ပဲခူးမြို့ အနီး တည်ဆောက်မည့် ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ် စီမံကိန်း လုပ်ကိုင်ခွင့် တင်ဒါ လျှောက်ထားသည့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံ သူများအား မြန်မာ အစိုးရက ပြည်ပ ချေးငွေ ၅၀ ရာခိုင်နှုန်း ထုတ်ချေး ပေးမည်ဟု သိရသည်။
“အစိုးရဘက်က ပြည်ပချေးငွေ ၅၀ ရာခိုင်နှုန်းထက် မပိုတဲ့ နှုန်းထားကို ထုတ်ချေးပေးမယ်၊ ပြန်ဆပ်ဖို့အတွက် သက်ဆိုင်ရာ ကုမ္ပဏီက တာဝန်ယူ ရမယ်၊ အဲဒီကိစ္စအတွက် စီမံကိန်းတင်ဒါ ခေါ်ခဲ့တုန်းက လျှောက်ခဲ့တဲ့ ကုမ္ပဏီ ၄ ခုကို အကြောင်းကြား စာ ပို့ထားတယ်”ဟု ယနေ့ကျင်းပသည့် မြန်မာ့လေကြောင်း ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် လေကြောင်း ညွှန်ကြားမှု ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောဆိုသည်။
တင်ဒါ လျှောက်ထားခဲ့သော ကုမ္ပဏီများဖြစ်သည့် တောင်ကိုရီးယားနိုင်ငံမှ Incheon အပြည်ပြည်ဆိုင်ရာ လေဆိပ် ကော်ပို ရေးရှင်း၊ စင်္ကာပူနိုင်ငံမှ Yongnam Holding Ltd.,၊ ဂျပန်နိုင်ငံမှ Taisei Corporation နှင့် ပြင်သစ်နိုင်ငံမှ VinciSA Company တို့ကို ဖေဖော်ဝါရီ ၂၁ ရက်က အကြောင်းကြားစာ ပေးပို့ထားပြီး စဉ်းစားချိန် ၂ လ သတ်မှတ် ပေးထားသည်ဟု လည်း ၎င်းက ပြောသည်။
ဟံသာဝတီ လေဆိပ် စီမံကိန်း တည်ဆောက်မှု လုပ်ငန်း ဆောင်ရွက်ရန် ပုဂ္ဂလိကသို့ တင်ဒါ ခေါ်ယူခဲ့ရာတွင် ပြီးခဲ့သည့်နှစ် သြဂုတ် လပိုင်းက တောင်ကိုရီးယားနိုင်ငံ Incheon အပြည်ပြည်ဆိုင်ရာ လေဆိပ် ကော်ပိုရေးရှင်းအဖွဲ့က တင်ဒါ အောင်မြင်ခဲ့ သည်။
သို့သော် ယင်းစီမံကိန်းတွင် ရင်းနှီး မြှုပ်နှံရမည့် ငွေကြေးပမာဏမှာ အမေရိကန် ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံ ကုန်ကျမည် ဖြစ်သောကြောင့် Incheon ကော်ပိုရေးရှင်းက မြန်မာအစိုးရကို စီမံကိန်း အပေါ် ပြည်တွင်း ပုဂ္ဂလိက ဘဏ်များမှတဆင့် ချေးငွေ ထုတ်ပေးရန် တောင်းဆိုခဲ့သော်လည်း ပုဂ္ဂလိက ချေးငွေ အနေဖြင့် ထုတ်ပေးရန် မဖြစ်နိုင်ကြောင်း အကြောင်းပြန်ခဲ့သည့် အတွက် Incheon ကော်ပိုရေးရှင်းက စီမံကိန်းကို ရပ်နားထားကြောင်း သိရသည်။
အလားတူ အရန် ကုမ္ပဏီအဖြစ် ရွေးချယ်ခံခဲ့ရသည့် စင်္ကာပူနိုင်ငံမှ Yongnam Holding ltd., ကလည်း ငွေကြေး အခြေ အနေကြောင့် နောက်ဆုတ်သည့် အနေအထား ဖြစ်ပေါ်နေသည်။
ယင်းအခြေအနေများကြောင့် လုပ်ကိုင်ခွင့် တင်ဒါ ရရှိထားသည့် အဆိုပါ ကုမ္ပဏီများကို အစိုးရက ချေးငွေ ၅၀ ရာခိုင်နှုန်း ထုတ်ချေးပြီး စီမံကိန်း ပြန်လည် လုပ်ကိုင်နိုင်ရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်ဟု ဦးတင်နိုင်ထွန်းက ဆိုသည်။
“နည်းပညာပိုင်းနဲ့ ပတ်သက်ပြီးတော့ ပြောစရာ မရှိခဲ့ပေမယ့် ငွေကြေးပိုင်းမှာတော့ သူတို့အတွက် အခက်အခဲ အနည်းငယ် ရှိနေခဲ့တယ်၊ ဒါကြောင့်မို့လို့ ချေးငွေ ၅၀ ရာခိုင်နှုန်းထက် မပိုတဲ့ အနေအထားကို စိတ်ဝင်စားသေးရင် အကြောင်း ပြန်နိုင် တယ် လို့ သူတို့ဆီကို စာပို့ ထားတယ်”ဟု ဦးတင်နိုင်ထွန်းက ပြောသည်။
၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် လျာထားသည့် ခရီးသည် ၆ သန်းကျော် ဝင်ရောက်လာမည့် ပမာ ဏ အတွက် လက်ရှိ အသုံးပြုနေသည့် နိုင်ငံတကာ လေဆိပ်ဖြစ်သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို တိုးချဲ့မှု လုပ်ငန်းများ ဆက်လက် လုပ်ဆောင်ရန် အဆင်မပြေတော့သည့် အတွက် ဟံသာဝတီ လေဆိပ် စီမံကိန်းကို အကောင် အထည်ဖော်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် လေဆိပ် စုစုပေါင်း ၆၉ ခု ရှိပြီး လက်ရှိ အသုံးပြုနေသည့် လေဆိပ် ၃၃ ခုရှိကာ အရန်အသင့် ထားသည့် လေဆိပ် ၃၆ ခု ရှိကြောင်း လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ပို့ဆောင်ရေး ကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ်များကို အဆင့်မြှင့်တင်နိုင်ရန် ပြည်တွင်းရှိ နိုင်ငံ တကာ လေဆိပ်တချို့ကို ပုဂ္ဂလိက လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ကြောင်း မကြာသေးမီက ကြေညာထားသည်။