မလေးရှား လေကြောင်းလိုင်းမှ သီတင်း ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေသည့် MH370 ဘိုးအင်းလေယာဉ်ပေါ်တွင် တရုတ်နိုင်ငံသား ၁၀၀ ကျော် ပါသွားပြီးနောက် ရှာဖွေရေးအတွက် တရုတ်နိုင်ငံက တချိန်လုံး တွန်းအားပေးခဲ့သည်။ ဖြန့်ကျက်ထားသော ဂြိုဟ်တု ၂၁ လုံး၊ စစ်သင်္ဘော အုပ်စုတစုတို့ဖြင့် အင်တိုက်အားတိုက် ရှာဖွေခဲ့သည်။
မလေးရှားနိုင်ငံသို့ စုံစမ်းရေးမှူးများ စေလွှတ်သည်။ တရုတ်နိုင်ငံသား ခရီးသည်များ၏ နောက်ခံအကြောင်း အများကို စစ်ဆေးနေသလို အနောက်ဖက်ဒေသများမှ ရေဒါရုပ်ပုံများကို ရှာဖွေစစ်ဆေးနေသည်။ မလေးရှားအစိုးရကိုလည်း နေ့စဉ်လိုလို ဝေဖန်ပြစ်တင်နေခဲ့သည်။ လေယာဉ်ပေါ်တွင် လူ ၂၃၉ ဦးပါသွားပြီး ၃ ပုံ ၂ ပုံမျာ တရုတ်နိုင်ငံသားများ ဖြစ်သည်။
တရုတ်နိုင်ငံသည် အမေရိကန်နှင့် ပစိဖိတ် အနောက်ပိုင်းမှ အမေရိကန်၏ ဗျူဟာမြောက် လွှမ်းမိုးမှုအတွက် ပြိုင်ဖက်တဦးအဖြစ် အလျှင်အမြန် တိုးတက်လာခဲ့သော်လည်း မလေးရှားနိုင်ငံနှင့် အတူ လေယာဉ်ရှာဖွေခြင်းနှင့် မတ်လ ၈ ရက်နေ့ အစောပိုင်းတွင် MH370 လေယာဉ်ဘာတွေ ဖြစ်ခဲ့သည်ကို စုံစမ်းဖော်ထုတ်သည့်အခါ၌ ဒေသအတွင်းတွင် တရုတ်နိုင်ငံ၏ အာဏာ၊ သြဇာ၊ နည်းပညာနှင့် စစ်အင်အားတို့ အကန့်အသတ်ရရှိနေခြင်းကို ထုတ်ပြသလို ဖြစ်ခဲ့ရကြောင်း New York Times သတင်းစာကြီးက ဝေဖန်သည်။
ဆွေမျိုးသားချင်းများအတွက် သောကရောက်နေရသူများက အဖြေရေရေရာရာပေးရန် တောင်းဆိုနေခဲ့သော်လည်း ၂ ပတ်ကြာသည်အထိ တရုတ်အစိုးရက အဖြေမပေးနိုင်ဘဲ စုံစမ်းစစ်ဆေးရေးတွင် မလေးရှား၏ ဦးဆောင်မှုနောက်သို့သာ လိုက်နေရသည်။ မလေးရှားကလည်း အမေရိကန် FBI နှင့် ပင်တဂွန် စစ်ဌာနချုပ်၊ သြတတြေးလျ တော်ဝင်လေတပ် စသည်တို့ကို အကူအညီ တောင်းခံခဲ့သည်။
မလေးရှားအစိုးရ၏ အပြည့်အဝ ပူးပေါင်းပါဝင်မှု မရှိဟု ယူဆကြပြီး တရုတ်အပါအဝင် တခြားနိုင်ငံများက ရောက်ရှိနေကြသော ကူညီမည့်အရာရှိများ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ကြကြောင့် စောင့်ကြည့်လေ့လာသူများက ဝေဖန်သည်။ ဤသည်မှာလည်း တရုတ်အစိုးရပိုင် မီဒီယာများက မလေးရှားကို မကြာခန ပြစ်တင် ဝေဖန်နေခြင်းကို ယောင်ပြန်ဟပ်ခြင်းဟု ဆိုသည်။ မိမိ ပိုင်နက်မှ ထွက်လာသည့်အချိန်တွင် တရုတ်နိုင်ငံသည် သူနှင့် ပုံမှန်ဆက်ဆံရေး ရှိနေသည့် မလေးရှား အပါအဝင် နိုင်ငံငယ်များအပေါ် အသာစီးယူနိုင်သည့် အနေအထား မရှိတော့ဟု New York Times သတင်းစာကြီးက ထောက်ပြသည်။
မလေးရှားနိုင်ငံနှင့် တရုတ်နိုင်ငံကြားတွင် ဆယ်စုနှစ်များစွာ စီးပွားရေး ဆက်ဆံမှု အားကောင်းခဲ့ပြီး တရုတ် ဒု သမ္မတ ရှီ ကျင့်ဖျင် (Xi Jinping) ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက မလေးရှားနိုင်ငံသို့ အလည်အပတ် ရောက်ရှိပြီး စီးပွားရေးနှင့် စစ်ရေးအရ အနီးကပ် ပူးပေါင်း ဆောင်ရွက်ရန် ကတိပြုခဲ့သည်။ အကဲဆတ်သည့် ကိစ္စတချို့တွင် တရုတ်နိုင်ငံက မလေးရှားကို ဖိအားပေးခဲ့ခြင်းမျိုးလည်း ရှိသည်။ ၂၀၀၂ ခုနှစ်တွင် တရုတ်နိုင်ငံမှ ထွက်ပြေးခဲ့သော ဝီဂါ (Uighur) မွတ်စလင် ၆ ဦးအား မလေးရှားနိုင်ငံက ပြန်ပို့ခဲ့ခြင်းကို တရုတ်နိုင်ငံက ကြိုဆိုခဲ့သည်။
မလေးရှားနိုင်ငံကို ဖိအားပေးခြင်းနှင့် ပတ်သက်၍ “တကယ်လို့ သူတို့ကို တွန်းအားမပေးဘူးဆိုရင် သူတို့ လှုပ်ရှားမှာ မဟုတ်ဘူး။ အဲဒါက သူတို့ရဲ့ စီမံခန့်ခွဲရေး စွမ်းရည်နဲ့ အများကြီးဆိုင်သလို သူတို့ ဓလေ့စရိုတ်နဲ့လည်း ဆိုင်ပါတယ်” ဟု ယူနန် လူမူရေးသိပ္ပံ အကယ်ဒမီ (Yunnan Academy of Social Sciences) မှ အရှေ့တောင် အာရှရေးရာ ပညာရှင် Zhu Zhenming က သူ့အမြင်ကို ပြောသည်။ မလုပ်ချင်တာ တခုတည်းကြောင့် မဟုတ်ဘဲ၊ မလုပ်နိုင်တာလည်း ပါသည်ဟု အဆိုပါ ပညာရှင်က ဝေဖန်သေးသည်။
တဖက်သားကို အထင်သေးခြင်း ဖြစ်ကောင်းဖြစ်နိုင်သည့် စကားများကို သံခင်းတမန်ခင်းအရ ပြောသည့် တရုတ် တာဝန်ရှိသူတို့၏ မှတ်ချက်များတွင်လည်း တွေ့နိုင်သည်ဟု နယူးယောက်တိုင်းမ် သတင်းစာက ထောက်ပြသည်။ မလေးရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Huang Huikang က “မလေးရှားအစိုးရမှာ MH370 ဖြစ်ရပ်ကို ကိုင်တွယ်ဖို့အတွက် လုံလောက်တဲ့ စွမ်းဆောင်ရည်၊ နည်းပညာနဲ့ အတွေ့အကြုံ မရှိပါဘူး။ ဒါပေမယ့် သူတို့ အကောင်းဆုံး လုပ်ခဲ့ပါတယ်” ဟု ကွာလာလမ်ပူမြို့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
တနည်းပြောရလျှင် ထိုသို့ ပြစ်တင်ပြောဆိုခြင်းများကြောင့် တရုတ်လူမျိုး အများအပြားက သူတို့၏ နိုင်ငံရေး ယဉ်ကျေးမှုသည် အရှေ့တောင်အာရှ နိုင်ငံများထက် အဆင့်မြင့်သည်ဟု ယူဆကြကြောင်း အများက ယုံကြည်ထားမှုကို ပိုပြီး အားကောင်းစေခဲ့သည်။ ကမ္ဘာ၏အမြင်တွင် အရှေ့တောင်အာရှသည် ဖွံ့ဖြိုးမှုအားနည်းခဲ့သည့် ဒေသဖြစ်၍ တရုတ်ကို မော့ကြည့်ခဲ့ရကာ ပြေလည်အောင်ဆက်ဆံရင်း အတုယူခဲ့ရသည် ဟူ၍ဖြစ်နေသည်။
မွတ်စလင် မလေးလူမျိုးများ လွှမ်းမိုးထားပြီး တရုတ်လူမျိုး လူနည်းစုလည်း ရှိနေသော မလေးရှားနိုင်ငံနှင့် ပတ်သက်၍ တရုတ်အစိုးရနှင့် တရုတ်ပြည်သူများ အမြင်တွင် ခြွင်းချက် မရှိပါ။ လေယာဉ်ပျောက်ဆုံးသည့် ကိစ္စက ထို မမျှတသည့် အမြင်ကို ပိုမို အားကောင်းစေသည်ဟု လေ့လာသူတို့က သုံးသပ်သည်။
စင်ကာပူ အမျိုးသား တက္ကသိုလ်၊ East Asian Institute မှ တရုတ်နိုင်ငံရေး လေ့လာသူ ပညာရှင် Bo Zhiyue က “မလေးရှား အစိုးရရဲ့ ပုံရိပ်က တရုတ်အစိုးရနဲ့ ပြည်သူတွေရဲ့အမြင်မှာ ကျဆင်းသွားရတယ်။ မလေးရှား အစိုးရနဲ့ နှိုင်းယှဉ်ကြည့်ရင် တရုတ်အစိုးရက ပိုပြီး မြန်မြန်ဆန်ဆန် တုန့်ပြန်နိုင်ပါတယ်” ဟု ပြောသည်။ ထိုအချက်က သူတို့၏ စနစ်သည် တခြားစနစ်များထက် နိမ့်ကျမှု မရှိကြောင်း၊ အချို့နေရာများတွင် သူတို့က စွမ်းဆောင်ရည် သာလွန်ကြောင်း တရုတ်လူမျိုးများအကြား အမြင် ပိုအားကောင်းသွားစေနိုင်သည် သူက ဆက်ပြောသည်။
တရုတ်နိုင်ငံကဲ့သို့ပင် မလေးရှားနိုင်ငံသည်လည်း နိုင်ငံရေးပါတီ တခုတည်းက ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့သည့် နိုင်ငံတခု ဖြစ်သည်။ သို့သော်လည်း အရေးပါသည့် ကွဲပြားခြားနားမှုများ ရှိနေသည်။ မလေးရှားနိုင်ငံတွင် အတိုက်အခံ ပါတီများ အင်အားကြီးကြီးမားမားဖြင့် ရှိနေပြီး တခြားအိမ်နီးချင်း နိုင်ငံများကဲ့သို့ မဟုတ်ဘဲ စစ်တပ်ကလည်း ပြည်တွင်းနိုင်ငံရေးတွင် အဓိကကျသည့် နေရာရယူထားခြင်း မရှိပေ။ ထို့ကြောင့် မလေးရှား စစ်တပ်အကြီးအကဲများသည် တခြားအာရှ နိုင်ငံများမှ စစ်ဖက် ခေါင်းဆောင်များကဲ့သို့ မဟုတ်ဘဲ အရပ်ဖက် ခေါင်းဆောင်များနှင့် ထိတွေ့ပတ်သက်မှု နည်းပါးကြသည်။ တရုတ် နိုင်ငံတွင်မူ ကွန်မြူနစ်ပါတီ ခေါင်းဆောင်လည်း ဖြစ်သူ ရှိ ကျင့်ဖျင်က စစ်တပ်ကို စီမံခန့်ခွဲသည်။
အကယ်၍ မလေးရှားစစ်တပ်က အရပ်ဖက် တာဝန်ရှိသူများနှင့် နီးကပ်သော ဆက်ဆံရေး ရှိခဲ့ပြီး စစ်ဖက်မှ ရေဒါသတင်း အချက်အလက်များ ဝေမျှသုံးစွဲရန် သဘောတူညီချက် အစောပိုင်းကတည်းက ရှိထားခဲ့လျှင် MH370 လေယာဉ် ပျောက်ဆုံးခဲ့သော အစောပိုင်းနေ့များတွင် ထိုင်းပင်လယ်ကွေ့သို့ သွားရောက်ရှာဖွေမည့်အစား အိန္ဒိယ သမုဒ္ဒရာ အနောက်ဖက်ကို ရှာဖွေနိုင်မည်ဖြစ်သည်ဟု လေ့လာ သုံးသပ်သူတချို့က ပြောကြသည်။ နောက်ကျပြီးမှ ထုတ်ပြန်နိုင်ခဲ့သည့် ရေဒါ အချက်အလက်များကြောင့် မလေးရှားနိုင်ငံလည်း အရှက်ကွဲခဲ့ပြီး တခြားနိုင်ငံများလည်း စိတ်ပျက်ဒေါသ ဖြစ်ခဲ့ရသည်။
“မလေးရှားနိုင်ငံက ဗဟိုချုပ်ကိုင်မှု အရမ်းနည်းတယ်။ စစ်တပ်မှာ သူ့ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရှိတယ်” ဟု Bo Zhiyue က ပြောသည်။
မတ်လ ၁၈ရက်နေ့တွင် မလေးရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Huang Huikang က မလေးရှားနိုင်ငံ အနေဖြင့် ၎င်းထံတွင် ရှိနေသော သတင်းအချက်အလက်များကို ပိုပြီး ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ပေးဖို့ လိုအပ်နေကြောင်း ပြောသည်။ ထိုညတွင် တရုတ် အစိုးရပိုင် ဆင်ဟွာ (Xinhua) သတင်းဌာနက “ပွင့်လင်းမြင်သာမှု အားနည်းခြင်းကြောင့် ကြီးမားသော အားထုတ်မှုများ အလဟဿ ဖြစ်ခဲ့ရပြီး ကောလာဟလများ အမြောက်အများ ပေါ်ထွက်ခဲ့ခြင်းသည့်အပြင် သတင်း စောင့်မျှော်နေသည့် မိသားစုများကို ထပ်ခါတလဲလဲ ထိခိုက်စေခဲ့ရသည်။ ထို့ကြောင့် ခေါက်ရိုးကျိုးနေသော အမှားများကို ထပ်မံကျူးလွန်ခြင်းကို ခွင့်လွှတ်ရန် မဖြစ်နိုင်ပါ” ဟု ရေးသား ဖော်ပြလိုက်သည်။
MH370 လေယာဉ် ပျောက်ဆုံးမှု မပေါ်ပေါက်မီ တပတ်အလိုက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရထား ဘူတာရုံတခုတွင် ဓားများကိုင်ဆောင်ထားသူ တစု၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လူ ၂၉ ဦးသေဆုံးပြီး ၁၅၀ နီးပါး ဒဏ်ရာ ရခဲ့သည့်အတွက် MH370 ၏ လျှို့ဝှက်ဆန်းကျယ်မှုကို ဖြေရှင်းနိုင်ရေးက ကြီးမားသည့် ဖိအားတခု ထပ်ဖြစ်လာသည်။ တရုတ် အာဏာပိုင်များက အဆိုပါ တိုက်ခိုက်မှုသည် အကြမ်းဖက်လှုပ်ရှားမှု တရပ်ဖြစ်ပြီး အကြမ်းဖက်သမားများသည် ဝီဂါ (Uighurs) မွတ်စလင်များနှင့် အုပ်စိုးသူ ဟန်လူမျိုးများကြားတွင် ပဋိပက္ခများ ဖြစ်ပွားနေသည့် တရုတ်နိုင်ငံ အနောက်ပိုင်း Xinjiang ပြည်နယ်မှ ရောက်လာသူများ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
အစပိုင်းတွင် MH370 လေယာဉ် ပျောက်ဆုံးခြင်းကို နောက်ထပ် အကြမ်းဖက် တိုက်ခိုက်မှုတခု ဖြစ်သည်ဟု ထင်မြင်ထားခဲ့ကြသည်။ အမေရိကန် တာဝန်ရှိသူများက အကြမ်းဖက်သမားများ ပါဝင်မှု မရှိနိုင်ကြောင်း ပြောခဲ့ကြသော်လည်း Uighurs လူမျိုးများ က ကျူးလွန်ခြင်းဖြစ်မည်ဟု ယူဆခဲ့ကြသည်။ တရုတ်နိုင်ငံ၏ စုံစမ်းစစ်ဆေးမှု အရလည်း Uighurs လူမျိုး တဦးအပါအဝင် လေယာဉ်ပေါ်တွင် လိုက်ပါလာသော တရုတ်နိုင်ငံသားများသည် စစ်သွေးကြွများနှင့် ဆက်စပ်မှု မရှိကြောင်း တွေ့ရှိခဲ့ရသည်။
မည်သို့ပင်ဖြစ်စေ ဘူတာရုံမှ အကြမ်းဖက်လူသတ်မှုနှင့် တရုတ်နိုင်ငံသား အများအပြား လိုက်ပါလာသော လေယာဉ် ပျောက်ဆုံးခြင်းသည် တရုတ်အာဏာပိုင်များ ထိန်းချုပ်မှုထက် ပိုမိုနေသည့် တမျိုးသားလုံးနှင့် ပတ်သက်သော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတခုဖြစ်သည်ဟု စင်ကာပူ အမျိုးသားတက္ကသိုလ်မှ Bo Zhiyue က ပြောသည်။
“အဲဒါက နည်နည်း ထိရှလွယ်တဲ့ကိစ္စပါ။ နည်းနည်း စိတ်ကသိကအောင့် ဖြစ်မယ့်ပုံလည်း ရှိပါတယ်။ သူတို့တွေ အလေးအနက် လုပ်နေပါတယ်။ ပြဿနာကို ကိုဖြေရှင်းနိုင်မယ့် အခြေတခုကို အင်တိုက်အားတိုက် ရှာနေပါတယ်ဆိုတဲ့ အသွင်မျိုးဖြစ်အောင် ပိုပြီး အားစိုက်ဖို့ လိုနေပါတယ်” လည်း သူကပြောသည်။
တရုတ်အစိုးရ၏ ဝါဒဖြန့်ချိရေး အရာရှိများက ပြည်တွင်းသတင်းဌာနများကို လေယာဉ်နှင့် ပတ်သက်၍ လွတ်လပ်စွာ သရုပ်ခွဲခြင်း၊ မှတ်ချက်ပေးခြင်းများ မပြုလုပ်ရန်နှင့် အစိုးရက ထုတ်ပြန်ပေးသည့် အချက်အလက်များ နှင့် လိုက်လျောညီထွေစွာ ဖော်ပြကြရန် အမိန့်ထုတ်ခဲ့ကြောင်း တရုတ်သတင်း မီဒီယာများကို စောင့်ကြည့်လေ့လာနေသည့် အမေရိကန် အခြေစိုက် အဖွဲ့အစည်းတခုဖြစ်သည့် China Digital Times က ဆိုသည်။
တရုတ်စစ်ဖက် အရာရှိများက လေယာဉ်ပျောက်ဆုံးမှု အပေါ် အလွန်အမင်း အာရုံစိုက်လာကြကြောင်း အနောက်တိုင်း အရာရှိတဦးက ပြောသည်။ သံတမန်ရေးရာအရ မပြောသင့်သည့် စကားများ ပါဝင်နေသဖြင့် သူ၏ အမည်ကို ထုတ်ဖော် ခြင်းမပြုရန်လည်း တောင်းဆိုခဲ့သည်။ “တရုတ်စစ်တပ်ထဲက လူတွေက သူတို့ကိုယ်သူတို့ ဒုက္ခပြန်ပေးနေကြတာ။ သူတို့က ညဖက်ဆိုရင် အိမ်မပြန်ကြဘူး။ သူတို့က သတင်းအချက်အလက် လိုချင်ကြတယ်။ ဒါပေမယ့် သူတို့ ရနိုင်စရာ ဘာမှ မရှိဘူး” ဟု အဆိုပါ အရာရှိက နယူးယောက်တိုင်းမ် သတင်းစာသို့ ပြောသည်။
မတ်လ ၁၉ ရက်နေ့ ညနေပိုင်းတွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး Fang Fenghui က မလေးရှား တပ်မှူးကြီးတဦးထံသို့ ဖုန်းဆက်ပြီး မျှော်လင့်ချက် ရေးရေးမျှရှိနေသရွေ့ လူတိုင်းက ၁၀၀ ရာခိုင်နှုန်း အားထုတ်ရမည်ဟု ပြောကြားခဲ့ကြောင်း တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်မှ ကြေညာချက် တခုတွင် ဖော်ပြထားသည်။ ထို့ပြင် ရှာဖွေရေးတွင် မလေးရှား စစ်တပ်က တရုတ်စစ်တပ်ကို ပို၍ အကူအညီပေးရန်လည်း ဗိုလ်ချုပ်ကြီး Fang Fenghui က ပြောကြားခဲ့ကြောင်း အဆိုပါ ကြေညာချက်ကဆိုသည်။
တရုတ်နိုင်ငံမှ မျှော်လင့်ချက်မဲ့သော ခံစားမှုက မတ်လ ၁၉ ရက်နေ့တွင် ကွာလာလမ်ပူမြို့၌ ပြုလုပ်ခဲ့သော မလေးရှား အစိုးရ၏ သတင်းစာ ရှင်းလင်းပွဲကိုလည်း သက်ရောက်မှုရှိခဲ့သည်။ ခရီးသည်များ၏ ဆွေမျိုးများက သတင်းစာရှင်းလင်းပွဲ ကျင်းပရာ အခန်းအတွင်းသို့ အတင်းဝင်ရောက်ခဲ့ကြပြီး စာတန်းများ ကိုင်ဆောင်ကာ ဆန္ဒပြတောင်းဆိုခဲ့ ကြသည်။ လုံခြုံရေး အစောင်းများက သူတို့ကို အတင်းဆွဲထုတ် သွားကြသော်လည်း ရောက်ရှိနေသည့် သတင်းသမားများက သူတို့၏ မချိတင်ကဲ အော်ဟစ်တောင်းဆိုပုံများကို မှတ်တမ်းတင်လိုက်နိုင်သည်။
“ကျမ သားဘယ်မှာလဲ၊ ဘာဖြစ်လို့ ကျမကို အဖြေမပေးကြတာလဲ” ဟု ပန်းရောင် အကျၤ ီဝတ်ထားသည့် အမျိုးသမီး တယောက်က စူးစူးဝါးဝါး အော်ဟစ်လိုက်သည်ကို ဗီဒီယို မှတ်တမ်းများတွင် မြင်တွေ့ခဲ့ကြရသည်။
Ref: New York Times