မလေးရှား လေကြောင်းလိုင်းမှ လေယာဉ် အမှတ် MH370 သည် အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းတွင် ပျက်ကျသွားခဲ့ပြီဟု ယူဆရပြီး အသက်ရှင်ကျန်ရစ်သူ မရှိနိုင်ကြောင်း မလေးရှား ဝန်ကြီးချုပ် မစ္စတာ နာဂျစ် ရာဇက်က (Najib Razak) က မတ်လ ၂၅ ရက်နေ့ ညနေပိုင်းတွင် ကြေညာလိုက်သည်။ ဂြိုလ်တု ဓာတ်ပုံ အထောက်အထားများအရ ထိုသို့ ယူဆရခြင်း ဖြစ်ကြောင်းလည်း သူက ပြောကြားခဲ့ သည်။
သို့သော်လည်း မည်သည့် အတွက်ကြောင့် ထိုသို့ ဖြစ်ပွားခဲ့ရကြောင်းကို မလေးရှား တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ ထို့ကြောင့် မိမိ၏ နိုင်ငံသား အများစု ပါဝင်နေသည့် တရုတ်နိုင်ငံက ဂြိုဟ်တုမှ အချက်အလက်များပေး ရန်တောင်းဆိုခဲ့သည်။
မလေးရှား အစိုးရ၏ ပြောကြားချက်ကို မယုံကြည်သော တရုတ်နိုင်ငံသား ခရီသည်များ၏ မိသားစုများက တရုတ်နိုင်ငံရှိ မလေးရှား နိုင်ငံသံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။ ရှာဖွေရေးကို ဦးဆောင်နေသည့် ဩစတြေးလျ နိုင်ငံမှ တာဝန်ရှိသူများက လေယာဉ် အပျက်အစီးများရှိသည်ဟု ယူဆရသည့်နေရာတွင် ရာသီဥတု ဆိုးရွားနေသည့်အတွက် လေယာဉ်ရှာဖွေရေးများကို ရပ်ဆိုင်းထားရကြောင်းလည်း ကြေညာထားသည်။
မတ်လ ၂၅ ရက်နေ့ အစောပိုင်းတွင် တရုတ်နှင့် သြစတြေးလျ ရှာဖွေရေးလေယာဉ်များက သြစတြေးလျနိုင်ငံ၏ အနောက်တောင်ဘက် ကီလိုမီတာ ၂၅၀၀ အကွာ ပင်လယ်ပြင်ထဲတွင် ပျောက်ဆုံးလေယာဉ်မှဟု ယူဆရသည့် အပျက်အစီး အပိုင်းအစများကို တွေ့ရှိခဲ့ကြသည်။ သြစတြေးလျ လေယာဉ်က အရာဝတ္တု ၂ ခု တွေ့ရှိခဲ့ရာ တခုမှာ မီးခိုးရောင် သို့မဟုတ် အစိမ်းရောင်ရှိပြီး စက်ဝိုင်းပုံဖြစ်သည်။ နောက်တခုမှာ လိမ္မောရောက် ဖြစ်၍ လေးထောင့် ပုံရှိကြောင်းသိရသည်။ အဆိုပါနေရာသို့ သြစတြေးလျ ရေတပ်မှ ထောက်ပံ့ရေး သင်္ဘောတစီး သွားနေပြီဖြစ်ကြောင်း မလေးရှား ကာကွယ်ရေးဝန်ကြီးက ပြောသည်။
တရုတ်ရှာဖွေရေး လေယာဉ်မှ ဝန်ထမ်းတဦးက ကြီးမားသည့် အရာဝတ္တု ၂ ခုနှင့် အနီးပတ်လည်ရှိ စတုရန်း ကီလိုမီတာ ပေါင်းများစွာ ကျယ်ဝန်းသည့် ရေပြင်တွင် သေးငယ်သည့် အပိုင်းအစပေါင်းများစွာ တွေ့မြင်ခဲ့သည်ဟု အစိုးရပိုင် မီဒီယာများတွင် ဖော်ပြခဲ့သည်။ ၎င်းတို့ထဲမှ အဖြူရောင် လေးထောင့်ပုံအပိုင်းအစ တခုကို လေယာဉ်ပေါ်မှ ကင်မရာက ဓာတ်ပုံ ရိုက်နိုင်ခဲ့သည်။
မလေးရှား လေကြောင်းလိုင်းက လေယာဉ်ပေါ် လိုက်ပါသွားသူများ၏ ဆွေမျိုးမိသားစုများထံ ပေးပို့သော မက်ဆေ့ချ်တွင် “MH 370 လေယာဉ်သည် အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းတွင် ပျက်ကျသွားခဲ့ပြီဟု ယူဆရန်ဖြစ်လာသည့်အတွက် မလေးရှား လေကြောင်းလိုင်းက အလွန်ဝမ်းနည်းရပါသည်။ နောက်ထပ် တနာရီအကြာတွင် မလေးရှား ဝန်ကြီးချုပ်က ထုတ်ပြန်သည့် အခါတွင် ကြားရမည်ဖြစ်သည့်အတိုင်း ဂြိုလ်တုမှ ရရှိသည့် အချက်အလက် အသစ်များကို သုံးသပ်စစ်ဆေးချက်အရ အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းတွင် လေယာဉ် ပျက်ကျသွားခဲ့ပါသည်” ဟု ဖော်ပြထားသည်။
ကနဦးအနေဖြင့် ခရီးသည်တဦးလျှင် အမေရိကန်ဒေါ်လာ ၅၀၀၀ စီ ထောက်ပံ့ခဲ့ကြောင်းလည်း မလေးရှား လေကြောင်းလိုင်းက ကြေညာခဲ့သည်။
လေယာဉ်၏ တည်နေရာကို ဖော်ထုတ်နိုင်ခြင်း မရှိလျှင်ပင် MH370 ပေါ်တွင် လိုက်ပါသွားသော ခရီးသည်များအတွက် တဦးလျှင် အမေရိကန်ဒေါ်လာ ၁၇၅၀၀၀ မျှ လေကြောင်းလိုင်းက ပေးလျော်ရန်ရှိနေသည်ဟု Bloomberg သတင်းဌာနက ဆိုသည်။
“MH370 ပျောက်ဆုံးမှုကတော့ အခုထိ လျှို့ဝှက်ဆန်းကြယ် ဖြစ်နေဆဲပါပဲ။ မလေးရှားလေကြောင်းလိုင်းနဲ့ ဥပဒေအရ ဖြေရှင်းရမှာကတော့ အဆန်းတကြယ် မဟုတ်ပါဘူး” ဟု အမေရိကန် နိုင်ငံ Seattle မြို့မှ လေကြောင်း ဘေးအန္တရာယ်ဆိုင်ရာ ရှေ့နေတဦးဖြစ်သည့် Robert Hedrick က The Straits Times သို့ ပြောသည်။
လေကြောင်းလိုင်းများသည် နိုင်ငံတကာ သဘောတူ စာချုပ်တခုဖြစ်သည့် ၁၉၉၉ ခုနှစ် မွန်ထရီရယ် သဘောတူညီချက် (Montreal Convention of 1999) ကို လိုက်နာရမည်ဖြစ်ပြီး မတော်တဆ ဖြစ်ရပ်ကြောင့် လေကြောင်းခရီးသည်များ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ ရှိခဲ့ပါက ပြဿနာ၏ အကြောင်းရင်းကို ရှာဖွေနိုင်ခြင်း မရှိလျှင်ပင် လျော်ကြေး ပေးရမည် ဖြစ်သည်။
ခရီးသည် ၂၂၇ ဦးလိုက်ပါသွားသော MH370 လေယာဉ်သည် မတ်လ ၈ ရက်နေ့ မနက်ပိုင်းတွင် ပျောက်ဆုံးသွားခဲ့ပြီး နောက်ဆုံးရရှိခဲ့သည့် ဂြိုဟ်တုမှ စစ်ဆေးချက်များအရ အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းတွင် ပျက်ကျသွားခဲ့သည်ဟု ယုံကြည်ရသည့်အတွက် မလေးရှားလေကြောင်းလိုင်းမှ ပေးလျော်ရမည့် တန်ဖိုးသည် အမေရိကန်ဒေါ်လာ သန်း ၄၀ နီးပါးဖြစ်သည်။
သို့သော်လည်း လေကြောင်းလိုင်းဘက်မှ ပေါ့လျော့လစ်ဟင်းခဲ့ကြောင်း တွေ့ရှိခဲ့လျှင် လျော်ကြေး ပိုမိုမြင့်မားသွားနိုင်သည် ဟု Bloomberg သတင်းဌာနက ဆိုသည်။ ထိုသို့ဆိုလျှင် မွန်ထရီရယ် သဘောတူညီချက်အရ သတ်မှတ်ထားသည့် အမေရိ ကန်ဒေါ်လာ ၁၇၅၀၀၀ ဆိုသည့် ပမာဏသည် ယခုဖြစ်ရပ်အတွက် အကျုံးဝင်ခြင်း မရှိတော့ဘဲ ခရီးသည်များ၏ ကျန်ရစ် သူမိသားစုများက လေကြောင်းလိုင်းကို တရားစွဲဆိုပြီး ပိုမိုမြင့်မားသည့် လျော်ကြေးတောင်းခံလာနိုင်သည်။
မတ်လ ၈ ရက် စနေနေ့တွင် လေယာဉ် ပျောက်ဆုံးခဲ့ပြီးနောက် မတ်လ ၁၀ ရက် ဈေးကွက်ဖွင့်သည့် အချိန်တွင် မလေးရှားလေကြောင်းလိုင်း၏ အစုရှယ်ယာတန်ဖိုး ၂၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။
မလေးရှား လေကြောင်းလိုင်းသည် ပြီးခဲ့သည့် ၃ နှစ်အတွင်းတွင် နှစ်စဉ် အရှုံးပေါ်ခဲ့ကာ ပြီးခဲ့သည့် ၁၂ လ အတွင်းတွင်လည်း ရှယ်ယာဈေး ၄ ပုံတပုံ ကျဆင်းခဲ့သည့်အတွက် စတော့ဈေးကွက် ကျွမ်းကျင်သူ ပညာရှင်အများစုက “အရောင်း” အဆင့် သတ်မှတ်ထားခဲ့ကြောင်း The Wall Street Journal ကရေးသားလိုက်သည်။
MH370 လေယာဉ် ပျောက်ဆုံးခြင်းကို အဖြေမထုတ်နိုင်သေးသည့်တိုင် အာမခံ ကုမ္ပဏီများဘက်က စတာလင်ပေါင် ၆၇ သန်း (အမေရိကန်ဒေါ်လာ သန်း ၁၁၀ ခန့်) ပေးလျော်ရနိုင်ကြောင်း ဗြိတိန်နိုင်ငံမှ စီးပွားရေး အင်တာနက် စာမျက်နှာ တခုဖြစ်သည့် This is Money တွင်ဖော်ပြထားသည်။
လေယာဉ်ပျက်ကျခြင်းကို အတည်မပြုနိုင်သေးသော်လည်း စံသတ်မှတ်ထားသည့် မူဝါဒများအရ လေယာဉ်တစင်းသည် ၄၈ နာရီအတွင်း ကွင်းသို့ဆင်းသက်ခြင်း မပြုလျှင် သို့မဟုတ် ဆီမဖြည့်လျှင် လေယာဉ် ပျက်စီးသွားပြီဟု ယူဆရမည် ဖြစ်သည်။