“ကန်သာ ဒေဝီ”

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

ဒေါ်ယဉ်မျိုးစုက ဧည့်ဝန်ဆောင်မှု လုပ်ငန်းခွင်ထဲသို့ အခုမှ ရောက်လာသည့် လူသစ်တယောက် မဟုတ်ပါ။ ငယ်ရွယ်စဉ် ကတည်းက အင်းလေးကန် အနီးရှိ ညောင်ရွှေမြို့မှ သူတို့မိသားစုပိုင်သည့် တည်းခိုခန်းတွင် မြန်မာ့ရိုးရာအက ကပြပြီး ဖျော်ဖြေခဲ့သူဖြစ်သည်။ ယနေ့တွင် သူက ရှမ်းပြည်နယ် အင်းလေးကန် အနီးရှိ Inle Princess Resort  နှင့် ရခိုင်ပြည်နယ်ရှိ Mrauk Oo Princess Resort စသည့် အပန်းဖြေစခန်း နှစ်ခု၏ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်နေပါသည်။

ဒေါ်ယဉ်မျိုးစုတွင် စိတ်ဝင်စားစရာ အကြောင်းတွေ အများကြီးရှိသေးသည်။ အင်းလေးကန် အနီးတွင် အင်းသားတို့၏ ရိုးရာဓလေ့များကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ချက်ဖြင့်  Inthar Heritage House ကို ငွေ ကြေးထောက်ပံ့ပေးနေသည်။ ၂၀၁၃ ခုနှစ်အတွက် Goldman Sachs & Fortune Global Women Leaders Award ဆု ကိုလည်း ရရှိခဲ့သည်။ ဧရာဝတီ (အင်္ဂလိပ်ပိုင်း) မှ အကြီးတန်းသတင်းထောက် ကျော်ဖြိုးသာက ၎င်းနှင့် တွေ့ဆုံမေးမြန်းခဲ့ရာ ဒေါ်ယဉ်မျိုးစုက သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အမျိုးသမီးများ၏ အခွင့်အာဏာ အကြောင်းများကို ပြောပြခဲ့သည်။ ဖွံ့ဖြိုး တိုးတက်မှု အတွက် ဒေသ၏ ယဉ်ကျေးမှုကို အဆုံးရှုံးမခံသင့်ဟု သူယုံကြည်ကြောင်းကို လည်း ဒေါ်ယဉ်မျိုးစုက ပြောခဲ့သည်။

မေး။      ။ အင်းလေးကန်ကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။       ။ ကျမက အင်းသား လူမျိုးဖြစ်ပြီးတော့ ကျမရဲ့ ကလေးဘဝက ပျော်စရာတွေက အင်းလေးကန်မှာရှိပါတယ်။ ဒါကြောင့် ရိုးရှင်းပြီး နွေးထွေးတဲ့ အင်းလေးအသိုင်းအဝိုင်းကနေ လာရတဲ့ အတွက် ကျမအရမ်း ဂုဏ်ယူပါတယ်။ ကျမ အမြင်က ရှင်းရှင်းလေးပါ။ အင်းလေးကန်ကို ကျမတို့ရဲ့ ဘိုးဘေးတွေဆီက အမွေဆက်ခံခဲ့တယ်။ ဒါကြောင့် နောက်လာ မယ့် မျိုးဆက်တွေကို ကျန်းမာရေးနဲ့ ပညာရေးလိုမျိုး တိုးတက်မှု တချို့က လွဲရင် ကျမလက်ခံခဲ့ရတဲ့ အတိုင်း လက်ဆင့် ကမ်း ပေးနိုင်ဖို့ ကျမမှာတာဝန်ရှိပါတယ်။ ဘယ်အရာမှ ထာဝရ မတည်မြဲဘူးဆိုတာ ကျမသိပါတယ်။ ဒါပေမယ့် ကြိုးစား မကြည့်ဘဲနဲ့တော့ လက်မလျှော့ချင်ဘူး။

မေး။      ။ အခုဆိုရင် ကမ္ဘာလှည့် ခရီးသည်တွေ ရောက်လာကြတယ်။ သူတို့ရောက်လာတာက အင်းလေးကန်နဲ့ ဒေသခံ ပြည်သူတွေရဲ့ ဘဝအတွက် အထောက်အကူဖြစ်ရဲ့လား။

ဖြေ။       ။ ဒေသခံဧည့်လမ်းညွှန်တွေ၊ စက်လှေမောင်းတဲ့သူတွေနဲ့ အမှတ်တရပစ္စည်းရောင်းတဲ့ သူတွေ အနေနဲ့ အလုပ် အကိုင် အခွင့် အလမ်းတွေရှိလာတဲ့အတွက် ခုချိန်အထိတော့ ယေဘုယျ အားဖြင့် အင်းလေးဒေသခံတွေ အပေါ် သွယ်ဝိုက် တဲ့နည်းနဲ့ ကောင်းကျိုး သက်ရောက်မှု ရှိပါတယ်။ ဒါပေမယ့် ဒီမှာက မြန်မာနိုင်ငံသားပိုင် ဟိုတယ်က ၁ ဒါဇင် မကျော်ဘူး၊ ပြီးတော့ အောင်မြင်တဲ့ ပြည်တွင်းလုပ်ငန်းရှင်ကလည်း အလွန်နည်းပါတယ်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာတဲ့အခါ ပြည်တွင်း လုပ်ငန်းရှင်တွေ အနေနဲ့လည်း အကျိုးအမြတ် ဝေစုကောင်းကောင်း ရသင့်တယ်လို့ ကျမထင်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ရေရှည်မှာ သူတို့ ဒီလုပ်ငန်းကနေ ထွက်သွားရလိမ့်မယ်။

မေး။      ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒါမှမဟုတ် နိုင်ငံခြားသားပိုင် ဟိုတယ်တွေကို ဆန့်ကျင်တယလို့ ဆိုလိုတာလား။

ဖြေ။       ။ မဟုတ်ပါဘူး။ သူတို့ဆီကတောင် သင်ယူနိုင်ပါသေးတယ်။ သူတို့ကို ရန်သူတွေလို့ မြင်မယ့်အစား ဧည့်သည် တွေကို အဆင့်အတန်းရှိတဲ့ ဝန်ဆောင်မှုပေးခြင်းနဲ့ ကျမတို့ ယှဉ်ပြိုင်ရပါမယ်။ တချိန်တည်းမှာပဲ သူတို့က သူတို့ရဲ့ လုပ်ငန်းကို အကျိုးရှိစေချင်ရင် ပြင်ပရင်းနှီးမြှုပ်နှံသူတွေက ဒေသခံ အသိုင်းအဝိုင်းကို ဂရုစိုက်သင့်ပါတယ်။ တကယ်လို့ အင်းလေး ဒေသက ကမ္ဘာလှည့်ခရီးသည်တွေကို မဆွဲဆောင်နိုင်တော့ဘူးဆိုရင် သူတို့ဘယ်လောက်ပဲ ရင်းနှီးမြှုပ်နှံပါစေ ဘယ်သူမှ လာမှာ မဟုတ်ဘူး။ ဟုတ်ပါတယ်၊ ကျမတို့ အားလုံး ငွေရှာဖို့လိုပါတယ်။ ဒါပေမယ့် လူ့အသိုင်းအဝိုင်းမှာလည်း ပါဝင်ရမယ်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူတွေကို ကြိုဆိုပါတယ်။ ကျမတို့ကို ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံနည်းတခုပြပါ၊ ကောင်းမွန်တဲ့ အလုပ်လုပ်နည်းသင်ပေးပါ၊ ကျမတို့ရဲ့ စံပြအဖြစ်နေပါ။ ကျမတို့ ရဲ့စိတ်ကူးတွေကို မြှင့်တင်ပေးပါ။ ဒီလိုနည်းနဲ့ ကျမတို့ကို ကူညီပါ။ ကျမတို့ကလည်း သူတို့ကို ကူညီပါမယ်။ ဒါက နှစ်ဘက်လုံး အကျိုးရှိတဲ့ အခြေအနေ တခုပါ။

မေး။    ။ ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေက ဘယ်လို ဆက်လက် ယှဉ်ပြိုင်နိုင်မလဲ။

ဖြေ။       ။ ဒေသခံဖြစ်ခြင်းက အမှတ်အသားတခုပဲလေ။ ဒါကတန်ဖိုးရှိပါတယ်။ ကျမတို့နိုင်ငံကိုလာတဲ့ နိုင်ငံခြားသားတွေ က ကျမတို့ ဘယ်သူတွေဖြစ်တယ်၊ ကျမတို့ ဘယ်လိုနေတယ် ဆိုတာကို တကယ်နားလည်ချင်လို့ လာကြတာဖြစ်တဲ့ အ တွက် ဒေသခံဖြစ်ခြင်းက ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်နိုင်ပါတယ်။ သူတို့ တခြားတိုင်းပြည်တွေမှာ တွေ့နိုင်တာ တွေကို ကြည့်ဖို့ အတွက်ဒီကို လာကြမှမဟုတ်ဘူး။ သူတို့အတွက်ကတော့ ပြည်တွင်းဖြစ်တွေက စိတ်ဝင်စားစရာဖြစ်ပါ တယ်။ လက်ရှိ ပိုင်ဆိုင်ထားတာတွေကို ဧည့်သည်တွေ သက်တောင့်သက်သာဖြစ်စေဖို့ ဖန်တီးရပါမယ်။ ဒါ့အပြင် နိုင်ငံခြား သားတွေလိုပဲ အလုပ်ကိုကြိုးစားဖို့လိုပါတယ်။ အထူးသဖြင့် အခုလို မြန်မာနိုင်ငံကို လူတိုင်းက စိတ်ဝင်စားနေတဲ့ အချိန်မှာ ပျင်းနေလို့ မရပါဘူး။

မေး။      ။ အခုဘာတွေ လုပ်နေပါသလဲ။

ဖြေ။       ။ ကျမ အခု အင်လေးကန်နဲ့ ပတ်ဝန်းကျင်က သိသာမြင်သာတဲ့ အမွေအနှစ်တွေ၊ သိသာမြင်သာမြင်သာ မရှိတဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အတွက် Inle Heritage Foundation ကိုလုပ်နေပါတယ်။ Inthar Heritage House မှာ မြန်မာကြောင်တွေ စတင်မွေးမြူနေပါတယ်။ ကျမမှာ အင်းလေးကန်ဒေသက ငါးမျိုးစိတ်တွေကို ပြသထားတဲ့ ငါးပြတိုက် တခုလည်းရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်ကစပြီး ဒေသခံလူငယ်တွေအတွ် ဧည့်ဝန်ဆောင်မှုလုပ်ငန်း လေ့ကျင့်ရေး သင်တန်းတခု Inthar Heritage House မှာဖွင့်လှစ်ပေးနေပါတယ်။ သူတို့ရဲ့ ဘဝရပ်တည်မှု အတွက် အထောက်အကူ ဖြစ်ဖို့နဲ့ ဧည့်ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကပါဝင်လာနိုင်ကြဖို့ပါ။ အင်းလေးကန်အတွက် စိုက်ပျိုး ရေး နည်းစနစ်ကောင်းတွေနဲ့ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေးအတွက်လည်း ကနဦး စီမံကိန်းတွေလုပ်နေပါတယ်။

မေး။    ။ ဧည့်ဝန်ဆောင်မှုလုပ်ငန်းထဲကို ဘာကြောင့်ဝင်ခဲ့တာလဲ။

ဖြေ။       ။ ဧည့်ဝတ်ကျေပွန်မှုက မြန်မာတိုင်းရဲ့ သွေးထဲမှာရှိပါတယ်။ ရှမ်းပြည်နယ်မှာ လယ်သမား တယောက်ရဲ့ အိမ်ကို လူစိမ်းတယောက် ရောက်သွားရင်တောင် လဘက်ရည်ကြမ်းတခွက် သောက်ရဖို့ သေချာပါတယ်။ တစုံတယောက်ကို ပျော် ရွှင်အောင် လုပ်ပေးနိုင်တဲ့ အခါ ကျမလည်း ကြည်နူးရပါတယ်။ လူတွေကို ကျမ ကူညီချင်တယ်။ ကျမတို့ ရဲ့ဝန်ဆောင်မှု ကို ကျေနပ်နှစ်သက်တဲ့ အကြောင်း ဧည့်သည်တွေက အခန်းပြန်အပ်တဲ့ အချိန်မှာပြောတဲ့အခါ ကျမ အရမ်းပျော်ပါတယ်။ ဒီလို ပျော်ရွှင်မှုမျိုးကို ရှင်းပြလို့လည်း မတတ်နိုင်ပါဘူး။ နောက်ပြီး သူတို့ဆီက ပိုက်ဆံလည်း ရတယ်လေ။ ဒါကောင်းတယ်လို့ မထင်ဘူးလား။

၂၀၁၃ မတ်လထုတ် The Irrawaddy အင်္ဂလိပ်မဂ္ဂဇင်းနှင့် ဧရာဝတီ အင်္ဂလိပ်ပိုင်းဝက်ဘ်ဆိုက်တွင် ယခုလအတွင်း ဖော်ပြထားသော ကျော်ဖြိုးသာ၏ “Lady Of The Lake” ကို နိုင်မင်းသွင် ဆီလျော်အောင် ဘာသာပြန်သည်။

Loading