးဖြစ်သည်။ နိုင်ငံကျော်ပွဲလည်း ဖြစ်သည်။ ရပ်ကွက်ထဲတွင် အတည်အတံ့“က”သော အလှအပမျိုးစုံ ချယ်သထားသော ပြိုင်ပွဲဝင် ဆင်မျိုးရှိသလို ကျနော်တို့လို ဗရုတ်သုက္ခလူငယ်များ ပိုက်ဆံစုပြီးထောင်သော အပျော်တမ်း “ဆင်” အဖွဲ့လည်း ရှိပါသည်။ အပျော်တမ်းဆင်အဖွဲ့သည် ပြိုင်ပွဲမဝင်ပါ။ ပြိုင်ပွဲဝင်လောက်အောင်လည်း မကတတ်ပါ။ တကိုယ်လုံး အိုးမဲသုတ်ထားပြီး ဝါးလက်ခုတ်များများ၊ ဒိုးပတ် ၁ လုံး၊ လကွင်းခြမ်း ၁ စုံသာပါသည်။ တွေ့ကရာ သီချင်းများ သီဆိုပြီး ဟေးလားဝါးလား ပျော်စရာကောင်းလှသည်။ ထိုအဖွဲ့တွင် ဗုဒ္ဓဘာသာရော၊ မွတ်စလင်ရော၊ ခရစ်ယာန်ရော အတူတကွပါဝင်ကြသည်။
တင်မြင့်တို့ “အစ်”နေ့တွေ သူငယ်ချင်းတွေကို ဆိုင်ကယ်နဲ့ ပတ်ခေါ်ပြီး ကုလားရွာကြီးများဖြစ်သော “လက်ပန်”၊ “ဆူးလေကုန်း”ရွာကြီးများကို အလည်သွားကြသည်။ တင်မြင့်ဖခင်က ဆီစက်ပိုင်ရှင်သူဌေး၊ မက္ကာပြန်ဟာဂျီ ဖြစ်၍ မျက်နှာပွင့်သည်။ ထိုကြောင့် တင်မြင့်နှင့် အတူလိုက်လာသော ကျနော်တို့သည် အမဲသားတွဲ ၄-၅ ပိဿာ အသာလေးရကြသည်။ ထို့ကြောင့် ကျနော့်မိခင်သည် “အစ်”နေ့က လက်ဆောက်ရသော အမဲသားများကို နွှင်၍ နေပူလှန်းရာ ဝါးခြမ်း ၇ ခြမ်း၊ ၈ ခြမ်း ကုန်လေသည်။ လက်ပန်ရွာ “အစ်” နေ့တွင် ညအိပ်သွား ကြသည်။ ထိုစဉ်က နာမည်ကြီးသော “ချိုသဲ” အငြိမ့်ကို “အစ်”နေ့၌ တွေ့ရသည်။ ဗမာ ဘုရားပွဲ ကဲ့သို့ ချားရဟတ်များ၊ “ဂလုပ်ဂလုပ်” ကစားဝိုင်းများ၊ ဘော်လုံးပစ် ကံစမ်းမဲများ၊ ဘူးသီးကြော်ဆိုင်၊ အရက်ဆိုင်၊ လက်ဖက် ရည်ဆိုင် အကုန်ပါသည်။ ထို “အစ်” ပွဲတော်အတွက် ရွာလူကြီးမော်လဝီများက ဗုဒ္ဓဘာသာ ရဟန်း သံဃာများကို ပင့်လျှောက်၍ ပွဲကိုထိန်းစေသည်။
ကျနော်တို့ အရပ်ဒေသသည် ပွဲလမ်းသဘင်ကျင်းပလျှင် ရဟန်းတော်များက ပွဲထိန်းပေးရသည်မှာ ထုံးစံဖြစ် သည်။ အငြိမ့်စင်၏ တောင်ဘက် ဒေါင့်က မိုဟာမက်ယူစွတ်က ချိုသဲအတွက် ဆုတော်ငွေ ၂၅ ကျပ် ဟု လူရွှင်တော်က ကြေငြာလိုက်လျှင် ချိုသဲသည် ဆုချသူရှိရာ အငြိမ့်စင် တောင်ဘက်ဒေါင့်သို့ သွား၍ လှုပ်ရမ်းပြီး ကပြပါသည်။ အားကျမခံ အငြိမ့်စင်မြောက်ဖက်ဒေါင့်က ကိုရင်လှဆောင်က ဆုတော်ငွေ ၂၅ ကျပ် ဟုကြေငြာ လိုက်လျှင် ချိုသဲက မြောက်ဖက်ဒေါင့်သွားပြီး လှုပ်ရမ်း ကပြပါသည်။ ကာလသားများမှာ လက်ခုပ်သံ တဖြောင်းဖြောင်းနှင့် အလွန်ပျော်ရွှင်ကြရသည်။
ယခုအခါ ထိုသူငယ်ချင်းများ ကွယ်ပျောက်ကုန်ရသည်။ အဘယ်ကြောင့်နည်း။ “အစ်” နေ့တွင် ဗမာဘုရားပွဲ ကဲ့သို့ မဟုတ်တော့။ အငြိမ့်မပြောနှင့် ဘာပျော်ပွဲရွှင်ပွဲမှ မပါတော့ပေ။ မြန်မာဖြစ်ပြီးသား မွတ်ဆလင်အသိုင်းအဝိုင်းသည် ပြောင်းလဲသွားခဲ့သည်။ ဗမာဘုရားပွဲများကိုလည်း မွတ်ဆလင်များ ရှောင်ခွာသွားကြသည်။ အရှေ့အလယ်ပိုင်းဒေသက အတွေးအခေါ်တွေ ပျံ့နှံ့ကူးစက်လာနေသလား။ ဗုဒ္ဓဘာသာဝင် အချို့ကလည်း မွတ်ဆလင်များအပေါ် ခွဲခြားဆက်ဆံလာကြသည်။ နှစ်ဘက်စလုံး ထိုသို့ မဖြစ်သင့်ပေ။
ငြိမ်းချမ်းသော ကမ္ဘာကြီးတွင် ဒီမိုကရေစီ ရကာမှ မလွတ်မလပ်ဖြစ်နေသော မြန်မာ့ကိုးကွယ်ယုံကြည်မှု အခြေအနေကို ကမ္ဘာက စောင့်ကြည့်နေကြမည် မလွဲပါ။ ပြဿနာရပ်များသည် အလွန်ပင် ရှုပ်ထွေးနက်နဲလွန်းလှပါသည်။ နှစ်ဘက် ဘာသာရေးအကြီးအကဲများ ဒီကိစ္စ လက်ရှောင်မနေသင့်ပေ။ မူလ အနေအထားပြန်ရရန် ကြိုးစားအားထုတ်သင့်သည်။ မြန်မာပြည်၌ မွေး၍ မြန်မာပြည်၌ ကြီးပြင်းလာသည်ဟု ခံယူထားသော မွတ်စလင်တို့သည် မြန်မာသာ ဖြစ်သင့်ပါသည်။ ဒီနေရာသည် မက္ကာမဟုတ်ချေ။ မိမိယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ပြီး မြန်မာ့လူမှုအသိုင်းအဝိုင်းအတိုင်း ပြုမူကျင့်ကြံခြင်းကို “ဇာတ်ပျက်”သည်ဟု ယူဆလျှင် အစွန်းရောက်ရာ ကျပေလိမ့်မည်။ ယနေ့မည်သည့် လူမျိုးမှ ရေမရောသော လူမျိုးကြီးစစ်စစ်ဟု ပြော၍ မရတော့ပါ။
ပြီးခဲ့တဲ့ အပတ် လွှတ်တော်နားချိန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးနှင့်အတူ အိန္ဒိယပြည် ဗုဒ္ဓဂါယာသို့ ရောက်ရှိခဲ့သည်။ ဗုဒ္ဓဂါယာ၌ ပိဋိကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲကြီးနှင့် တိုးသည်။ ထိုပွဲကြီး၌ မြန်မာဆရာတော် ဦးဉာဏိဿရ တရားမိန့်ခွန်းပြောကြားပြီး ဘင်္ဂလားဒေ့ရှ်ဆရာတော် တရားမိန့်ခွန်း ပြောပါသည်။ ထိုဆရာတော်နှစ်ပါးကို ညီအကိုတော်တွေလား မသိဘူးဟု ဘူတန်နှင့်ထိုင်းက ဒကာ၊ ဒကာမ အချို့က ပြောသံကြားလိုက်ရပါသည်။ အတော်လေးလည်း ရုပ်ချင်းဆင်သူကြောင်း တွေ့ရပါသည်။
ကမ္ဘာ့ငြိမ်းချမ်းရေးစာဆို ကဗျာကဝိပညာရှင် ရာဘင်ဒြာနတ်တဂိုးသည် ဘင်္ဂလီစစ်စစ်ဖြစ်သည်။ တဂိုး၌ အမုန်းမရှိချေ။ ထင်ရှားသော မြန်မာပန်းချီဆရာ တဂိုးမျိုး ဆိုတာပင် ရှိခဲ့ပါသည်။ ဆရာ တဂိုးမျိုး၏ မဂ္ဂဇင်းပန်းချီ အများအပြားကို မြင်ခဲ့ဖူးပါသည်။ ခုခေတ် အနေအထားအရဆိုလျှင် ဆရာ့ကို တံဆိပ်တပ်၍ စွပ်စွဲခံရလေမလား မသိပါ။ ၁၉၇၀ ကျနော် ကျောင်းသားဘဝက ခရစ်ယာန်-မွတ်ဆလင်-ဗုဒ္ဓဘာသာများ ချစ်ကြည်စွာနေခဲ့မှုကို လွမ်းမိပါသည်။
တပ်မတော်သား တာဝန်စတင်ထမ်းဆောင်တော့လည်း ကျောင်းဆင်းဆင်းခြင်း တွေ့ရသည့် တပ်ရင်းမှူးက ဗိုလ်မှူးကြီး သူရကျော်ကျော်ချိုဖြစ်သည်။ ကျနော်၏ လက်ဦး ဆရာ ဖြစ်ကြသည်။ ဗိုလ်မှူးကြီး သူရကျော်ကျော်ချိုသည် ခရစ်ယာန် ဘာသာဝင်ဖြစ်သော်လည်း သားနှစ်ယောက်ကို ရှင်ပြုပေးသည်။ သားများ ရှင်ပြုအလှူလှည့်ရာ၌ သင်္ကန်းပရိက္ခရာကိုင်၍ ဘုန်းကြီးကျောင်းသို့ လိုက်ပါပို့ ဆောင်သည်။ ခရစ်စမတ်ကာလ၌ တပ်ရင်းမှူးကတော် ဒေါ်တင်တင်မြင့်သည် ခရစ်ယာန်ရဲဘော်များ အကြပ်များကို ဦးဆောင်ပြီး သီချင်းဆိုလှည့်သည်၊ ခရစ်ယာန်ဓမ္မ တေးများ အားရပါးရ ဟစ်အော်ကြသည်။ ပင်တိုင်ဂစ်တာတီးရသူက ကျနော်ဖြစ်ခဲ့သည်။ အလွန် လွမ်းစရာ ကောင်းပါသည်။ ဘေ့ဂီတာတီးသူ မွတ်ဆလင် မောင်သိန်းဖြစ်သည်။ မောင်သိန်း၏ မွတ်ဆလင်အမည်က မိုဟာမက်ဒူဆောင်းဖြစ်သည်။
ခရစ်ယာန်တပ်ရင်းမှူးသည် အရှေ့မြောက်ပိုင်း တနေရာ၌ ကျဆုံးခဲ့ပြီး မွတ်ဆလင်မောင်သိန်းသည် လက်ဝဲဘက် ကြောပိုင်းကို သေနတ်ထိမှန်ဒဏ်ရာဖြင့် ဝဲဘက်လက်သိမ်သွားပြီး ဆေးပင်စင်ဖြင့် နုတ်ထွတ်ခဲ့ရသည်။ အငြိမ်းစားတပ်သား မောင်သိန်းသည် ဒလဘက်ကမ်း၌ သမ္မာန်ခတ်နေကြောင်း သိရသည်။ ဒီခရစ်ယာန်နှင့် မွတ်ဆလင်များသည် တိုင်းပြည်အတွက်အသက်ကို စတေးဝံ့သူများဖြစ်ကြပါသည်။ ဗိုလ်မှူးကြီး သူရကျော်ကျော်ချိုသည် ဗျူဟာမှူးဖြစ်သည်အထိ မည်သည့်ပိုင်ဆိုင်မှုမှ မရှိချေ။ အခြားတပ်ရင်းမှူးများ အိမ်ဆောက် ကားဝယ်လုပ်နေကြသော်လည်း ၎င်းက “တပ်မတော်မှာ ရှိသမျှရိပ်သာအားလုံး ငါ့အိမ်တွေချည့်ဘဲကွ။ တပ်ထဲက ဘယ်တော့မှ မထွက်ဘူး။ အလံတိုင် ဖက်နေမယ်” ဟု အမြဲပြောလေ့ရှိသည်။ သူကျဆုံးတော့ ဇနီးနှင့်သား နှစ်ယောက် နေစရာ မရှိချေ။ နောက်ပိုင်းတွင် ရန်ကင်းတိုက်ခန်း၌ မဲပေါက်သည်ဟု ကြားသိရသည်။ ခရစ်ယာန် တပ်ရင်းမှူးနှင့် မွတ်ဆလင်ရဲဘော်ကို ကျနော် အမြဲသတိရမိပါသည်။ ယခုဖြစ်ပေါ်နေသော ပစ္စက္ခအခြေအနေသည် “မပြောင်းလဲသော အပြောင်းအလဲ” တခုဖြစ်နေခြင်းသည် သင့်၏မသင့်၏ သေခြာစေရန် သုံးသပ်လှပေသည်။
(အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး ဦးလှဆွေသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် ၁၂ မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။)