မြန်မာနိုင်ငံ အပါအဝင် တရုတ်နှင့် အိန္ဒိယ နိုင်ငံ ထိစပ်သည့် အင်ဒိုချိုင်းနား ဒေသတကြော၌ ယခုလအတွင်း တောင်ယာ မီးရှို့မှုများနှင့် ယင်းကြောင့် ထွက်ပေါ်လာသော မီးခိုးမြူများ ဆက်လက် ရှိနေခဲ့ကြောင်း အမေရိကန် အမျိုးသား အာကာသနှင့် လေကြောင်းဦးစီးဌာန (NASA) က ထုတ်ပြန်ထားသည်။
အထူးသဖြင့် မြန်မာ၊ ထိုင်းနှင့် လာအို နိုင်ငံများ၌ ဖြစ်ပေါ်နေသော တောင်ယာ မီးရှို့များကို NASA က ပြီးခဲ့သည့် အပတ်အတွင်း ဂြိုဟ်တုက ရိုက်ယူထားသော ကောင်းကင် ဓာတ်ပုံနှင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
NASA ၏ ဓာတ်ပုံတွင် ထိုင်း၊ လာအို အပါအဝင် မီးရှို့မှုများ ဖြစ်ပေါ်သည့် နေရာကို ဂြိုလ်တု အာရုံခံစနစ်ဖြင့် ဖမ်းယူပြီး အနီရောင်ဖြင့် ပြထားရာ မြန်မာနိုင်ငံတွင်း ၌ အနီရောင် အမှတ်အသားများစွာကို တွေ့မြင်ရသည်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ ကောင်းကင်တွင် မီးခိုးမြူများ ရှိနေသောကြောင့် ပြီးခဲ့သည့် ရက်ပိုင်းက လေယာဉ်များ ဆင်းတက်မှု အခက်အခဲ ဖြစ်ခဲ့ကြောင်း သိရသည်။
မီးခိုးမြူများ အုံ့ဆိုင်းနေသဖြင့် မတ် ၂၁ ရက်က တာချီလိတ် လေယာဉ်ကွင်း ဆင်းတက်၍ မရသဖြင့် ခေတ္တပိတ်ထားရကြောင်း၊ လေယာဉ်လိုင်းများနှင့် ခရီးသွား ဧည့်သည်များအတွက် အခက်အခဲဖြစ်ခဲ့ရကြောင်း၊ Air Bagan လေကြောင်းလိုင်း ခရီးစဉ်ကိုလည်း ဖျက်လိုက်ရကြောင်း Sun Far လေယာဉ်လက်မှတ် အရောင်းဌာနမှ အရောင်းဝန်ထမ်း တဦးက ဧရာဝတီသို့ ပြောသည်။
“လေယာဉ် ဆင်းတက်မှု ပြဿနာက တရက်ပဲ ဖြစ်သွားတာ။ မိုးရွာလိုက်တော့ မြူခိုးတွေရှင်းသွားပြီ။ ဒီလိုလဆိုရင် ဖြစ်နေကျ။ မနှစ်ကဆိုရင် ၅ ရက်လောက် လေယာဉ်ကွင်း ပိတ်လိုက်ရတယ်၊ ဧပြီလဆိုရင် ပိုဆိုးတယ်”ဟု အဆိုပါဝန်ထမ်းက ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလမှ စတင်၍ မိုးမကျမီ ဧပြီလအထိ တောင်ယာ မီးရှို့မှုများရှိကြောင်း၊ မီးရှို့ရာ၌ တချို့ဒေသခံများက သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု မရှိစေရန် ပြုလုပ်သော်လည်း တချို့မှာ အလွန်အကျွံ ရှို့မှုများ ပြုလုပ်ကြကြောင်း သိရသည်။
“တောင်ယာမီးရှို့တော့ မီးခိုးတွေကနေ လူတွေရဲ့ကျန်းမာရေးတွေ ထိခိုက်မယ်၊ ကမ္ဘာကလည်း ပူနွေးလာမယ်၊ သွားရေးလာရေးမှာလည်း ခက်ခဲမယ်၊ မီးတွေရှို့တာများတော့ လေယာဉ်တောင် ပျံလို့မရတဲ့အဆင့်ပါပဲ” ဟု EcoDev သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့၏ မန်နေးဂျင်း ဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောသည်။
တောင်ယာမီးရှို့မှုကြောင့် ဖြစ်ပေါ်လာသော မီးခိုးများနှင့် လေထုညစ်ညမ်းမှုသည် တိရစ္ဆာန်များ အပါအဝင် လူအများ၏ ကျန်းမာရေးကို ထိခိုက်စေကြောင်း၊ အထူးသဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို ပိုမိုထိခိုက်မှုရှိကြောင်း NASA ၏ ထုတ်ပြန်ချက်တွင်လည်း ပါရှိသည်။
ထို တောင်ယာ မီးရှို့မှုများသည် ရှမ်းပြည်နယ်၊ ပဲခူးရိုးမ၊ ချင်းပြည်နယ်တို့တွင် အများဆုံး ဖြစ်ကြောင်း သိရသည်။
တောင်ယာ တောမီးရှို့မှုသည် အလွန်များလာကြောင်း၊ ဆောင်းတွင်းရာသီ မြူဆိုင်းသည့် အချိန်မဟုတ်ဘဲ မီးခိုးဖြူများ ဖြစ်ပေါ်သောကြောင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲကြောင်း၊ နိုင်ငံတကာ တိုင်းတာချက်အရ မီးလောင်မှု ၂ သောင်းအနက် မြန်မာနိုင်ငံ၏ မီးလောင်မှုမှာ ၁ သောင်းခန့် ရှိကြောင်း၊ ထိုမီးလောင်မှု တချို့တွင် ရွှေ့ပြောင်း တောင်ယာများလည်း ပါဝင်ကြောင်း ဦးဝင်းမျိုးသူက ဧရာဝတီ သို့ ပြောသည်။
တောင်ယာ တောမီးရှို့ခြင်းကြောင့် သစ်တောပြုန်းတီးမှုများ၊ ကမ္ဘာကြီး ပူးနွေးလာခြင်းနှင့် ရာသီဥတု ဖောက်ပြန်မှုများလည်း ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင်ကလည်း ပြောသည်။
“ဒီလက တောမီးတွေရှို့ တောင်ယာတွေ စလုပ်ကြပြီ။ ကျနော်တို့နိုင်ငံမှာ ပြည်ပနိုင်ငံလို စာရင်းဇယားတွေ မရှိဘူး။ ဒီနှစ် မြန်မာနိုင်ငံမှာ ခန့်မှန်းခြေ မီးလောင်မှု အားလုံး ၂ ထောင်ကျော် ရှိတယ်။ တောမီးရှို့တဲ့ ကိစ္စကလည်း အစိုးရအနေနဲ့ ဥပဒေ ပြဌာန်းရင် ပိုကောင်းပါတယ်” ဟု ဦးထွန်းလွင်က ပြောဆိုသည်။
မြန်မာနိုင်ငံ တိုင်းရင်းသား ဒေသများတွင် နှစ်စဉ် ယခုလပိုင်းမှ စတင်၍ တောင်ယာစိုက်ပျိုးရန်အတွက် တောမီးရှို့သည်မှာ နှစ်ပေါင်းများစွာရှိပြီ ဖြစ်သော်လည်း သဘာဝပတ်ဝန်းကျင် ဆိုးရွားစွာ ပျက်စီးမှု မရှိခဲ့ကြောင်း သဘာဝ ပတ်ဝန်းကျင် လှုပ်ရှားသူ မအားနန်းက ဧရာဝတီသို့ ပြောသည်။
“တောင်ပေါ်ဒေသမှာ တောင်ယာလုပ်ငန်းနဲ့ လုပ်ကိုင်လာတာ သဘာဝပတ်ဝန်းကျင် သိပ်မထိခိုက်ဘူး။ မြေဆီလွှာတွေ ပျက်အောင် မလုပ်ဘူး၊ တနှစ်တခါ နေရာပြောင်း စိုက်ကြတယ်၊ မီးရှို့တဲ့ ကိစ္စကတော့ အရမ်းမဆိုးရွားဘူး၊ နည်းစနစ်နဲ့ လုပ်ကြလို့လေ” ဟု မအားနန်းက ပြောသည်။
စီမံကိန်းများ ပြုလုပ်ခြင်းသည် တောမီးရှို့ တောင်ယာ လုပ်ခြင်းထက် ပိုပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုရှိသည် ဟုလည်း ၎င်းက ဆိုသည်။
ချင်းပြည်နယ်တွင် နေထိုင်သည့် ဒေသခံ ကိုနိုင်ဒင်းကမူ နှစ်စဉ်နှစ်တိုင်း တောင်ယာ ကိုမီးရှို့စိုက်ပျိုးမှုကြောင့် တောကောင်များ ရှားပါးမှုဖြစ်လာကြောင်း၊ သစ်ပင်များ ပြုန်းတီးလာသဖြင့် မြေဆီလွှာများပျက်စီးကာ မြေပြိုမှုများလည်း ဖြစ်လာကြောင်း ဧရာဝတီသို့ ပြောသည်။
“တောမီးရှို့တော့ မီးခိုးတွေမွှန်တယ်၊ ဒါပေမယ့် တောင်သူတွေက တောင်ယာတွေ အတွက် ရှို့ကြတာ၊ ဒီက တောင်သူတွေက တောင်ယာ စိုက်ဖို့ နှစ်နှစ်တခါ ရွှေ့ပြောင်း စိုက်ကြတယ်” ဟုလည်း ကိုနိုင်ဒင်းက ဆိုသည်။
တောင်ယာ တောမီးရှို့မှုများသည် ရှမ်းပြည်နယ် နယ်စပ်တွင် ပြုလုပ်ပါက ထိုင်းနိုင်ငံဘက်အထိ ထိခိုက်မှု ရှိပြီး ထိုင်းနိုင်ငံဘက်၌ ဖြစ်ပွားပါက မြန်မာဘက်ကို ထိခိုက်မှုများလည်း ရှိသည်။
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ ကောင်းကင်တွင် ပြီးခဲ့သည့် တပတ်အတွင်းမှ စတင်၍ မီးခိုးမှုန်များ ရှိနေသောကြောင့် လေထု ညစ်ညမ်းမှုသည် ကျန်းမာရေး ထိခိုက်နိုင်သည့် အဆင့်အထိဖြစ်ပေါ်နေကြောင်း Chiangmai City News သတင်းတွင် ဖော်ပြထားသည်။
ထိုလေထု ညစ်ညမ်းမှုကြောင့် လေယာဉ် အတက်အဆင်း ခက်ခဲကြောင်း၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ခရီးသွား လုပ်ငန်းများကို ထိခိုက်မှုများ ရှိကြောင်း၊ ထို့ကြောင့် ဒေသဆိုင်ရာ အာဏာပိုင်များက မီးခိုးမှုန်များ ကင်စင်ပြီး လေကောင်း လေသန့်များ ပြန်လည် ရရှိလာရန် ဆောင်ရွက်မှုများ ပြုလုပ်ကြောင်းလည်း သတင်းတွင် ပါရှိသည်။
ယခု ရက်ပိုင်းအတွင်း ရှမ်းပြည်နယ်နှင့် ထိစပ်လျက်ရှိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တောင်ယာ တောမီးများရှို့မှုများကြောင့် မီးခိုးမြူများအုံ့ဆိုင်းပြီး နေရောင်ပင် မမြင်ရသည့် အဆင့်ဖြစ်နေကြောင်း ဒေသခံ တဦးကလည်း ပြောသည်။
“ဒီနေ့တော့ ၈၀ ရာနှုန်းလောက် ပြန်မြင်ရတယ်” ဟု ၎င်းက ဆိုသည်။
၂၀၀၉ ခုနှစ်အတွင်းက ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ အပါအဝင် ခရိုင် ၁၉ ခုတွင် တောမီးရှို့မှုများမှ ဖြစ်ပေါ်လာသော မီးခိုးမှုန်များကြောင့် ကောင်းကင်၌ လေထု ညစ်ညမ်းမှု ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့သည်။ ထိုလေထု ညစ်ညမ်းမှုကြောင့် လူအများ ကျန်းမာရေး ထိခိုက်မှု ဖြစ်ပွားခဲ့၍ အရေးပေါ် ကယ်ဆယ်ရေး ဌာနများပင် စီစဉ်ထားခဲ့ရသည်။