အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)က ဖွဲ့စည်းလိုက်တဲ့ ဦးသိန်းစိန် အစိုးရက ဆောင်ရွက်နေတဲ့ အမျိုး ဘာသာ သာသနာ စောင့်ရှောက် ရေး ကြွေးကြော်နေချိန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ၂၀၁၄ ခုနှစ် အတွင်း မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာလိုက်တာမို့ မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရေး ကြွေးကြော်သံ တွေက ကြံ့ခိုင်ရေး ပါတီရဲ့ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရေးရရှိရေး ဗျူဟာ တခုအဖြစ် အသုံးပြုမယ့် အခြေအနေတွေ ဖြစ်ထွန်း လာတယ် လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
သမ္မတဦးသိန်းစိန်က မျိုးစောင့်ဥပဒေပြဋ္ဌာန်းပေးဖို့ ကော်မရှင်တွေ ဖွဲ့စည်းတာ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို တာဝန်ပေးတာတွေ လုပ်ပြီးတာနဲ့ တပြိုင်နက်တည်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပ ဖို့ရှိတယ် လို့ ကော်မရှင်က ထုတ်ပြန် လိုက်တာမို့ ဒီဖြစ်စဉ်နှစ်ခုက တခုပြီး တခု အစီအစဉ်တကျ ထွက်ပေါ်လာတဲ့ ဖြစ်ရပ်တွေဖြစ်ပြီး အထူးသဖြင့် နှစ်ပေါင်း ၂၀ ကျော် လုံးလုံး လူထုထောက်ခံမှုရရှိခဲ့တဲ့ အတိုက်အခံ ဒီမိုကရေစီပါတီတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကို ဗျူဟာသစ်နဲ့ စိန်ခေါ်လိုက်တာဆိုရင်လည်း မမှားနိုင်ပါဘူး။
၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲက လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ ဖွဲ့စည်းပုံပြင်ရေးဆောင်ရွက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး၊ မျိုးစောင့်ဥပဒေ ပေါ်ထွန်းရေး ကြိုးစားနေတဲ့ ကြံ့ခိုင်ရေး ပါတီတို့အကြား ၂၀၁၅ ရွေးကောက်ပွဲ အကြို စိန်ခေါ်အားစမ်းတဲ့ နိုင်ငံရေး အားစမ်းပွဲကြီးလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
သမ္မတဦးသိန်းစိန်က လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေ တို့ကို ပြည်ထောင်စု တရား လွှတ်တော် ချုပ် ကရေးဆွဲဖို့နဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေနဲ့ တလင် တမယား စနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေတို့ကို ဇွန်လ ၃၀ ရက်နေ့ ထက် နောက်မကျစေဘဲ ရေးဆွဲဖို့ အဖွဲ့ဝင် ၁၂ ဦးပါ ကော်မရှင်ကို ဖွဲ့စည်း တာဝန်ပေးခဲ့ပါတယ်။ အာဏာရ ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ်အများစု ကြီးစိုးနေတဲ့ လွှတ်တော်က လည်း အစိုးရဘက်က တင်လာမယ့် မျိုးစောင့်ဥပဒေကြမ်းတွေကို အတည်ပြုပေးဖို့ စောင့်ကြို နေတဲ့ပုံ ရှိတယ်လို့ နိုင်ငံရေးသမားတွေက သုံးသပ်ပါတယ်။
အစိုးရနဲ့ လွှတ်တော် ဘယ်လိုပဲ ကွဲပြားမှုတွေ၊ ပွတ်တိုက်မှုတွေ ရှိနေစေကာမူ ကြံ့ခိုင်ရေးပါတီဆိုတဲ့ မူလ လောင်းရိပ် ကြီးအောက်မှာ အစိုးရရော၊ လွှတ်တော်ကရော ပုလင်းတူဘူးဆို့တွေ အဖြစ် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိရေး ညီညွတ် စွာ ရပ်တည်နေကြတယ်။ အဲဒါကြောင့်ပဲ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေးမှာ အစိုးရရော လွှတ်တော်ပါ အသံတူညီစွာနဲ့ အတိုင် အဖောက်ညီနေကြတာပဲလို့ တိုင်းရင်းသားနိုင်ငံရေးသမား တချို့က သုံးသပ်ပြောဆိုပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်ကို တိတိကျကျ မကြေညာဘဲ ရာသီဥတု သာသာယာသာရှိချိန် ၃ လကြိုတင် အကြောင်းကြားမယ်လို့ ပြောဆိုပေမယ့် သမ္မတဦးသိန်းစိန်ရဲ့ မျိုးစောင့်ဥပဒေ တွေ တရားဝင် လွှတ်တော်တင်ပြပြီး ဥပဒေ အဖြစ် ထွက်ရှိလာပြီးမှ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကို တိတိကျကျ ထုတ်ပြန်မယ့် ပုံရှိပါတယ်။
၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ တနိုင်ငံလုံး မဲဆန္ဒနယ် ၈၀ ရာခိုင်နှုန်းကျော်၊ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ လစ်လပ် မဲဆန္ဒနယ် ၄၅ခုမှာ မဲဆန္ဒနယ် ၄၃ ခုနှစ် အနိုင်ရရှိခဲ့တဲ့ NLD က ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲ မှာတော့ လစ်လပ် မဲဆန္ဒနယ် ၃၀ လုံး အနိုင်ရရှိနိုင်တဲ့ အနေအထား မရှိတော့ဘူးလို့ ဆိုသူတွေလည်းရှိပါတယ်။
ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက “ရိုးရိုးသားသား ယှဉ်ပြိုင်ဖို့ အားစမ်းတာဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် တခုခုလုပ်ဖို့ စမ်းသပ်တာမျိုး ဖြစ်မှာ စိတ်ပူတယ်။ ၂၀၁၅မှာ ဘယ်လို လိမ်လို့ရမလဲ ဆိုတာမျိုးအတွက် စမ်းသပ်တာ ဆိုရင်တော့ မကောင်းဘူး။ ဒီတခေါက် လိမ်ပြီး လုပ်ကြည့်မယ်။ အခြေအနေကောင်းရင် ၂၀၁၅ မှာ ဆက်လုပ်ကြည့်မယ်ဆိုရင်တော့ မကောင်းဘူး ” လို့ ဧရာဝတီသို့ ပြောဆိုပါတယ်။
အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF)ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကတော့ ကြံ့ခိုင်ရေးပါတီက သူရဲ့ ရွေးကောက်ပွဲ ဗျူဟာသစ်နဲ့ အင်အားကို စမ်းသပ်ဖို့ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပတာလို့ သုံးသပ်ပါတယ်။
နိုင်ငံရေးပါတီအများစုက ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ တိကျရေရာစွာ ဆုံးဖြတ်နိုင်ခြင်း မရှိသေးဘဲ တချို့ပါတီတွေက လုံး၀ ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ ထုတ်ပြန်ပြောဆိုပါတယ်။ ဒါပေမယ့် NLD နဲ့ ကြံ့ခိုင်ရေးပါတီက ကြားဖြတ် ရွေးကောက်ပွဲ လစ်လပ် မဲဆန္ဒနယ်အားလုံးကို ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီထိပ်တန်းခေါင်းဆောင် တချို့က ဧရာဝတီကို ထုတ်ဖော်ပြောဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ၂၀၁၅ ရွေးကောက်ပွဲကြီး ကျင်းပခါနီးမှ ကြားဖြတ် ရွှေးကောက်ပွဲ ကျင်းပပေးတာက စဉ်းစားစရာကောင်းပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီရဲ့ လူထုထောက်ခံမှု အင်အားကို စမ်းသပ်မှုလို့ သုံးသပ်ကြောင်း၊ ၊ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ်အားလုံး ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ကြောင်း ပြောဆိုပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင်လည်းဖြစ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဦးလှဆွေက ကြံ့ခိုင်ရေးပါတီအနေနဲ့ ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိကြောင်း ပြောဆိုပါတယ်။
အာဏာရှင် စစ်ခေါင်းဆောင်တွေက လွှတ်တော်နဲ့ အစိုးရအဖွဲ့မှာ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး ဆိုင်ရာ နိုင်ငံရေးသမား တွေအဖြစ် ၂၀၁၁ ခုနှစ်ကတည်းက စတင် အာဏာရယူခဲ့တာမို့ အခုဆိုရင် အာဏာရတဲ့ သက်တမ်း ၃ နှစ်နီးပါး ရှိပြီဖြစ်ပါတယ်။ ၃ နှစ်တာကာလအတွင်း အမျိုး ဘာသာ သာသနာ ဆိုတဲ့ အမျိုးသားရေး ဝါဒကို လူထုကြိုက် ရွေးကောက်ပွဲ ဗျူဟာ အဖြစ် ရှာဖွေတွေ့ရှိခဲ့ပြီးတဲ့နောက် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီအနေနဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲလို၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲလို NLD ပါတီကို အပြတ်အသတ် ရှုံးနိမ့်တော့မယ့် အနေအထား မရှိတော့ဘူးလို့ နိုင်ငံရေးသမားတွေက သုံးသပ်ကြပါတယ်။
(သာလွန်ဇောင်းထက်နှင့် ထက်နိုင်ဇော် ပူးတွဲရေးသားသည်)