ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူသည့် အခါ ရခိုင်ပြည်နယ်ရှိ မွတ်စလင်များက ရိုဟင်ဂျာ အမည်အား ထည့်သွင်း ရေးသားခြင်း မပြုရန် ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူ တချို့က တောင်းဆိုမှုများ ရှိလာကြောင်း ရခိုင်ပြည်နယ်ရှိ မွတ်စလင် ရပ်ကွက်များတွင် နေထိုင်သူများထံမှ သိရသည်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံရန် ၅ ရက် အလို၌ စစ်တွေမြို့အနီး မွတ်စလင် အများစု နေထိုင်ရာ ဘုမေရပ်ကွက်သို့ ပြည်နယ် ရဲတပ်ဖွဲ့မှူးနှင့် ပြည်နယ် လဝကမှူးအဖွဲ့တို့ ယနေ့ နံနက်ပိုင်းတွင် ရောက်ရှိလာပြီး သန်းခေါင်းစာရင်း ကောက်ယူသည့် အခါ ရိုဟင်ဂျာ အမည် ထည့်သွင်းခြင်း မပြုရန် တောင်းဆိုခဲ့သည်ဟု စစ်တွေမြို့ ဘုမေ ရပ်ကွက်တွင် နေထိုင်သူ အစ္စလာမ် ဘာသာဝင် ဦးအောင်ဝင်းက ပြောသည်။
“သူတို့က ဒီမနက် ရောက်လာပြီး အဲဒီလို ပြောလိုက်တော့ လူတွေက တော်တော်လေး ပွစိပွစိ ဖြစ်ကုန်တယ်။ ကျနော်တို့ဘက်က လူသုံး-လေး ယောက်လောက်က လုံး၀ လက်မခံနိုင်ဘူး ဆိုပြီး ထပြောကြတယ်” ဟု ၎င်းက ဆိုသည်။
သန်းခေါင်းစာရင်း ကောက်ယူရာတွင် ပြဿနာ ပိုမို ကြီးထွားလာခြင်း မရှိစေရန် စည်းရုံးသည့် ပုံစံဖြင့် မွတ်စလင်များထံ သွားရောက် ပြောဆိုခဲ့သော်လည်း အောင်မြင်မှု မရခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲမှူး ထွန်းဦးက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့က ပြဿနာ အကြီးကြီး ဖြစ်မှာစိုးလို့ နားချ ကြည့်တာ၊ မအောင်မြင်ပါဘူး ” ဟု ရဲမှူး ထွန်းဦးက ပြောသည်။
ရခိုင် တိုင်းရင်းသားများက သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ အမည် ထည့်သွင်းမည့်ကိစ္စကို အလံများ ထောင်ပြီး အကြီးအကျယ် ဆန္ဒပြနေသဖြင့် သန်းခေါင်းစာရင်း ကောက်ယူရေး အဖွဲ့များအတွက် ပြဿနာ ဖြစ်မည်ကို စိုးရိမ်ရကြောင်း ရဲမှူး ထွန်းဦးက ဆိုသည်။
ရိုဟင်ဂျာ အမည်အား မရေးရန် သန်းခေါင်စာရင်း စတင် ကောက်ယူမည့် မတ်လ ၃၀ ရက် မတိုင်မီ တရားဝင် ထုတ်ပြန် ကြေညာမပေးပါက ရခိုင်ပြည်နယ် တခုလုံးတွင် သန်းခေါင်းစာရင်း ကောက်ယူမည့် လုပ်ငန်းကို ရခိုင် တိုင်းရင်းသားများက သပိတ်မှောက်သွားရန် ဆုံးဖြတ်ထားကြကြောင်း စစ်တွေမြို့ခံ ဦးခင်မောင်ကြီးက ပြောသည်။
“အစိုးရက မထုတ်ပြန်ရင် ရခိုင်ပြည်နယ် တခုလုံးမှာ သန်းခေါင်စာရင်း ကောက်လို့ မရအောင် သပိတ်မှောက်ဖို့ ဆုံးဖြတ်ထားတယ်။ အိမ်တိုင်းမှာ သာသနာ့ အလံတွေ ထောင်ထားဖို့ နှိုးဆော် ထားတယ် ” ဟု ဦးခင်မောင်ကြီးက ပြောသည်။
ဘင်္ဂါလီများက ရိုဟင်ဂျာ အမည် ထည့်သွင်းရန် ကြိုးပမ်းနေမှုမှာ ရခိုင် တိုင်းရင်းသားများနှင့် မွတ်စလင်တို့ အကြား ပြဿနာ ပိုမို ကြီးထွားလာစေပြီး ပဋိပက္ခ ဖြစ်ပွားနိုင်စေသည်ဟု နှစ်ဖက်စလုံးက ပြောဆိုလျက် ရှိသည်။
“ကျနော်တို့က ရိုဟင်ဂျာလို့ ရေးဖို့ စီစဉ် ထားပေမယ့်၊ လာကောက်တဲ့ ရခိုင်တွေက ရေးမပေးဘူး ဆိုရင် အဲဒီမှာ လူတွေ အုံလာပြီး ပြဿနာ ဖြစ်လိမ့်မယ်။ တရားဝင် လုပ်လို့ မရတော့ ကျနော်တို့ကို ပြည်နယ် အစိုးရက အခုလို လုပ်လိုက်တာ” ဟု ဦးအောင်ဝင်းက ပြောသည်။
လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီက နိုင်ငံတကာ အဖွဲ့အစည်းများ ရှေ့တွင် သန်းခေါင်စာရင်း ကောက်ယူပါက လူမျိုးနေရာတွင် ကြိုက်သည့် ပုံစံရေးရန် ပြောဆိုခဲ့ဖူးကြောင်း မွတ်စလင်များက ပြောသည်။
“သူတို့ (ရခိုင်တွေ) မကြိုက်တဲ့ နာမည်တွေ ထည့်ရေးရင် မကြိုက်မှာ စိုးတဲ့အတွက် ကျော်ရင်လည်း ကျော်သွားပေါ့ဗျာလို့။ တကယ်တော့ ပြောခွင့် မရှိပါဘူး။ သူတို့ (မွတ်စလင်တွေ) ကလည်း ပြောချင်တိုင်းပြော ရေးချင်တိုင်းရေးဆို၊ ဒီဘက်ကလည်း တင်းမာနေတော့ ပြဿနာ တက်မှာ စိုးလို့ပါ ။ ဝန်ကြီးကတော့ ဘေးမှာ အပြည်ပြည်ဆိုင်ရာက ပုဂ္ဂိုလ်တွေ ရှိနေတော့ ဘာမထည့်နဲ့ ဘာထည့်လို့ ပြောလို့ ဘယ်ရမလဲ။ ဒေသ အခြေအနေအရတော့ အဲဒါထည့်ရင် သေချာပေါက် ပြဿနာတက်မှာ” ဟု ရဲမှူး ထွန်းဦးက ပြောသည်။
မြန်မာနိုင်ငံ တဝှမ်းတွင် လာမည့် မတ်လ ၃၀ ရက်မှ စတင်ပြီး ဧပြီ ၁၂ ရက်နေ့ အထိ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူတော့မည် ဖြစ်သည်။ ယင်းသို့ သန်းခေါင်စာရင်း ကောက်ယူရာတွင် ပဋိပက္ခ ဖြစ်ပွားရာ နေရာများနှင့် လုံခြုံစိတ်ချမှု မရှိသည့် နေရာများကို ကောက်ယူမည် မဟုတ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနက တာဝန်ရှိသူများက ပြောဆိုထားသည်။