သတင်း

မြန်မာ့ ဂုံခါး ပြည်ပပို့ကုန်ဖြစ်လာ

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အထက်ပိုင်းတွေက ထွက်တဲ့ ဂုံခါး ကို ပြည်ပပို့ကုန်အဖြစ် တောင်ကိုရီးယား နိုင်ငံကို ပို့ဆောင်နေပြီ ဖြစ် တယ်လို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဌာန က ပြောပါတယ်။

တောင်ကိုရီးယား ကုမ္ပဏီ အနေနဲ့ ပခုက္ကူဒေသက ထွက်တဲ့ ဂုံခါးတွေကို တိုင်းရင်းဆေး ဖော်စပ်ဖို့အတွက် ဝယ်ယူတာဖြစ်ပြီး ပထမ ဆုံးအနေနဲ့ ဂုံခါး ကီလို ၃၀၀၀ ကျော်ကို မတ်လ လယ်ပိုင်းမှာ စတင်ပို့ဆောင်ခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ပို့ကုန်ဌာန တာဝန်ခံ ဒု ညွှန်ကြားရေးမှူး ဗိုလ်ကြီး စိုးဝင်းမောင် ကပြောပါတယ်။

“ဂုံခါး Export က ဒါပထမဆုံးပဲ၊ ကျနော်တို့ သိထားတာကတော့ သူတို့(တောင်ကိုရီးယား) တွေက ဂုံခါးကို အလယ် အူချောင်း ဖယ် အခြောက်ခံ အမှုန့်ကြိတ်ပြီးတော့မှ တိုင်းရင်းဆေး ဖော်စပ်ဖို့ လို့တော့ပြောတာပဲ”လို့ ဗိုလ်ကြီး စိုးဝင်းမောင် က ဧရာဝတီကို ပြော ပါတယ်။

မြန်မာနိုင်ငံမှာတော့ ဂုံခါးဟာ အလေ့ကျ ပေါက်ပင်ဖြစ်ပါတယ်။ ထုံးဓာတ်ကို ချေဖျက်နိုင်စွမ်းရှိပြီး လေကျေတယ် ဆိုတဲ့ အယူအဆ နဲ့ ကွမ်းယာထဲမှာထည့်ပြီး စားကြသလို ဂုံခါး အခေါက်ကိုခွာ အခြောက်ခံအမှုန့်ကြိတ်ပြီး လေဆေးအဖြစ် တိုင်းရင်းဆေး ဖော်စပ် အသုံးပြုကြတာတွေလည်း ရှိပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန က ဖော်ပြချက်အရ တောင်ကိုရီးယား နိုင်ငံကိုပို့တဲ့ ဂုံခါး တကီလို ၁ ဒသမ ၈၂ ဒေါ်လာ ပေါက်ဈေးရှိပြီး ဝယ်လိုအားရှိနေပေမယ့် ထွက်နှုန်းအားနည်းတာကြောင့် လိုအပ်ချက် အပြည့် မတင်ပို့နိုင်ဘူးလို့လည်း သိရပါတယ်။

“Exporter တွေဆီက သိတဲ့ အနေအထားအရတော့ ကိုရီးယားကတော့ လိုချင်တာ၊ ဒီမှာက ပစ္စည်းပြတ်နေတယ်၊ ပစ္စည်းပေါ်တဲ့ အချိန်မဟုတ်ဘူး ဖြစ်နေတယ်”လို့ ဗိုလ်ကြီး စိုးဝင်းမောင် က ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဝန်းသို၊ ပင်လယ်ဘူး ဒေသတွေ ဘက်မှာလည်း ထွက်ရှိပြီး အဲဒီ ဒေသကထွက်တဲ့ ဂုံခါးတွေကတော့ မူဆယ် ၁၀၅ မိုင် လမ်းကြောင်းအတိုင်း တရုတ်နိုင်ငံထဲကို ဝင်တယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းဘက်မှာတော့ ဂုံခါး အစို တပိဿာကို ကျပ် ၅၀၀၊ အခြောက် တပိဿာ ကျပ် ၁၀၀၀ ဈေးပေါက်တယ်လို့ သိရပါတယ်။

ဂုံခါးဟာ နွယ်ပင် ပုံသဏ္ဌာန်ရှိပြီး မြေကြီးထဲမှာ တူးဖော်ယူရတဲ့ အပင်မျိုးဖြစ်ပါတယ်။ လတ်တလောမှာတော့ တရုတ်နဲ့ တောင် ကိုရီးယား နိုင်ငံတွေ အဝယ်လိုက်နေပြီး ကုန်ပစ္စည်းပြတ်နေတဲ့ အတွက် ဈေးတက် လာဖွယ်ရှိတယ်လို့လည်း ပြည်ပ ပို့ကုန် ဝယ်ယူ သူတွေဘက်က ခန့်မှန်း ပြောဆိုနေကြ ပါတယ်။

Loading