မြန်မာ့တပ်မတော်ဟာ ပြုပြင်ပြောင်းလဲရေးနဲ့ ခေတ်မီစေရေးတွေကို ပြုလုပ်ခဲ့တယ်။ ဒါပေမယ့် အတိတ်ရဲ့ အရိပ်ဆိုးအောက်က ရုန်းထွက်ဖို့ပိုပြီး အဆင့်မီစေရေးနဲ့ အစွမ်းထက်တဲ့ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဖြစ်လာစေရေး စိန်ခေါ်ချက် အမြောက်အမြား ကျန်ရှိနေသေးတယ်လို့ စစ်ဘက်ဆိုင်ရာ Jane’s Defence Weekly မဂ္ဂဇင်းက မကြာခင်ကတင် ရေးသားထုတ်ပြန်ခဲ့ပါတယ်။
တိုနီဒေးဗစ်ရေးတဲ့ ‘Briefing Hostage to History’ သမိုင်းကို ပြန်ပေးဆွဲသလား အကျဉ်းချုပ် သုံးသပ်ချက်မှာ ၁၉၆၂ ကနေ ၂၀၁၀ ထိ မြန်မာ့ နိုင်ငံရေးကို ကြိုးဆွဲခဲ့ပြီး တကိုယ်တော်ကြဲနေခဲ့တဲ့ တပ်မတော်ဟာ ပိုပြီး အဆင့်မီလာစေရေးနဲ့ နိုင်ငံတကာ စင်မြင့်မှာ နေရာပြန်ရလာစေရေး တကယ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စိန်ခေါ်ချက်ကတော့ ထောင့်ပေါင်းစုံက စောင့်နေပါတယ်တဲ့။
ပထမဆုံးပြောရရင် မြန်မာ့တပ်မတော်ဟာ ဒေသတွင်းက အခြား ဘယ်တပ်မတော်ထက်မဆို ပိုရှုပ်ထွေးစွာ ဖွဲ့တည်နေပြီး လုံခြုံရေးစနစ်လည်း ပိုလိုနေတယ်တဲ့။ အိမ်နီးချင်းတွေနဲ့ ခပ်ခွာခွာ နေခြင်းနဲ့ အဲဒီလို ခွာနေတဲ့အတွက် တကယ့်ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ရာမှာ ပိုစွမ်းဆောင်ရည်မြင့်တဲ့ တပ်ဖြစ်ဖို့လိုနေတယ်လို့ ဆောင်းပါးရှင်က ထောက်ပြတယ်။
အရပ်သားအသွင်ဆောင် ဦးသိန်းစိန် အစိုးရ လက်ထက် နိုင်ငံရေးကနေ သတိတကြီး တပ်က ဆုတ်ခွာနေတာဟာ တရုတ်ကို သံတမန်ရေးနဲ့ စီးပွားရေး အရ မှီခိုနေမှုကနေ ဖယ်ခွာလာပြီး မြန်မာနိုင်ငံရဲ့ မဟာဗျူဟာမြောက် လုံခြုံရေးနဲ့ နိုင်ငံ့စီးပွား ဖွံ့ဖြိုး ကြီးထွားရေးမှာ အခြား ကျန်ကမ္ဘာ့နိုင်ငံတွေအတွက် တံခါးဖွင့်တာကို မျက်မှောက်ပြုနေကြောင်း ရောင်ပြန်ဟပ်တာတဲ့။
တချိန်တည်းမှာ နာမည်ဆိုးကနေ နာလန်ပြန်ထပြီး အစွမ်းထက်တဲ့ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့အဖြစ် ပြန်တည်ဆောက်လိုတဲ့ ဆန္ဒလည်း အမှန်တကယ်ရှိတယ်လို့ ဆိုပါတယ်။ ဆောင်းပါးရှင်က သူ့အဆိုကို မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ၁၀ နှစ် ကျော်ဆက်ဆံနေခဲ့တဲ့ အနောက်နိုင်ငံသားတယောက်ရဲ့ ပြောဆိုချက်နဲ့ ကိုးကားပါတယ်။ “သူတို့ဟာ အဆင့်တန်းရှိတဲ့ စစ်သားတွေ၊ သူတို့ဟာ အလေးစားခံချင်ပြီး မြန်မာ့တပ်မတော်ကို အဆင့်တန်းမီတဲ့ တပ်မတော်အဖြစ်လက်ခံစေလိုကြတယ်။ အခုအချိန် မှာ သူတို့ဆုံးဖြတ်ချက် အားလုံးဟာ အဆင့်အတန်း ရှိရေးပဲ’”လို့ ဆိုပါတယ်။
ဒီဖြစ်ထွန်းမှုမှာ အရေးကြီးတဲ့အချက်က နိုင်ငံတကာ ဆက်ဆံရေးအသစ်တွေ တည်ထောင်လာမှုမှာ အဆင်သင့်ဖြစ်နေခြင်းလို့ ဆောင်းပါးရှင်က ရေးတယ်။ မြန်မာ့တပ်မတော် (ရေ) ဟာ ဒီကိစ္စမှာ ရှေ့တန်းကဖြစ်ပြီး ဒေသတွင်း သင်္ဘောဆိပ်တွေကို လည်ပတ်တာ၊ နိုင်ငံတကာ စစ်ရေးလေ့ကျင့်မှုတွေမှာ ပါဝင်တာ၊ အိန္ဒိယရေတပ်နဲ့ ပိုပြီး ဆက်ဆံရေး တိုး လာတာတွေအပြင် ဒီနှစ် ဇန်နဝါရီလမှာ ၁၉၅၉ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဩစတြေးလျ စစ်သင်္ဘော မြန်မာဆိပ်ကမ်းမှာ လာဆိုက်ခဲ့တာတွေဟာ သက်သေပဲလို့ ဆိုပါတယ်။
အခုဆို အနောက်နိုင်ငံတွေနဲ့ စစ်တပ်အချင်း ချင်း ဆက်ဆံရေးတွေ ပိုဖြစ်ထွန်းလာပါတယ်။ အမေရိကန်၊ ဗြိတိသျှနဲ့ ဩစတြေးလျက စစ်ဘက်သံတမန် တွေရန်ကုန်မှာ ရုံးလာထိုင်ပါပြီ။ လူ့အခွင့်အရေး သမားတွေက ဝေဖန်နေပေမယ့် အဲ့ဒီ သုံးနိုင်ငံစလုံး မြန်မာ့တပ်မတော် အရာရှိတွေကို သင်တန်းတွေ ပေးနေပါပြီ။ ဒါပေမယ့် သင်တန်းတွေဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေစံနှုန်းတွေဖြစ်ပြီး တိုက်ပွဲစွမ်းရည် မြှင့်တင်မှုတွေ မဟုတ်ပါဘူး။ ဆောင်းပါးမှာ အနောက်တိုင်း စစ်တပ်ဆိုင်ရာ အရာရှိတဦးက “ကျနော်တို့မှာ မကျော်ရတဲ့ စည်းအနီမျဉ်း နှစ်ကြောင်းရှိတယ်။ လက်နက်ရောင်းချရေးနဲ့ တိုက်ပွဲစွမ်းရည် မြှင့်တင်ရေးတို့ပါ” လို့ ဆိုတယ်။
၂၀၁၁ နောက်ပိုင်း နိုင်ငံရေးနဲ့ စီးပွားရေး ထိန်းချုပ်မှုများ ဖြေလျော့ရေးကြောင့် လူမျိုးရေး၊ ဘာသာရေးတင်းမာမှုနဲ့ နိုင်ငံရေးတင်းမာမှုတွေ ပျံ့နှံ့လာခဲ့မှုကြောင့် မြို့ပြအုပ်ချုပ်ရေးမှာ အင်အားနဲ့ လေ့ကျင့်သင်ကြားမှု မလုံလောက်တဲ့ ရဲတပ်ဖွဲ့ကို အကူအညီပေးကြဖို့ မြန်မာ့တပ်မတော်က အဖန်ဖန် တောင်းဆိုခဲ့တယ်လို့လည်း ဆိုတယ်။ မကြာခင်ကလည်း စည်းကမ်းမဲ့ လူအုပ်ကို ဘယ်လိုထိန်းချုပ်ရမလဲ ဆိုတာတွေကို သင်တန်းပေးသွားပါသေးတယ်။
လူ့အခွင့်အရေး ရှုထောင့်အရလည်း ကောင်းတဲ့ခြေလှမ်းတွေ ရှိခဲ့တယ်။ ၂၀၁၂ ခုနှစ် ဇွန်လမှာ ကုလသမဂ္ဂနဲ့ သဘောတူညီချက်အရ ကလေးစစ်သားကိစ္စကို မြန်မာ့တပ်မတော်က အသိအမှတ်ပြု လက်ခံပြီး ထုတ်ဖော်လာခဲ့တယ်။ အသက် ၁၈ နှစ် အောက် ကလေးတွေကို လက်မခံဘူးလို့ လူသိရှင်ကြား ထုတ်ပြောလာပြီး တပ်သားငယ် ၂၇၂ ဦးကိုလည်း မိဘဆီ ပြန်အပ်ခဲ့ပါတယ်။
ဒါပေမယ့် ပုံမှန်တပ်မတော် ပြန်ဖြစ်ရေးက ကြာပါဦးမယ်။ အင်အားကြီးပြီး လေးစားသမှုပြုရမယ့် အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ဖြစ်ဖို့က တပ်မတော်ရဲ့နေ့စဉ်အရှိတရားက အတိတ်ကနဲ့ သိပ်မကွာခြားဘဲ ရှိနေသေးတယ်။ နိုင်ငံရဲ့ အရှေ့၊ အရှေ့မြောက်နဲ့ မြောက်ဘက်တွေက တိုင်းရင်းသား နယ်မြေတွေမှာ မြန်မာ့တပ်မတော်ဟာ လက်နက်ကိုင် ပဋိပက္ခကြား တဝဲလည်လည် ဖြစ်နေဆဲလို့ ဆောင်းပါးရှင်က ထောက်ပြထားတယ်။
အထူးသဖြင့် ကချင်စစ်ပွဲဟာ တပ်မတော်ရဲ့ မူဝါဒ၊ ထောက်ပို့နဲ့ စစ်ဆင်ရေးမှာ မပြည့်ဝမှုတွေကို ဖော်ပြနေတယ်လို့ ဆိုတယ်။ တချိန်တည်းမှာ လူ့ အခွင့်အရေး ရှုထောင့်ကဆို အရပ်သားတွေစစ်ပြေး ရတာတွေ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု အစီရင်ခံချက်တွေက တပ်မတော်ရဲ့ ပြုပြင် ပြောင်းလဲရေး ကြိုးပမ်းချက်တွေကို ပြန်ဖျက်ဆီးနေသလိုပါတဲ့။
ပွင့်လင်းမြင်သာမှုမရှိတဲ့ တပ်မတော်ရဲ့ အဖွဲ့ အစည်းဆိုင်ရာ စီးပွားရေး အကျိုးစီးပွားရော၊ ပုဂ္ဂလိက တဦးချင်းဆိုင်ရာ စီးပွားရေး အကျိုးစီးပွားတွေကလည်း စွမ်းဆောင်ရည်မြင့်တဲ့ တပ်ဖြစ်ထွန်းရေးကို ဖျက်ဆီးပစ်နေတယ်လို့လည်း ဆိုပါတယ်။
တိုင်းပြည်စီးပွားရေးမှာ တပ်မတော်ဟာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထဲထဲဝင်ဝင် ပါဝင် ပတ်သက်နေတယ်။ အထူးသဖြင့် ဦးပိုင်နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းဟာ နိုင်ငံစီးပွားရေးရဲ့ ကဏ္ဍအားလုံးမှာ ပါဝင်နေပြီး လွှတ်တော်ထဲ မေးမြန်း ဆွေးနွေး ရှင်းလင်းမှုကိုလည်း မခံရဘူးလို့ထောက်ပြ ဝေဖန်ပါတယ်။ တကယ်လည်း ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းကြီးတွေဟာ စစ်တပ်က ကျောထောက် နောက်ခံ ပြုပေးထားသူကိုသာ မှီခိုနေရတာပါ။ အဲဒီ လူတွေဟာ သူတို့ရဲ့ ဩဇာနဲ့ ငွေတွေကို လူထုကောင်းကျိုး ပြန်သုံးစွဲမှုလည်း မရှိကြပါဘူး။
တပ်မတော်အနေနဲ့ အကျိုးအမြတ်များစွာရနေတဲ့ ဒီစီးပွားရေး ကွန်ရက်ထဲက ရုန်းထွက်နိုင်ဖို့ ဘယ်လောက်မြန်ပြီး ဘယ်လိုထိရောက်မယ်ဆိုတာ တွက်ချက်နိုင်ရေး အင်မတန်ခက်ခဲပါတယ်။ လုပ်ငန်းစဉ်က ထင်ထားတာထက် ပိုကြာဖွယ်ရှိပြီး စနစ်တကျ ရွေးချယ် တွက်ချက်မယ့်ကိန်း မြင်ပါတယ်။ ဒီထက်ပိုပြီး ‘မြန်မာ့နွေဦး’ အပြောင်းအလဲကို လို လားတဲ့ စစ်ဗိုလ်ချုပ်တွေ ၂၀ဝ၈ ဖွဲ့စည်းပုံ ပြုပြင်ရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ပိုလိုချင်နေတဲ့ တိုင်းရင်းသား လူနည်းစုရေးရာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဘယ်လောက်ပြင်ဆင်ထားသလဲဆိုတာ မရှင်းလင်းလှသေးပါဘူး။
ဒီတောင်းဆိုချက်တွေဟာ မြန်မာ့နိုင်ငံရေးကနေ ရှောင်လွှဲမရနိုင်သလို တပ်မတော်ရဲ့အရိုးစွဲနေတဲ့ ‘တိုင်းပြည်မပြိုကွဲရေး’ ဆိုတဲ့ တို့တာဝန် အရေးကိုလည်း စိန်ခေါ်နေသလို ဖြစ်တယ်လို့ ဆောင်းပါးက ရေးသားထားပါတယ်။
တပ်မတော် (ကြည်း)
၂၀၁၄ ခုနှစ် အစိုးရဘတ်ဂျက်နဲ့ ၁၄ ရာခိုင် နှုန်းဖြစ်တဲ့ မြန်မာကျပ်ငွေ ၂ ဒသမ ၃၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၉ ဘီလီယံ) ကို သုံး စွဲခွင့်ရထားတယ်။
မြန်မာ့တပ်မတော်ဟာ တိုင်း ၁၃ တိုင်းနဲ့ ဗျူ ဟာ ၂၁ ခုအောက်မှာ တပ်ရင်း ၁၀ ရင်းစီပါတဲ့ ခြေမြန်တပ်မ ၁၀ ခုနဲ့ ဖွဲ့စည်းထားတယ်။ ၁၉၈၈ မှာ တပ်သားဦးရေ ၁ သိန်း ၈ သောင်း ၄ ထောင်ရှိခဲ့ရာက ဒီနေ့ ၃ သိန်းလောက်ရှိမယ်လို့ အကြမ်းဖျင်းဆိုလို့ရမယ်။ ၁၉၉၀ လောက်ကစပြီး ခေတ်မီ တပ်မတော် ဖြစ်စေရေး လက်နက်ကြီးနဲ့ သံချပ်ကာကားတွေ ဝယ်ဖြည့်တယ်။ စစချင်း တရုတ်ကိုပဲ အားကိုးတယ်။
အပေါ့စားတင့်ကားတွေ ဝယ်တယ်။ ၂၀ဝ၀ ပြည့်နှစ်တွေကျတော့ နိုင်ငံခြားနည်းပညာကို အခြေခံပြီး ကိုယ့်ဘာသာကိုယ်ထွင်တယ်၊ တပ်ဆင်တယ်။ ယူကရိန်းထုတ် T-72 တိုက်ပွဲဝင် တင့်ကားတွေဝယ် တယ်။ BTR-3U အပေါ့စား သံချပ်ကာကား ထုတ်နိုင်အောင်လည်း လုပ်တယ်။ မကြာသေးခင်က တရုတ်ထုတ် လောင်ချာဒုံးတင် ဘီးတပ်သံချပ်ကာကားတွေ 92 WMZ 551 နဲ့ PTC-02 တွေ ဝယ်တယ်။ အဲဒါတွေ ၂၀၁၃ တပ်မတော်နေ့မှာ ထုတ်ပြခဲ့တယ်။
အမြောက်ကြီးတွေ၊ လောင်ချာဒုံးတွေ တရုတ်နဲ့ မြောက်ကိုရီးယားကဝယ်တယ်။ ၁၅၅ မမ အမြောက် ကြီးတွေကို အစ္စရေး၊ ဆာဘီးယားနဲ့ တရုတ်ကဝယ်တယ်။ ၂၀ဝ၀ ပြည့်နှစ်တွေမှာ လေကြောင်းကာကွယ်ရေး စနစ်တွေကို တိုးမြှင့်တယ်။ ၂၀၁၀ မှာ ရေဒါ စနစ်နဲ့ ထိန်းချုပ်ထားပြီး ရွှေ့ပြောင်းနိုင်တဲ့ လေကြောင်း ကာကွယ်ရေး ဒုံးစနစ်တွေ ထပ်ဝယ်တယ်။ အဲဒီစနစ်ကို ရုရှားက အများစုဝယ်တယ်။ အခု လေကြောင်း ကာကွယ်ရေးမှာ မြန်မာပြည်ကထုတ်တဲ့ ဂျစ်ကားပေါ်မှာ ပခုံးထမ်းပစ်နိုင်တဲ့ လောင်ချာစနစ်ကို တပ်ဆင်ထားတဲ့ သံချပ်ကာကား၊ ရွှေ့ပြောင်းနိုင်တဲ့ အဆင့်မြင့် ရေဒါစနစ်တင် သံချပ်ကာကား၊ ရေဒါစနစ်နဲ့ပစ်တဲ့ လေယာဉ်ပစ် ဒုံးတင်သံချပ်ကာကား၊ အမြင့်ပေ အဝေးကြီးအထိ ထောက်လှမ်းပစ်ခတ်နိုင်တဲ့ ရေဒါပဲ့ကိုင် ဒုံးစနစ်တင် သံချပ်ကာယာဉ်တွေကို ဝယ်ယူတပ်ဆင်ပြီးဖြစ်တယ်။
တပ်မ (၉၉) အခြေစိုက်ရာ မိတ္ထီလာတဝိုက်မှာ လုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ အခြားတပ်မတော်တွေကို အားကျစေတယ်။ ၂၀၁၂ မတ်လနဲ့ ၂၀၁၄ ဖေဖော်ဝါရီမှာလုပ်တဲ့ တပ်မတော် (ကြည်း)နဲ့(လေ) ပူးပေါင်းစစ်ရေး လေ့ကျင့်မှုမှာတပ်မတော်ရဲ့ ပစ်ခတ်နိုင်စွမ်းအားကို ထုတ်ပြတယ်။ သံချပ်ကာယာဉ်တွေ၊ တိုက်ပွဲဝင်တင့်ကား တွေ၊ တာတိုနဲ့ တာဝေးပစ် အမြောက်ကြီးတွေ၊ လောင်ချာဒုံးတွေ၊ အနိမ့်ပျံ ရဟတ်ယာဉ်တွေနဲ့ MIG 29 တိုက်လေယာဉ်တွေ ပါဝင်တယ်။ ဒီစစ်ဆင်ရေးတွေက မြန်မာ့တပ်မတော်ဟာ ခေတ်မီတပ်မတော်တခုလို့ ပြည်တွင်း ပြည်ပက ပရိသတ်တွေ မြင်လာစေချင်တဲ့ ဆန္ဒကို ထင်ဟပ်တယ်လို့ ဆောင်းပါးရှင်က ဆိုတယ်။
ဒါပေမယ့် မြန်မာ့တပ်မတော်ရဲ့ နေ့စဉ်ဘဝတွေကတော့ မိတ္ထီလာ စစ်ရေးလေ့ကျင့်မှုနဲ့ အပုံကြီး ကွာခြားနေဆဲပါ။ နှစ် ၂၀ ကျော် အပစ်အခတ် ရပ်စဲရေးနဲ့ အရာရှိတွေအကြား စီးပွားရေးလုပ်ကိုင်မှုတွေ များပြားလာနေတာတွေဟာ တပ်မတော်ရဲ့ စွမ်းရည်မြှင့်တင်ရေး၊ စိတ်ဓာတ်နဲ့ စွမ်းဆောင်ရည်တွေကို ကျဆင်းစေတယ်လို့ စစ်ရေးသုံးသပ်သူတွေက ဆိုတယ်။ တပ်တွင်းအစီရင်ခံချက်တွေအရ တပ်ရင်းတပ်ဖွဲ့ဝင် ၈၂၆ ယောက် စာရင်းရှိရာမှာ တကယ် အလုပ်ဖြစ်သူက ၂၅၀ နဲ့ ၃၀ဝ လောက်ပဲရှိတယ်လို့ သိရပါတယ်။
ကချင်စစ်ပွဲဟာ တပ်မတော် (ကြည်း)နဲ့ (လေ) ပူးပေါင်းစစ်ဆင်ရေးဖြစ်တယ်။ ၂၀၁၂ ဒီဇင်ဘာနဲ့ ၂၀၁၃ ဇန်နဝါရီလအတွင်း လုပ်ခဲ့တဲ့ ကေအိုင်အေရဲ့ ဗဟိုဌာနချုပ် လိုင်ဇာကို ထိုးစစ်ဆင်မှုဟာ မြန်မာ့တပ်မတော်ရဲ့ အကြီးဆုံး စစ်ဆင်ရေးထဲက တခုလည်းဖြစ်တယ်။ ၂၀၁၂ နှစ် လယ်ကစပြီး ကချင် ပြည်နယ်မှာ တပ်တွေ တိုးချဲ့ထားခဲ့တာ တပ်ရင်း ၅ ရင်းထိရှိလာပြီး ဗန်းမော်ကနေ ဗျူဟာထိုင်ပါတယ်။ ဒီစစ်ရေးတိုးချဲ့မှုမှာ အရင်လိုပဲ ကားလမ်း၊ ရထားလမ်းနဲ့ မြစ်တွေပေါ် မူတည်ပြီး ထောက်ပို့နေ ရဆဲ ဖြစ်တာမို့ တခြား ခေတ်မီတပ်မတော်တွေလို လေကြောင်းထောက်ပို့မှု မလုပ်နိုင်ဘူးဆိုတာ သက်သေပြသလိုလည်း ဖြစ်ခဲ့တယ်။
လိုင်ဇာကို စစ်ချီရာမှာ လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးတွေကို အသုံးပြုပြီး လိုင်ဇာအနီး ဖြတ်စီးနေတဲ့ တိုင်ပင်မြစ်ဝှမ်းကို ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်ခဲ့တယ်။ လိုင်ဇာကို ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ပေးရတဲ့ အရင်းအနှီးကြီးတယ်။ ကေအိုင်အေကို ကိုးကားပြီး ဆောင်းပါးက ရေးတာက တပ်မတော် (လေ) က Mi-35 ‘Hind’ ရဟတ်ယာဉ်ရဲ့ ပစ်ကူနဲ့ K-8 Karakoram အပေါ့စား ဂျက်တိုက်လေယာဉ်ရဲ့ ပစ်ကူတွေဟာ သိပ်ပြီး မထိရောက်ဘူးတဲ့။ တပ်မတော်လိုလားတဲ့ ဘလော့ဂ်တခုရဲ့ စာရင်းတွေအရ ၂၀၁၁ ဇွန်လကနေ ၂၀၁၂ ဒီဇင်ဘာလကုန်ထိ ကျဆုံးတပ်သားဦးရေ ၅၀ဝ၀ ရှိတယ်လို့ သိရတယ်။
လိုင်ဇာစစ်ဆင်ရေးဟာ တပ်မတော် အရာရှိကြီးတွေထဲမှာ ကုန်ခဲ့ပြီးနှစ် ၂၀-၃၀ တွင်းကလို စစ်ဆင်ရေးကြီးတွေကို ဆက်ဆင်နွှဲချင်နေတဲ့ ဆန္ဒရှိ နေဆဲပဲလို့ သက်သေထူတာလည်း ဖြစ်တယ်။ ဒါပေမယ့် လိုင်ဇာစစ်ဆင်ရေးဟာ မြန်မာ့တပ်မတော် ဘယ်အတိုင်းအတာထိပဲ စွမ်းဆောင်နိုင်တယ် ဆိုတာကိုလည်း ဖော်ပြတာဖြစ်တယ်။
ကေအိုင်အေထက် အင်အား ၂ ဆကျော် ပိုကြီးပြီး လက်နက်အင်အားနဲ့ လေ့ကျင့်ရေး ပိုမို သာလွန်တဲ့ UWSA ‘ဝ’ တပ်ဖွဲ့တွေနဲ့သာ ရင်ဆိုင်ရရင် တပ်မတော်ရဲ့ လက်ရှိစွမ်းရည်နဲ့ မလွယ်ဘူး။ ဒီလိုအနေအထားကြောင့် အစိုးရက လိုလားနေတဲ့ အပစ်အခတ်ရပ်စဲရေးကို တပ်က ပိုထောက်ခံနိုင်ပြီး တချိန်တည်းမှာ လက်နက်ကိုင်တွေနဲ့ စီးပွားရေးနဲ့ ဝင်ငွေရလမ်းတွေကို ထိန်းချုပ်ရေး ပိုကြိုးစားမယ့်ပုံပါ။
တပ်မတော် (လေ)
မြန်မာ့တပ်မတော် (လေ)မှာ တပ်ဖွဲ့အင်အား ၂ သောင်း ၃ ထောင်ရှိပြီး ၂၀ဝ၀ ပြည့်နှစ်နောက်ပိုင်း ခေတ်မီစေရေး အရှိန်အဟုန် မြှင့်တယ်။ ရုရှားလုပ် MiG-29 ‘Fulcrum’ တွေ သက်သေရှိတယ်။ ၂၀၁၀ မှာ လက်နက်ကိုင် သူပုန်တွေကို နှိမ်နင်းဖို့ ရုရှားရဟတ်ယာဉ် Mi-35 ‘Hind’ ၅၀ ထပ်ဝယ်တယ်။ K-8 ‘Karakorum’ အပေါ့စား ဂျက်တိုက် လေယာဉ် အစီး ၅၀ လည်း ထပ်ဝယ်တယ်။ ဒါတွေ က UWSA အပါအဝင် နယ်ခြားက တိုင်းရင်းသား လက်နက်ကိုင်တွေကို တိုက်ရိုက်ခြိမ်းခြောက်တာဖြစ်တယ်။
ဒီလို ရဟတ်ယာဉ်တွေရော၊ တိုက်လေယာဉ်တွေကို ဝယ်ယူအားဖြည့်ထားပေမယ့် လေယာဉ်မှူးတွေရဲ့ ပျံသန်းမှု အတွေ့အကြုံနည်းတာ၊ ထိန်းသိမ်း ပြုပြင်ရေး အားနည်းတာ၊ မြေပြင်က ဝေဟင်ချိတ်ဆက်ရေး နည်းပညာ နောက်ကျနေတာကြောင့် တပ်မတော်(လေ)ရဲ့ စွမ်းရည်က သံသယရှိစရာ ဖြစ်နေဆဲပါ။ လိုင်ဇာတိုက်ပွဲမှာ တပ်မတော်-လေရဲ့ ရဟတ်တွေ၊ လေယာဉ်တွေက ပစ်ကူပေးတာတွေကို အင်တာနက်စာမျက်နှာတွေပေါ်မှာ မြင်ခဲ့ကြရတယ်။ ပစ်ခတ်မှုတွေက သိပ်မထိရောက်သလို ရဟတ်ယာဉ် ၂ စီးနဲ့ လေယာဉ် ၁ စီး အနည်းဆုံး ပစ်ချခံထိခဲ့ (ဒါမှမဟုတ်) စက်ပိုင်းဆိုင်ရာ ချို့ယွင်းခဲ့တယ်လို့ ဆောင်းပါးက ဆိုတယ်။
တပ်မတော် (လေ) ရဲ့ အစွမ်းမထက်မှုဟာ အနာဂတ်မှာလည်း ကြုံတွေ့နေရဦးမှာဖြစ်တယ်။ အားနည်းချက် နှစ်ခုထဲမှာ တခုက လေကြောင်း ထောက်ပို့စွမ်းရည်ဖြစ်ပြီး နောက်တခုက ရေပိုင်နက် စုံစမ်းထောက်လှမ်းမှု ဖြစ်တယ်။ လေကြောင်း ထောက်ပို့မှာ အရင်က F-27 ဖော်ကာဖရင်းရှစ် လေယာဉ်တွေနဲ့ တရုတ်လုပ် အင်ဂျင်လေးလုံးပါ SACY-8 လေယာဉ် ၄ စီးကို သုံးတယ်။ ရုရှားလုပ် An-148 နှစ်စီး ထပ်ဝယ်ဖို့ လုပ်နေတုန်း ၂၀၁၁ ခုနှစ်မှာ မြန်မာ့တပ်မတော်လေက အရာရှိ ၂ ဦး ပါဝင်တဲ့ လေယာဉ်အစမ်းပျံသန်းရာမှာ ပျက်ကျခဲ့မှု ကြောင့် အစီအစဉ် ရပ်ဆိုင်းသွားတယ်။
မြန်မာ့ကမ်းလွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းနဲ့ ငါးဖမ်းလုပ်ငန်းကို ကာကွယ်ဖို့ မြန်မာ့တပ်မတော် (လေ) ရဲ့ ရေပိုင်နက် လေ့လာစုံစမ်းရေးက အရေးကြီးတယ်။ အဲဒီအတွက် ၂၀ဝ၆-ဝ၇ မှာ အိန္ဒိယလေတပ်က အိုမင်းနေတဲ့ BN-2 လေယာဉ် ၄ စင်း စဝယ်တယ်။ အင်ဒိုနီးရှားနဲ့ စပိန် ပေါင်းလုပ်တဲ့ CN-235 လေယာဉ်တစင်း ထပ်ဝယ်ဖို့ ရှိတယ်။ CN-235 ဟာအင်ဒိုနီးရှား၊ ထိုင်းနဲ့ မလေးရှား လေတပ်တွေက သုံးသလို ဘရူနိုင်းကလည်း ဝယ်ဖို့လုပ်နေပါတယ်။
တပ်မတော် (ရေ)
ကြီးထွားလာနေတဲ့ ကမ်းလွန် စွမ်းအင်ထုတ်လုပ်မှု လုပ်ငန်းတွေနဲ့ ငါးဖမ်းလုပ်ငန်းတွေကို ကာကွယ်ပေးဖို့ ဒီနှစ်ပိုင်းတွေမှာ မြန်မာ့တပ်မတော် (ရေ)ဟာ သိသိသာသာ ကြီးထွားလာခဲ့ပြီး ရေပြာပင်လယ်ထဲမှာ တကယ်စွမ်းဆောင်နိုင်တဲ့ အခြေအနေအထိ အလျင်အမြန် တိုးတက်လာခဲ့တယ်။ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးတက်လာတာ၊ ၁၆ နိုင်ငံ ရေတပ်သင်္ဘောတွေပါဝင်ပြီး အိန္ဒိယက ကြီးမှူးတဲ့ တနှစ် ၂ ကြိမ်လုပ်တဲ့ ‘Milan’ စစ်ရေး လေ့ကျင့်မှုမှာ မြန်မာဖရီးဂိတ်စစ်သင်္ဘော ပါဝင်တာတွေက မြန်မာ့တပ်မတော် (ရေ) အနေနဲ့ သံတမန်ဆက်ဆံရေး တိုးတက်လာမှုတွေပါ။
၂၀၁၀ ခုနှစ် ဘင်္ဂလားဒေ့ရှ်နဲ့ ရေပိုင်နက် အငြင်းပွားမှုဖြစ်တော့တပ်မတော် (ရေ) ဟာ ဂျင်ဟူး အမျိုးအစား Type 053 ဖရီးဂိတ် သင်္ဘောနှစ်စီး ဝယ်တယ်။ ဒါ့အပြင် ကိုယ်ပိုင်ဖရီးဂိတ်သင်္ဘောတွေ တည်ဆောက်တယ်။ ၂၀၁၁ မှာ အောင်ဇေယျ ဖရီးဂိတ် စစ်သင်္ဘော တာဝန် စထမ်းဆောင်တယ်။ ကျန် စစ်သားသင်္ဘော ရေချပြီးပြီ။ တတိယမြောက် သင်္ဘောကို သီလဝါမှာရှိတဲ့ ရေတပ်စခန်းမှာ တည်ဆောက်ဆဲဖြစ်တယ်။
ဖရီးဂိတ်သင်္ဘော ၆ စီးအထိ တည်ဆောက် မယ်လို့ ရည်မှန်းချက်ရှိတယ်။ ရေငုပ်သင်္ဘောအတွက် ပြင်ဆင်စီစဉ်မှုတွေလည်း ကြားရတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်မှာ မြန်မာ့တပ်မတော် (ရေ)အရာရှိတွေ သင်တန်းတက်ခဲ့ကြတယ်လို့ သတင်း တွေထွက်ခဲ့တယ်။၂၀၁၉ မှာ ဘင်္ဂလားဒေ့ရှ်က Ming-class O35G ရေငုပ်သင်္ဘော ၂ စင်း ဝယ်မယ့် ကိစ္စဟာ မြန်မာ့တပ်မတော် (ရေ)ကို ပိုပြီး နေမထိ ထိုင်မသာ ဖြစ်စေတယ်။ Jane’s Defence Weekly ရဲ့ အဆို တပ်မတော် (ရေ) ဟာ ရုရှားလုပ် ရေငုပ်သင်္ဘောတွေကို ဝယ်ဖို့ စိတ်ဝင်စားနေကြောင်း သိရတယ်။