ရခိုင်ပြည်နယ် စစ်တွေမြို့၌ မာတေဇာ အင်တာနေရှင်နယ် (Malteser International) NGO အဖွဲ့မှ နိုင်ငံခြားသူ တဦးသည် ၎င်းတို့ ငှားရမ်းနေထိုင်သည့် နေအိမ်တွင် လွှင့်ထူ ထားသော ဗုဒ္ဓဘာသာ သာသနာ့အလံကို ဖြုတ်ချ၍ မလေးမစား လုပ်သည်ဟုဆိုကာ ယမန်နေ့ ညက ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွား ကြောင်း သိရသည်။
စစ်တွေမြို့ မာတေဇာရုံးစိုက်ရာ အိမ်ပိုင်ရှင် လွှင့်ထူထားသည့် သာသနာ့အလံအား ထိုအိမ်တွင် နေထိုင်သည့် အမေရိကန် အမျိုးသမီးက ဖြုတ်ချ၍ မဖွယ်မရာလုပ်ပြီး ဘောာင်းဘီအိတ်ထဲ ထည့်ယူသွားသည်ကို ဒေသခံတချို့က မြင်တွေ့ရာမှ ပြဿနာ ဖြစ်ပွားရခြင်းဖြစ်သည်ဟု စစ်တွေ မြို့မိ မြို့ဘ ဦးသန်းထွန်း က ဧရာဝတီ ကို ပြောသည်။
“သာသနာ့ အလံကို မဖွယ်မရာလုပ်တဲ့ အပြင် ဘောင်းဘီအိတ်ထဲ ထည့်သွားတာကနေ စတဲ့ ပြဿနာပါ၊ စစ်တွေမှာ NGO တွေ ငှား ထားတဲ့ အိမ်က အလုံး ၂၀ လောက်ရှိပြီး ပြန့်ကျဲနေတော့ တနေရာမှာ ထိန်းလိုက်၊ နောက်တနေရာက ဖြစ်လိုက်နဲ့ အဲဒီလို ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်၊ ဒီနေ့တော့ အေးအေးဆေးဆေးပါပဲ”ဟု ဦးသန်းထွန်း က ဆိုသည်။
အလံဖြုတ်ချမှုကို မကျေနပ်သည့် ဒေသခံ ၅၀ ခန့်သည် ယမန်နေ့ည ၁၁ နာရီ ဝန်းကျင်တွင် ထိုနေအိမ်အား ခဲများဖြင့် ပစ်ပေါက်ပြီး တခြားနေရာရှိ ရုံးများကိုလည်း ခဲများဖြင့် ပစ်ပေါက်ကြကြောင်း၊ ထို့ကြောင့် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က သေနတ် ပစ်ဖောက်၍ လူစုခွဲခဲ့ရကြောင်း၊ သို့သော် ထိခိုက် ဒဏ်ရာရမှု မရှိကြောင်း ရခိုင် ပြည်နယ် အစိုးရ၏ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင် ကလည်း ဧရာဝတီ ကို ပြောသည်။
ထိုအလံသည် တပေါင်းလပြည့်နေ့တွင် ကျရောက်သည့် တပေါင်းပွဲတော်အတွက် လွှင့်ထူထားခြင်း ဖြစ်သည်ဟုလည်း ဦးဝင်းမြိုင် က ဆိုသည်။
၎င်းက“အလံဖြုတ်တဲ့ အမျိုးသမီးနဲ့ သူ့အမျိုးသားကိုတော့ ရဲရိပ်သာမှာ ကာကွယ် စောင့်ရှောက်ပေးထားပါတယ်၊ သူတို့လည်း ဘာမှ မဖြစ်ပါဘူး”ဟု ဆက်လက်ပြောပြသည်။
ရခိုင်ဒေသ အခြေစိုက် မာတေဇာ အပါအဝင် NGO တချို့သည် ရခိုင်နှင့်ဘင်္ဂါလီ ဒုက္ခသည်များ အနက် ဘင်္ဂါလီများကိုသာ ဘက် လိုက်သည်ဟုဆိုကာ ရခိုင်ပြည်နယ် က ထွက်ခွာသွားရန် ဆန္ဒပြတောင်းဆိုမှုများလည်း ဖြစ်ပွားခဲ့သေးသည်။
ဒေသခံများ၏ ဆန္ဒပြ တောင်းဆိုမှုကြောင့် မာတေဇာနှင့် NGO တချို့အား လုပ်ငန်းများ ရပ်ဆိုင်းရန် အစိုးရ က စီစဉ်ခဲ့ကြောင်း ဦးဝင်းမြိုင် က ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ လုပ်ကိုင်နေသော နယ်စည်းမခြား ဆရာဝန်များအဖွဲ့(MSF)သည် လည်း မကြာသေးခင်က လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည်။
ထို့နောက်ပိုင်း ရခိုင် ဒေသက NGO အဖွဲ့များ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အစိုးရက တာဝန်ယူဆောင်ရွက် သွားမည်ဟု ကျန်မားရေး ဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။
“အခုရှိနေတဲ့ NGO အဖွဲ့ နိုင်ငံခြားသားတွေက သူတို့ ကိစ္စတွေ မပြီးပြတ်သေးလို့ ရှိနေကြတာ ဖြစ်မှာပါ”ဟု ဦးဝင်းမြိုင်က ပြော ဆိုသည်။