သမ္မတဦးသိန်းစိန်က ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် တပ်မတော်၏ အခန်းကဏ္ဍ အရေးကြီးပြီး နိုင်ငံရေးပြဿနာများ အဖြေရှာရာသည့် စားပွဲဝိုင်းတွင်လည်း တပ်မတော် ဆက်လက် တည်ရှိနေရန် လိုအပ် ကြောင်း ပြောဆိုလိုက်သည်။
ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် သမ္မတ သက်တမ်း ၃ နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းပြောဆိုစဉ် ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်ပြီး တပ်မတော်သည် ကာကွယ်ရေး၊ လုံခြုံရေး အတွက်သာမက ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ပြဿနာများ အဖြေရှာရာတွင် မဖြစ်မနေ ရှိနေရန် လိုအပ်သည်ဟု ပြောဆိုသည်။
“နိုင်ငံရေးဖြစ်ရပ်တွေ၊ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် တပ်မတော်ဟာ ခေတ်မီတောင့်တင်းခိုင်မာဖို့ အရေးကြီးပါတယ်၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာလည်း တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ ရှိနေရအုံးမှာ ဖြစ်ပါတယ်၊ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ညှိနိှုင်းအဖြေရှာတဲ့စားပွဲဝိုင်းတွေမှာလည်း တပ်မတော်ဟာဆက်လက်ပါဝင်နေဖို့ လိုအပ်ဆဲပဲဖြစ်ပါတယ်၊ တပ်မတော်ရဲ့ အခန်းကဏ္ဍကို လျှော့ချဖို့ ပြည်တွင်း ငြိမ်းချမ်းရေး တိုးတက်ရရှိလာမှုနဲ့ ချိန်ဆ ဆောင်ရွက်သွားဖို့ကိုလည်း ဒီမိုကရေစီရင့်သန်မှုနဲ့အတူ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်”ဟု ဦးသိန်းစိန်က ရှင်းပြသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ တွင် ပြဋ္ဌာန်းထားသော ပြဋ္ဌာန်းချက်များနှင့်အညီ ပြင်ဆင် ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မှုကြောင့် အနာဂတ်တွင် သက်ရောက် နိုင်မည့် ကောင်းကျိုး၊ ဆိုးကျိုး အလားအလာများကို ထည့်သွင်း စဉ်းစားသုံးသပ်ရန် အရေးကြီးကြောင်းပြောဆိုသည်။
“ပြည်ထောင်စုလွှတ်တော်က တာဝန်ယူထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်ကြီးဟာ ကျယ်ပြန့် နက်ရှိုင်းပါတယ်။ ပြဋ္ဌာန်းချက် တစ်ရပ်ချင်းအလိုက် နောက်ခံသမိုင်း၊ အနှစ်သာရနဲ့ ရည်ရွယ်ချက်တွေကို ပြည့်စုံစွာ လေ့လာပြီး ရှုထောင့်စုံမှ သုံးသပ်ကာ အခြေခံဥပဒေအခန်း ၁၂ မှာ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်များနဲ့အညီ ပြင်ဆင်မှု ဆောင်ရွက်နိုင်ရေး အလေးထား လိုက်နာကြရမှာ ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ တိုင်းရင်းသားတွေ၊ လွှတ်တော် ပြင်ပအင်အားစုတွေ၊ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှု တွေ အရ တောင်းဆိုမှု တွေကိုလည်း အလေးထား စဉ်းစားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ လက်တွေ့ အခြေအနေတွေသာမက ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ပြင်ဆင်ချက်တိုင်းကနေ အနာဂတ်မှာ သက်ရောက်နိုင်မယ့် ကောင်းကျိုးဆိုးကျိုး အလားအလာတွေကိုပါ ထည့်သွင်း စဉ်းစားကြဖို့ အရေးကြီးပါတယ်´´ ဟု ဦးသိန်းစိန်က ဆက်လက်ပြောသည်။
အစိုးရအဖွဲ့၊ လွှတ်တော်နှင့် တရားစီရင်ရေး မဏ္ဍိုင်အကြား ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း အောင်မြင်မှုများရှိသကဲ့သို့ မအောင်မြင်မှုများလည်းရှိကြောင်း၊ လုပ်နိုင်တာများရှိသကဲ့သို့ မလုပ်နိုင်သည်များလည်းရှိကြောင်း၊ ထို့ကြောင့် အနာဂတ်တွင် အားသာချက်၊ အားနည်းချက်များကို သုံးသပ်ဖြည့်ဆည်း ဆောင်ရွက်ခြင်းဖြင့် ပိုမိုကောင်းမွန်သော ရလာဒ်များ ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း၊ အတိုက်အခံများကိုလည်း လုပ်ဖော်ကိုင်ဖက်အဖြစ် သဘောထားပြီး နိုင်ငံရေးယဉ်ကျေးမှုသစ်တရပ် ဖော်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း ရှင်းလင်းပြောဆိုသည်။
“အစိုးရနဲ့ အတိုက်အခံဆိုတဲ့ ပဋိပက္ခအသွင်ဆောင်တဲ့ အမြင်သဘောထား တွေကို ကိုင်စွဲခြင်းမပြုဘဲ အမျိုးသား အကျိုး စီးပွားအပေါ် အခြေခံပြီး လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘောထားကာ လက်တွဲဆောင်ရွက်သွားကြဖို့ တိုက်တွန်း ခဲ့ပါတယ်။ သုံးနှစ်တာ ပြည့်မြောက်တဲ့ ဒီအချိန်မှာ လုပ်ဖော်ကိုင်ဖက်အသွင် နိုင်ငံရေး ယဉ်ကျေးမှု အသစ်ကို ကျွန်တော်တို့ ဖော်ဆောင်နိုင် ခဲ့ပြီ ဆိုတာကို အထင်အရှား တွေ့နေရပြီ ဖြစ်ပါတယ်´´ဟု ဦးသိန်းစိန်က ဆိုသည်။
သမ္မတဦးသိန်းစိန် ဦးဆောင်သော အရပ်သားအစိုးရသည် ယခင် စစ်အာဏာရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းပြီးနောက် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တရားဝင ်အာဏာ လွှဲပြောင်းရယူခဲ့သည်။