Politics

ဦးရွှေမန်းဘက်မှ ရပ်တည်မည်ဟု ဒေါ်အောင်ဆန်းစုကြည် အခိုင်အမာပြော

This article has been converted from Zawgyi One to Unicode

သမ္မတဦးသိန်းစိန်ဦးဆောင်သော အစိုးရ အုပ်ချုပ်ရေးယန္တရားနှင့် သူရဦးရွှေမန်းဦးဆောင်သော ဥပဒေပြုရေး လွှတ်တော်အကြား မပြေလည်မှုများရှိနေပြီး ယင်းမပြေလည်မှုများတွင် လွှတ်တော်နာယက ဦးရွှေမန်းဘက်မှ တရားဝင် ရပ်တည်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

နေပြည်တော်တွင် မတ်လ ၂၆ ရက်နေ့ ကျင်းပသော ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့၏ ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က  ယင်းသို့ တရားဝင် ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်ပြီး ဦးရွှေမန်းကလည်း  ဒေါ်အောင်ဆန်းစုကြည်၏ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လေးပွင့်ဆိုင် ဆွေးနွေးရေး တောင်းဆိုမှုကို မှန်ကန်သော လုပ်ရပ်ဖြစ်၍ ထောက်ခံ ကြောင်း ပြောဆိုလိုက်သည်။

“ဥပဒေပြုရေး မဏ္ဍိုင်နဲ့ အုပ်ချုပ်ရေး မဏ္ဍိုင် က မပြေလည်တာတွေရှိပါတယ်။ ဒါဟာကြောက်စရာမဟုတ်ပါဘူး။ ဘယ်လိုဖြေရှင်းမလဲ ဆိုတာပဲ အရေးကြီး တာပါ။ ဒါကြောင့် ကျမကတော့ ပြတ်ပြတ်သားသားကို လွှတ်တော်ဘက်က ပါမှာပါ၊ ကျမအမြင်မှာလည်း နာယကကြီးက ဖြောင်ဖြောင့်မတ်မတ်ပါပဲ´´ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

ဦးရွှေမန်းကလည်း စစ်အာဏာရှင်အစိုးရ ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဦးရွှေမန်း တို့နှင့်အတူ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုကို အပြည့်အ၀ ထောက်ခံကြောင်း တရားဝင်ထုတ်ဖော်ပြောဆိုသည်။

“လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ အလုပ်တခုလုပ်တဲ့နေရာမှာ တွေ့ဆုံညှိနှိုင်းပူးပေါင်းတာက လုပ်ငန်းကို အောင်မြင်စေပါတယ်၊
တွေ့ဆုံညှိနှိုင်းမှုတိုင်းကို အားပေးတယ်၊ လေးပွင့်ဆိုင်တွေ့ဆုံဖို့ကိုလည်း အားပေးဖို့အသင့်ရှိပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးတင်မဟုတ်ဘူး။ ဘယ်ကိစ္စမဆို တာဝန်ရှိသူတွေရဲ့ တွေ့ဆုံမှုက အရေးကြီးပါတယ်၊ စားပွဲဝိုင်းထဲ တွေ့ဆုံ ဆွေးနွေးမှုက အဖြေပေါ်မှာပါ။ ဒါကြောင့်မို့လို့ လေးပွင့်ဆိုင်တွေ့ဆုံဖို့ လိုအပ်တယ်ဆိုတာ မှန်ပါတယ်´´ဟု ဦးရွှေမန်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးသိန်းစိန်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သူဖြစ်ပြီး သမ္မတထံ လေးပွင့်ဆိုင် တွေ့ဆုံရေး တရားဝင်စာပို့တောင်းဆိုရခြင်းမှာ သမ္မတသည် အရေးကြီးဆုံးဖြစ်သည့်အတွက် တိုက်ရိုက် စာပို့တောင်းဆိုရခြင်းဖြစ်ကြောင်း ပြောသည်။

“လေးဦးလုံးဆုံဖို့ တွေ့ဆုံဖို့ကိစ္စမှာ သမ္မတကြီးက အရေးအကြီးဆုံးလို့ ထင်လို့ တိုက်ရိုက်စာပို့တာဖြစ်တယ်။ ၂၀၀၈ အခြေခံ ဥပဒေကို ရေးဆွဲခဲ့တဲ့သူကလည်း သမ္မတကြီးကိုယ်တိုင်ပါတယ်။ ဒါပေမယ့် NLD အနေနဲ့ ဖွဲ့စည်းပုံ စတင်ရေးဆွဲခဲ့ကတည်းက တစိုက်မတ်မတ်ကန့်ကွက်ခဲ့တာပါ။ ဖွဲ့စည်းပုံကို သဘောမတူလို့ တခုလုံးကို ပြောင်းမယ် လို့တော့ ပြောတာမဟုတ်ပါဘူး´´ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သမ္မတဦးသိန်းစိန်က ယနေ့ လွှတ်တော်တွင် ပြောကြားသော မိန့်ခွန်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို နိုင်ငံရေး အကျပ်အတည်း ဦးတည်အောင် ဆောင်ရွက်ခြင်းမပြုရန် သတိပေးလိုက်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေး ရှိရန် အရေးကြီးသည်ဟု ထပ်လောင်းပြောဆိုသွားသည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စက နိုင်ငံရေးအကျပ်အတည်း ကို ဦးတည်စရာမရှိပါဘူး၊ ဘယ်ပြဿနာ မှာဖြစ်ဖြစ် တွေ့ဆုံ ဆွေးနွေးဖို့ဆိုတာကို အမြဲတောင်းဆိုပါတယ်၊ တွေ့ဆုံညှိနှိုင်းရေးသည် အရေးကြီးပါတယ်။ အမျိုးသား ဒီမိုကရေစီလမ်းစဉ်ဆိုတာ တွေ့ဆုံဆွေးနွေးမှုပေါ်မှာ မူတည်ပါတယ်။ နိုင်ငံရေးမှာ သဘောမတူတာတွေ ရှိတာတွေ အကျပ်အတည်းတွေ မဖြစ်စေချင်လို့လေးပွင့်ဆိုင် တွေ့ဆုံရေးကို တောင်းဆိုတာပါ။ ပေါ်လာတဲ့အခက်အခဲ ညှိနှိုင်းဖို့ လိုပါတယ်၊ ကျမတို့ အဆင်မပြေတာ ရှိရင် ညှိနှိုင်းဆွေးနွေးဖို့ မလုပ်နိုင်စရာမရှိပါဘူး´´ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်၏ အခန်းကဏ္ဍနှင့်ပတ်သက်၍  တပ်မတော်သည် ပြည်သူက အားကိုးသော နိုင်ငံတကာ အဆင့်မီ ဖြစ်စေချင်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီအရေးအတွက် တပ်မတော်သည် ပြည်သူဘက်မှ မားမားမတ်မတ်ရပ်တည်ရန်လိုအပ်ကြောင်း ပြောဆိုသည်။

“NLD ကတော့ တပ်မတော်ကို လေးစားတယ်။ အားကိုးတယ်။ တကယ့် အဆင့်မြင့်ပြီး နိုင်ငံတာအဆင့်မီတဲ့ တပ်မတော် ဖြစ်စေချင်တယ်။ ငြိမ်းချမ်းရေး ရဖို့ဆိုတဲ့ကိစ္စမှာ ရေရှည်တည်တံ့ခိုင်မြဲရေး ဖြစ်တဲ့ နိုင်ငံရေးဖြစ်အောင်၊ တကယ်ဒီမိုကရေစီ ကို တည်ဆောက် ရမှာ ဖြစ်တယ်။  တပ်မတော်ဆိုတာ ပြည်သူ့လူထုလိုလားတဲ့ နိုင်ငံရေး စနစ်ပေါ်ပေါက်လာအောင် မားမား မတ်မတ် ရပ်တည်ဖို့လိုပါတယ်။ တပ်မတော်က လွှတ်တော်ကို အများကြီးပံ့ပိုးဖို့လိုတယ်´´ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

Loading