နေ့လယ်ခင်းနေရဲ့ ပူလောင်မှုကို ဖြစ်စေ၊ မုတ်သုံမိုးရဲ့ စိုစွတ်မှုကို ဖြစ်စေ ရန်ကုန်မြို့ရဲ့ သစ်ပင်ကြီးတွေအောက် ဝင်ရောက်ခိုလှုံခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ကျမတို့ အစိမ်းရောင် မိတ်ဆွေတွေက ကျမတို့ဘဝ အရည်အသွေးကို အများကြီး ဖြည့်ဆည်းပေးတယ်။ အထူးသဖြင့် ရန်ကုန်က သစ်ပင်တွေနဲ့ မကင်းနိုင်သူတွေကို စိတ်ချမ်းမြေ့စေပါတယ်။
မြန်မာ သစ်မာတမျိုးဖြစ်တဲ့ ပိတောက်ဆို ပန်းပွင့်တဲ့ အချိန်က တိုတောင်းပေမယ့် ကျက်သရေရှိပြီး ပူပြင်းတဲ့ ဧပြီလ နေ့ရက်များအတွင်း စိတ်လှုပ်ရှားစရာတခု ဖြစ်စေ တယ်။ တွဲလဲကျနေတဲ့ အဝါရောင် ပိတောက်ပန်းခိုင်တွေကို အမျိုးသမီးတွေက ပန်ဆင်ဖို့အတွက် မက်မက်မောမော ခူးယူကြတယ်။ ပိတောက်ဟာ မြန်မာ့နှစ်ကူးရဲ့ ပြယုဂ်ဖြစ်ပြီး ခမ်းနားတဲ့ အမျိုးသားရေးဆိုင်ရာ သစ်ပင်လည်းဖြစ်တယ်။
ရှောက်၊ တရုတ်စကားနဲ့နွေဦးမှာပွင့်တဲ့ ခရမ်းနုရောင် ပျဉ်းမပွင့် ရနံ့က ကျမတို့ စိတ်အာရုံကို လှုပ်နှိုးပါတယ်။ ပန်းတွေပွင့်ပြီးနောက် အသီးသီးလာတဲ့ အပင်တွေက အနံ့ အရသာတွေကို ပေးပြန်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တဲ့ မန်ကျည်း၊ ရှောက်၊ သရက်နဲ့ လိမ္မော်တို့ကြောင့် လန်းဆန်းမှုကိုလည်း ရရှိစေပြန်တယ်။ ငှက်ပျောနဲ့ သင်္ဘော တို့က ကျန်းမာရေးအတွက်ကောင်းသလို အရသာလည်းရှိ၊ အာဟာရအတွက်လည်း ကောင်းပါတယ်။
သစ်ပင်တွေက အရိပ်ကြိုက်တဲ့ သီးနှံပင်တွေကိုလည်း အကာအကွယ်ပေးတယ်။ အစားအစာ ဖူလုံစေရေးနဲ့ ဝင်ငွေ ရစေရေးအတွက် အိန္ဒိယ၊ အင်ဒိုနီးရှား ကနေ အာဖရိက၊ မက္ကဆီကိုအထိ ကမ္ဘာ့နေရာ အများအပြားမှာ အရိပ်အောက် စိုက်ခင်းတွေ စိုက်ပျိုးနေကြပါတယ်။ ချုံပင်၊ ဆေးဖက်ဝင် အပင်၊ နွယ်ပင်၊ ခရမ်းချဉ်၊ စတော်ဘယ်ရီ စတဲ့ အပင်နိမ့် တွေနဲ့ အမြစ်(ဥ)စားပင်တွေကို အသီး သို့မဟုတ် အဆန်ရတဲ့ အပင်တွေအောက် အဆင့်ဆင့် စိုက်ပျိုးသွားတဲ့ ရှေးနည်း တမျိုးကို အသုံးပြုပါတယ်။ အဲဒီလို ဥယျာဉ်မျိုးကို မြေနေရာ ရှားပါးတဲ့ ရန်ကုန်၊ မန္တလေးနဲ့ အခြား မြို့ပြဒေသတွေမှာ အတုယူ ကြိုးစားစိုက်ပျိုးကြည့်နိုင်ပါတယ်။
နေအိမ်နဲ့ အသုံးအဆောင် ပရိဘောဂတွေအတွက် သစ်သားကို သစ်တောများမှ ရရှိပါတယ်။ သစ်တောတွေဟာ မရေမတွက်နိုင်တဲ့ သတ္တဝါမျိုးစိတ်များရဲ့ ခိုလှုံနေထိုင်ရာလည်း ဖြစ်တယ်။ သစ်ပင်တွေက မြင်ကွင်း ရှုခင်းတွေကို အားဖြည့်ပေးပြီး ကျမတို့တန်ဖိုးကိုလည်း တိုးမြှင့်ပေးနိုင်ပါ တယ်။ သူတို့က လေထုကို သန့်ရှင်းပေးပြီး ရာသီဥတုကို ထိန်းညှိပေးကာ ရေလွှမ်းမိုးခြင်းကလည်း ကာကွယ်ပေး တယ်။
ငြိမ်းချမ်းရေး သင်္ကေတဖြစ်တဲ့ သစ်ပင်တွေဟာ ကောင်းကင်နဲ့ မြေပြင်ကို ဆက်သွယ်ပေး ထားပြီး ကျမတို့ကို ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းတို့ရဲ့ သံသရာလည်ပတ်မှုကို မမေ့လျော့အောင် သတိပေးနေပါတယ်။ အာဖရိကမှာ ကလေးတယောက် မွေးဖွားချိန် သစ်ပင်စိုက်ကြတယ်။ လူ သေတဲ့အခါမှာလည်း ဆွေးမြည့်ပျက်စီးသွားမယ့် ဂေါင်းတလားအတွင်း ထည့်သွင်း မြေကြီးတွင်း မြှုပ်နှံပြီး သုသာန်မြေပေါ် အပင်များစိုက်ပျိုးကြတယ်။ ယဉ်ကျေးမှုအများစုဟာ သစ်ပင်တွေကို ကိုးကွယ်ဆည်းကပ်ကြတယ်။ ကိုးကွယ်ဖို့လည်း ထိုက်တန်ပါတယ်။
ငြိမ်းအေးခြင်းကို ကိုယ်စားပြုတဲ့ သစ်ပင်တွေဟာ စိတ်ဖိစီးမှုကိုလျှော့ချပေးပြီး ဦးနှောက်ကို ရွှင်လန်းစေတယ်။ ကမ္ဘာမြေပေါ် သစ်ပင်တွေရှိနေတာ နှစ်သန်းပေါင်း ၃၇၀ ခန့် ရှိခဲ့ပါပြီ။ လေပြည်လေညင်း၊ မုန်တိုင်းနဲ့ အခြားအခြေအနေ အမျိုးမျိုးကို ကျော်လွန်ရင်ဆိုင်ပြီး နှစ်ပေါင်း ထောင်နှင့်ချီ အသက်ရှင်နေနိုင်တဲ့ သစ်ပင်တွေလည်း ရှိနေပါတယ်။
ဒါပေမယ့် သစ်ပင်တွေက ထာဝရမဟုတ်ကြပါ။ လူပေါင်း ၁၄၀ဝဝဝ ကျော် သေဆုံးစေခဲ့တဲ့ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရန်ကုန်ကနှစ် ၁၀ဝ သက်တမ်းရှိ အပင် ၃ ပုံ ၁ ပုံ ကျော် ပြိုလဲခဲ့ရပါတယ်။ ယခု အပြောင်းအလဲတွေ မြန်မြန်ဆန်ဆန် ဖြစ်ပေါ်နေတဲ့အချိန်မှာလည်း သစ်ပင်အများစု ခုတ်လှဲခံရမယ့်အန္တရာယ် တွေ့ကြုံနေကြရပါတယ်။
ကြီးထွားလာတဲ့ ယာဉ်ကြောပိတ်ဆို့မှုကိုဖြေရှင်းဖို့ လမ်းတွေကို ပိုကျယ်လာအောင် ချဲ့နေ ပါတယ်။ ခြေကျင်လျှောက်သူတွေကို သက်သောင့်သက်သာ ဖြစ်စေပြီး လမ်းဘေးဈေးသည်တွေ အသက်မွေးမှုကို အထောက်အပံ့ဖြစ်စေခဲ့တဲ့ သစ်ပင်ကြီးတွေဟာ ပျောက်ကွယ်သွားရဖို့ များနေ ပါတယ်။ တချိန်က ကျယ်ဝန်းသပ်ရပ်ခဲ့တဲ့ ကမ်းနားလမ်း၊ ဗိုလ်အောင်ကျော်လမ်းနဲ့ ကုန်သည် လမ်းတို့က သစ်ပင်တွေဟာလည်း ကွန်ကရစ်ဘောင်များဖြင့် တင်းကျပ်စွာ ဝိုင်းပတ်ခံထားရရင်း ခုတ်လှဲခံရမယ့်အချိန်ကို စောင့်မျှော်နေကြရပါတယ်။
ဒါပေမယ့် ရန်ကုန်မြို့ လမ်းများနဲ့ ပန်းခြံများကို ကျက်သရေရှိစေသော သစ်ပင်များနဲ့ ပတ်သက်ပြီး စဉ်းစားခြင်းမျိုးမရှိလို့ ဆိုလိုခြင်းမဟုတ်ပါ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မီတီ (YCDC) နဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JICA) တို့ ပူးပေါင်းပြီး မြို့ပြစီမံကိန်းတခု ရေးဆွဲအဆိုပြုထားရာမှာ မြို့နေလူထု အသက်ရှူ ဝစေမယ့် နေရာအကျယ်အဝန်း ရရှိနိုင်ရေးလည်း ပါဝင်ပါတယ်။
YCDC ရဲ့ ပန်းဥယျာဉ်နဲ့ ကစားကွင်းဌာနက ကျွန်း၊ မန်ကျည်း၊ ငုပင်ပျို ထောင်ချီပြီး ဆက်လက် စိုက်ပျိုးပေးနေပါတယ်။ မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း သစ်ပင် ခုတ်လှဲဖယ်ရှားမယ်ဆို YCDC ခွင့်ပြုချက်ယူဖို့ လိုအပ်ပြီး ခွင့်ပြုချက်မရရှိဘဲ လုပ်ရင် ထောင် ဒဏ် ၇ နှစ်အထိ ချမှတ်ခံရနိုင်တယ်။
ဒါပေမယ့် ရန်ကုန်ရဲ့ သဘာဝအမွေအနှစ်နဲ့ စိမ်းလန်းမှုကို ကာကွယ်ရေး ဒီလောက်နဲ့ လုံလောက်မလား။ ရန်ကုန်လူထုဟာ သူတို့ရဲ့ စကားမပြောတတ်တဲ့ မိတ်ဆွေများအတွက် ခုခံ ပြောဆိုမပေးဘူးဆိုရင် နေပူချိန်၊ မိုးရွာချိန်များမှာ ခိုလှုံဖို့ အရိပ်ပျောက်ဆုံးရတာထက် များစွာ ပိုတဲ့ ဆုံးရှုံးမှုကိုခံစားရမှာသေချာပါတယ်။
(Virginia Henderson ၏ Trees, Glorious Trees ကို နိုင်မင်းသွင် ဘာသာပြန်သည်။)