ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ပါတီ အနေဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် အစီအစဉ် ရှိကြောင်း သိရသည်။
နိုင်ငံရေး လိုအပ်ချက်အရ ဝင်ရောက်ယှဉ်ပြိုင်သင့်ပါက ယှဉ်ပြိုင်မည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲလုပ်သည့် အခြေအနေကိုကြည့်ပြီး ဝင်ရောက်ယှဉ်ပြိုင်ရန် မသင့်လျှင် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း SNLD အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ဧရာဝတီသို့ ပြောသည်။
“ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက် လေ့လာပါဦးမယ်၊ စည်လုံးရေး နယ်မြေ ဘယ်လောက် ရှိလဲ၊ အင်အား ဘယ်လောက်ရှိလဲ၊ အခုတော့ ဘာမှ မလုပ်ရသေးဘူး”ဟု ဦးစိုင်းညွန့်လွင်က ဧရာဝတီကို ပြောသည်။
SNLD သည် မြို့နယ်ပါတီဝင် တွေ့ဆုံပွဲကို ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုလ ၂၄ ရက်နေ့မှ ၂၆ရက် အထိ ကျင်းပခဲ့ပြီး နောက် အချက် ၉ ချက်ပါဝင်သော သတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် တိုင်းရင်းသားများ၏ ဆန္ဒနှင့်အညီ ရေးဆွဲသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါ်ပေါက်ရန် အရေးကြီးကြောင်း၊ လိုအပ်လျှင် ရွေးကောက်ပွဲ ဝင်မည် ဖြစ်ကြောင်းနှင့် ရှမ်းပါတီ နှစ်ခု ပူးပေါင်းရန် နည်းလမ်း ရှာသွားမည် စသည့် အချက်များ ပါရှိသည်။
ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က“ကြားဖြတ် ရွေးကောက်ပွဲ ဆိုပြီး ကျနော်တို့ မပြောပါဘူး၊ ကျနော်တို့ နိုင်ငံရေး အရ လိုအပ်ရင်တော့ ဝင်သင့်ရင်တော့ ဝင်မှာပါ၊ ရွေးကောက်ပွဲ လုပ်တဲ့ အခြေအနေမျိုးမှာ မဝင်သင့်ဘူးလို့ ထင်ရင် ဝင်ကောင်းမှ ဝင်မှာပါ၊ လိုအပ်သလို ဝင်မှာပါ၊ ဝင်ရောက်ဖို့ ဆန္ဒ ရှိပါတယ်”ဟု ပြောသည်။
SNLD သည် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသား နိုင်ငံရေးပါတီ တခုဖြစ် သည်။
အလားတူ ကချင် ဒီမိုကရေစီ ပါတီသည် လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် မိုးကောင်း မြို့နယ်၌ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟု ဒေါက်တာ တူးဂျာက ဧရာဝတီသို့ ပြောသည်။.
နိုင်ငံတဝန်းရှိ လစ်လပ်နေသည့် မဲဆန္ဒနယ် ၃၀ ၌ ကြားဖြတ် ရွေးကောက်ပွဲ ထပ်မံ ကျင်းပပေးမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မတ်လ ၂၀ ရက်က ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ တဝန်းရှိ လစ်လပ် မဲဆန္ဒနယ် ၃၀ တွင် ပြည်သူ့လွှတ်တော် ၁၃ နေရာ၊ အမျိုးသား လွှတ်တော် ၆ နေရာနှင့် ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော် ၁၁ နေရာ ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ သိရသည်။