“သူ့ဘက် ကိုယ့်ဘက်” အမြင်ထက် သူရော ကိုယ်ရော ပေါင်းစည်းပါဝင်တဲ့ “ငါတို့ (သို့မဟုတ်) ကျွနု်ပ်တို့” ဆိုတဲ့ ပိုမိုကျယ်ပြန့်တဲ့ အမြင် ခံယူချက်က ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး အတွက် ကောင်းမွန်တဲ့ အခြေခံတခု ဖြစ်တယ်လို့ အင်းဝင်းရွာလေးမှ အပြန်မှာ အသိတခု ရခဲ့ပါတယ်။
နှစ်ပေါင်း အတော်ကြာ မတွေ့ဆုံခဲ့ရတဲ့ သာစည်မြို့က သူငယ်ချင်းကို သွားရောက် တွေ့ဆုံရာက မမျှော်လင့်ဘဲ စိတ်ဝင်စား စရာ အဲဒီ အင်းဝင်းရွာလေးကို ရောက်ရှိခဲ့တာပါ။
အင်းဝင်းရွာ ဆိုတာက သာစည်မြို့ရဲ့ တောင်ဘက် ၂ မိုင်ခွဲကျော်ခန့် အကွာ မင်းလှကန်ခြေမှာ တည်ရှိပါတယ်။
အညာမြေရဲ့ တမာရနံ့တွေ သင်းဖြာနေသလို တောင်ပေါ်ဒေသရဲ့ အငွေ့အသက်လည်း ယှက်ဖြာနေတဲ့ သာစည်မြို့ဟာ ရန်ကုန်-မန္တလေးနဲ့ တောင်ပေါ် မြေပြန့် ကားလမ်း ရထားလမ်း ဆုံရာက လှပတဲ့ မြို့တမြို့ဖြစ်ပါတယ်။ မန္တလေးတိုင်း မိတ္ထီလာခရိုင် မိတ္ထီလာမြို့ အရှေ့ဘက် ၁၂ မိုင်အကွာမှာ တည်ရှိပါတယ်။
“အင်းဝင်း အုပ်စုထဲမှာ အင်းဝင်းနဲ့ ကုက္ကိုပေါက် ဆိုပြီး ရွာ ၂ ရွာ ရှိတယ် အစ်ကို။ နေထိုင်တာက ဗုဒ္ဓဘာသာဝင်တွေ၊ အစ္စလမ် ဘာသာဝင်တွေ ရောနှော နေထိုင်ကြတယ် ခင်ဗျ။ အားလုံး ငြိမ်းငြိမ်းချမ်းချမ်း စည်းစည်း လုံးလုံးရှိကြတယ်” လို့ ဆိုင်ကယ်ကယ်ရီသမား ကိုကျော်သူအောင်က ပြောပါတယ်။
အင်းဝင်းရွာက အိမ်ခြေ ၆၀ ကျော်ရှိပြီး၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း ရှိပါတယ်။ အင်းဝင်းရွာမှာ ဗုဒ္ဓဘာသာဝင် အများစု ဖြစ်ပေမယ့် အစ္စလမ် ဘာသာဝင်တွေလည်း ရောနှောနေထိုင်ကြတာ တွေ့ရပါတယ်။
ကုက္ကိုပေါက်ရွာက အိမ်ခြေ ၃၀၀ ခန့် ရှိပြီး အစ္စလမ် ဘာသာဝင် အများစုပါ။ အဲဒီရွာမှာ ဗလီတလုံး ရှိပြီး ဗုဒ္ဓဘာသာဝင်တွေလည်း အတူရောနှော နေထိုင်နေကြပါတယ်။
အင်းဝင်း တအုပ်စုလုံးမှာတော့ လူဦးရေ ၂ ထောင်ခန့် ရှိတယ်လို့ အင်းဝင်း အုပ်စု ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ပြောပါတယ်။
အင်းဝင်း အုပ်စုကို စအဝင်မှာ ပထမဆုံး တွေ့ရတာက ကုက္ကိုပေါက်ရွာပါ။ ရွာလယ်လမ်း ဘေးက ဘော်လီဘော ကွင်းလေးထဲမှာတော့ ဘော်လီဘော ကစားနေကြတဲ့ လူငယ်တချို့ကို နံနက်ခင်း နေသာသာထဲမှာ တွေ့ရပါတယ်။ တချို့က ဗမာ၊ တချို့က မွတ်စလင်။ အားလုံး ပျော်ရွှင်စွာ အော်ဟစ် နောက်ပြောင် ကစားနေကြတာ တွေ့ရပါတယ်။
တခါတုန်းက အင်းဝင်း အုပ်စုက မွတ်စလင် တယောက်နဲ့ တခြားရွာက လူတချို့ ခိုက်ရန်ဖြစ်ပွားပြီး မွတ်စလင်လေး အရိုက်ခံလိုက်ရတယ်။ ဒါနဲ့ အင်းဝင်း ရွာမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေ ရောက်လာပြီး တို့ရွာသားကို မထိနဲ့ ဆိုပြီး အကာ အကွယ်ပေး၊ အကူအညီ ပေးကြတယ် လို့ သိရပါတယ်။ အဲဒီလိုပဲ ဗုဒ္ဓဘာသာဝင်ပဲ ဖြစ်ဖြစ်၊ မွတ်စလင်ပဲ ဖြစ်ဖြစ် တဦးဦး ပြဿနာ တခုခု ဖြစ်လာရင် အားလုံးစုစည်း စုပေါင်း ကူညီစောင့်ရှောက် ကြတယ်လို့ သိရတယ်။
ဒီလို ကူညီစောင့်ရှောက်တာဟာ ဘာသာရေး ဘက်က ကြည့်ပြီး ကူညီစောင့်ရှောက်တာ မဟုတ်ဘဲ ကိုယ့်ရွာသား ဆိုတဲ့ စိတ်၊ ကိုယ့်ရွှာသား ဆိုတဲ့ အသိ အမြင် ခံယူချက်နဲ့ ကူညီတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အဲဒီလို စည်းလုံး ညီညွတ်တဲ့ အဖြစ်အပျက် သာဓကတွေကတော့ အများအပြား ရှိနေနိုင်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း မွတ်စလင်တဦးပါ။ ဒါပေမယ့် ဘုန်းတော်ကြီးကျောင်း အလှူအတန်း ကိစ္စတွေမှာ၊ ချက်ပြုတ်ရေးနဲ့ ဝေယျာဝစ္စတွေကို တာဝန်ယူ လုပ်ကိုင်ပေးနေသူပါ။ ဘာသာရေး လုပ်ငန်းဖြစ်လို့ လေးလေးစားစား လုပ်ကိုင်ပေးတာ ဖြစ်သလို တဖက်က လည်း ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဘုန်းကြီးကျောင်း မဟုတ်လား” လို့ အင်းဝင်းကျေးရွာမှ ဦးတင်အောင်က ပြောပါတယ်။
သူဟာ ရပ်ရွာ သာရေး နာရေး ကိစ္စတွေမှာ ထမင်းဟင်းချက်၊ ငါးနှပ်၊ ဒန်ပေါက်ဖောက် စတဲ့ အလုပ်တွေ လုပ်ဆောင်ပေး လေ့ ရှိတယ်လို့ ဆိုပါတယ်။
ဦးတင်အောင်ရဲ့ ဇနီး ဒေါ်သန်းကြည်ကလည်း “ဒီမှာက အားလုံးဟာ ဆွေမျိုးရင်းချာတွေပါ။ ခွဲခြားတာတို့၊ ကွဲပြားတာတို့ မရှိကြဘူး။ အစ္စလမ်ဘာသာဝင်တွေရဲ့ ဘာသာရေးပွဲ လုပ်တဲ့ နေ့တွေဆို ဘုန်းကြီးကျောင်းမှာလည်း အလျှံအပယ်ပဲ။ ဗုဒ္ဓဘာသာ အခါကြီး ရက်ကြီးတွေမှာလည်း မွတ်စလင်တွေ အားတက်သရော ပါဝင် လုပ်ကိုင်ကြတာချည့်ပါပဲ” လို့ ပြောပြပါတယ်။
အင်းဝင်းအုပ်စုက ကျေးရွာသူ ကျေးရွာသားတွေ အားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ အတူယှဉ်တွဲ နေထိုင်လာရာမှာ ပြီးခဲ့တဲ့ မိတ္ထီလာ အရေးအခင်းက သူတို့အပေါ် ဘယ်လို ရိုက်ခတ်မှုတွေ ရှိနေလဲ ဆိုတာလည်း စူးစမ်းမိပါတယ်။
“အဒီတုန်းကတော့ ကျနော်တို့ နည်းနည်းတော့ စိုးရိမ်ပူပန်မိတယ်။ ဒါပေမယ့် ဆရာတော်က ရွာထဲမှာ ရှိတဲ့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေကို ဘုန်းတော်ကြီး ကျောင်းထဲ ခေါ်ထားတယ်။ ပြီးတော့ ဟေ့.. ဘယ်သူမှ ဘာမှ မလုပ်နဲ့၊ ငါကိုယ်တိုင် ရှေ့က နေမယ် ဆိုပြီး ကာကွယ်ပေးတယ်။ အဲဒီကာလမှာရော. အခုကာလမှာရော ကျနော်တို့ ရွာသား အချင်းချင်း ဘာမှ မဖြစ်ကြပါဘူး။ တခြားမှာ ဖြစ်နေတဲ့ အကြောင်းတွေကြောင့်လည်း ကျနော်တို့ ဘာပြဿနာမှ မရှိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီမှာ ရှိနေကြတဲ့ လူတွေ အားလုံးဟာ တဦးနဲ့ တဦး ဆွေမျိုးအရင်းတွေချည့်ပဲလေ” လို့ ကျေးရွာ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ရှင်းပြပါတယ်။
အင်းဝင်းရွာလေးရဲ့ အရှေ့ဘက် ကုန်းကမူလေးပေါ်မှာတော့ ကျောက်တောင်ကျောင်း ရှိပါတယ်။ မြေဧက ၂ ဧကခွဲခန့် ကျယ်တဲ့ ကုန်းကမူလေးပေါ်မှာ တည်ဆောက်ထားတဲ့ သွတ်မိုး၂ ထပ်ဘုန်းကြီးကျောင်းပါ။ ပြေလွင်လွင် ခြေသွားလမ်းလေး က နွေရွက်ကြွေ တောလေးထဲရှိ ဘုန်းတော်ကြီးကျောင်းလေးဆီ ဦးတည်နေပါတယ်။
“အခု လောလောဆယ်မှာတော့ ကျောင်းထိုင် မရှိသေးဘူး။ ပြီးခဲ့တဲ့ တပေါင်းလပြည့်နေ့က မှ ဆရာတော်က ကျောင်းပြန် အပ်သွားတာ။ ဆရာတော်က အရှင်ကုသလဇောတိကပါ။ ဆရာတော်က နယ်လှည့် တရားဟောပါတယ်” လို့ ဗုဒ္ဓဘာသာ ဝင် ဦးမြသိန်းက ပြောပါတယ်။ သူက ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ဦးစီးဦးဆောင် စီစဉ်ဆောင်ရွက်ပေးသူလို့ သိရပါတယ်။
“အခုဆိုရင် ကျနော်တို့ ဘုန်းကြီးကျောင်းကို ကိုယ့်ရွာသားနဲ့ကိုယ် စောင့်ရှောက်နေကြပါတယ်၊ တညကို ၆ ယောက်၊ ၇ ယောက် လောက် အစောင့် ချထားရတယ်၊ အရင်ကတော့ ကုက္ကိုပေါက်က မွတ်စလင် တချို့လည်း လာစောင့် ပေးပါတယ်၊ ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်ဘုန်းကြီးကျောင်း ဆိုပြီးတော့ ပေါ့”လို့ ပြောပြတယ်။
သို့ပေမယ့် ဖိအားပေးမှု တချို့ခံနေရတဲ့ အကြောင်းကိုလည်း အခုလို ဆက်ပြောပါသေးတယ်။
“ဒါပေမယ့် အခုကျတော့ ကျနော်တို့ ဘုန်းကြီးကျောင်းကို မွတ်စလင်တွေ လာပြီး မစောင့်သင့်ဘူး ဆိုပြီး တခြားရွာက ဗုဒ္ဓဘာသာဝင်တွေက ပြောတယ်။ ဘာကြောင့် ပြောမှန်းတော့ မသိဘူးဗျာ။ ဒီမှာက ဗုဒ္ဓဘာသာဝင် ဦးရေက နည်းတယ်လေ။ အစောင့်ချထားတဲ့ အခါ အခက်အခဲ ရှိတာပေါ့” လို့ ဆက်ပြောပါတယ်။
တကယ်တော့ ဗုဒ္ဓဘာသာဝင်ပဲ ဖြစ်ဖြစ်၊ မွတ်စလင်ပဲ ဖြစ်ဖြစ် အားလုံးဟာ လူသားတွေချည့်ပါပဲ။ ပဋိပက္ခတခု ဖြစ်ခဲ့လို့ လူတယောက်ရဲ့ အသက်ဆုံးရှုံးရရင် နိုင်ငံသား တယောက် ဆုံးရှုံးလိုက်ရတာပါပဲ။
အင်းဝင်းရွာက ရွာသူရွာသားတွေလို သူ့ဘာသာ ကိုယ့်ဘာသာ မခွဲခြားဘဲ အန္တရာယ်တခုခု ပေါ်ပေါက်လာရင် ဝိုင်းဝန်း တွန်းလှန်မယ် ဆိုတဲ့ စိတ်ဓာတ် မွေးမြူဖို့ လိုပါတယ်။ ဒီလိုဆိုရင် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာပါ။ ရွာတရွာမှာ ဘာသာမတူသူ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ယူနိုင်သလို အဲဒီကနေ မြို့တမြို့၊ အဲဒီကနေ တိုင်း တတိုင်း၊ နိုင်ငံတခုရဲ့ ငြိမ်းချမ်းမှုကို တည်ဆောက်ယူနိုင်ပြီ ဖြစ်ပါတယ်။
ဘာသာ၊ လူမျိုး၊ အသားအရောင် ကွဲပြားပေမယ့်လည်း အချင်းချင်း နားလည်ပေးမှု၊ စည်းလုံးမှုနဲ့ ချစ်ကြည်မှုတွေ အခိုင်အမာ ရှိနေမယ်ဆိုရင် ဘက် နှစ်ဖက် မရှိတော့ဘဲ အားလုံးပေါင်းရုံး စုစည်းအားနဲ့ ငြိမ်းချမ်းရေး အစစ်အမှန်ကို ဖန်တီး တည်ဆောက်နိုင်မှာ ဖြစ်တယ်လို့ ယုံကြည်နေမိပါတယ်။ ။