အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နာယက သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ဟာ ကျန်းမာရေး အခြေအနေကြောင့် ရန်ကုန်မြို့Green Cross ဆေးရုံမှာ ကုသနေရာက ဝိတိုရိယ ဆေးရုံကို ဒီနေ့ မွန်းလွဲပိုင်းမှာ ပြောင်းရွှေ့ကုသဖို့ စီစဉ်ကြောင်း သိရပါတယ်။
ရန်ကုန်မြို့ လမ်းမတော်မြို့နယ် လမ်းသစ်လမ်းရှိ Green Cross ဆေးရုံမှာ မတ်လ ၁၂ ရက်နေ့ကတည်းက ကုသနေရာက ဆရာဝန် တွေရဲ့ အကြံပြုချက်အရ မရမ်းကုန်းမြို့နယ် ဝိတိုရိယဆေးရုံကို ရွှေ့ပြောင်းကုသဖို့ ဆုံးဖြတ်လိုက်တာလို့ ဦးဝင်းတင်ကို လိုက်ပါ စောင့်ကြည့်ပေးနေသူတွေက ဧရာဝတီကို ပြောပါတယ်။
“အဓိကဖြစ်နေတာက ခါးနဲ့ အရိုးအဆစ်အကြောပေါ့၊ ဆရာဝန်ပြောတာတော့ အူပိတ်တာပေါ့၊ အူပိတ်တော့ ဝမ်းမသွားဘဲ ဗိုက်ပူ နေ တာ၊ ဒီဥစ္စာကို ကျန်းမာရေးသေသေချာချာ ဆန်းစစ်ဖို့အတွက် ရွှေ့ပြောင်းကုသဖို့ လုပ်ဆောင်တာဗျ”လို့ ဦးဝင်းတင်ကို စောင့်ကြည့်ပေးနေသူ တဦး ဖြစ်တဲ့ ကိုအောင်အောင်ဦး က ပြောပါတယ်။
Green Cross ဆေးရုံကို တက်နေချိန်မှာ တခြားနိုင်ငံရေးအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ လာရောက်မေးမြန်းမှုတွေ ရှိသလို NLD နာယက ဦးတင်ဦး နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) က ဦးကိုကိုကြီး၊ ဦးအံ့ဘွယ်ကျော် တို့ကလည်း လာရောက် ကြည့်ရှု မေးမြန်းကြကြောင်း သိရပါတယ်။
Green Cross ဆေးရုံဟာ ဦးဝင်းတင်ဖောင်ဒေးရှင်းက နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကုသပေးနေတဲ့ ဆေးရုံဖြစ်တဲ့အတွက် သူတဦးတည်း သီးခြားထွက်ပြီး တခြားဆေးရုံကို ပြောင်းလဲမကုလိုကြောင်း ဦးဝင်းတင် က ငြင်းဆန်တဲ့ အတွက် NLD နာယက ဦးတင်ဦး နဲ့အတူ လာရောက်ကြည့်ရှုသူတွေက ဝိုင်းဝန်း တိုက်တွန်းခဲ့ရတယ်လို့လည်း သိရပါတယ်။
“သူ (ဦးဝင်းတင်) က ဒီ Green Cross မှာပဲ ကုသချင်တယ်ပေါ့ဗျာ၊ ဆေးရုံအကြီးကို သွားကုသလို့ရှိရင် သူ့အရှိန်ကြောင့် အားလုံး က ဂရုစိုက်တဲ့အခါမှာ ကျန်တဲ့နိုင်ကျဉ်းတွေ အကုန်လုံးကို ဥပေက္ခာပြုတယ်၊ အားငယ်စေတယ်ဆိုတဲ့ ဟာမျိုးတွေ သူကမဖြစ်စေချင်ဘူး၊ ဒါကြောင့် သူက မပြောင်းချင်ဘူး၊ ဒါပေမယ့် အဲဒီနိုင်ကျဉ်းတွေ အကုန်လုံးကရော လူကြီးတွေကရော ဘဘရဲ့ ကျန်းမာရေး က အရေးကြီးတယ်ဆိုတဲ့ အကြောင်း၊ ဦးတင်ဦးတို့ ဦးကိုကိုကြီးတို့ မုံရွာအောင်ရှင်တို့၊ မဖြူဖြူသင်းတို့က ရောက်လာပြီး ဝိုင်းဝန်း တိုက်တွန်းပြီး ဝိတိုရိယဆေးရုံကို ပို့လိုက်တာဗျ”လို့ ကိုအောင်အောင်ဦးက ပြောပါတယ်။
ဆေးရုံကို ကျန်းမာရေး အခြေအနေ လာမေးကြတဲ့ နိုင်ငံရေး အင်အားစု အဖွဲ့တိုင်း လာကြည့်သူတိုင်းကို စကား ပြန်လည်ပြောဆို နိုင်ပြီး ဆိုးဝါးတဲ့ အခြေအနေမျိုးမဟုတ်ကြောင်း ဦးဝင်းတင်ကို သွားရောက် ကြည့်ရှုခဲ့တဲ့ NLD လူငယ်အဖွဲ့ဝင် တဦးဖြစ်သူ ကိုရာဇာ က ပြောပါတယ်။
“အရမ်းကြီးတော့ စိုးရိမ်စရာမရှိလောက်ပါဘူး၊ ထူထူထောင်ထောင်ပါပဲ၊ လာမေးသမျှလူတိုင်းကို စကားပြန်ပြောတယ်၊ အခု ဆေးရုံပြောင်းဖို့တောင် မနည်းသူ့ကိုပြောနေရတာ”လို့ ကိုရာဇာ က ဧရာဝတီကို ပြောပါတယ်။
အသက် ၈၅ နှစ် ရှိပြီဖြစ်တဲ့ ဦးဝင်းတင်ဟာ ထောင်တွင်းမှာ ရရှိခဲ့တဲ့ ရောဂါဝေဒနာတွေကြောင့် ထောင်ကထွက်လာပြီးတဲ့ နောက် ပိုင်းမှာ ဆေးရုံကို မကြာခဏ တက်ရပြီး ပြီးခဲ့တဲ့နှစ်ပိုင်းတွေကလည်း အာရှတော်ဝင်နဲ့ Green Cross ဆေးရုံတွေမှာ မကြာခဏ ဆေးကုသမှု ခံယူနေရပါတယ်။
ဦးဝင်းတင်ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့ရာ ၁၉၈၉ ခုနှစ် ဇူလိုင်လမှာ စစ်အစိုးရက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခြင်း ခံခဲ့ရပြီး ထောင်တွင်းမှာ ၁၉ နှစ်ကျော် နေခဲ့ရသူ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်မှာ အင်းစိန် အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။
စစ်အာဏာရှင် စနစ်ကို ဆန်ကျင်ခဲ့သူ ဦးဝင်းတင်ဟာ အခုအထိ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပွင့်ပွင်လင်းလင်း ဝေဖန်ပြောဆိုနေ သူလည်း ဖြစ်သလို ထောင်ဝတ်စုံကို အဆင်အမြဲ ဝတ်ဆင်နေသူလည်း ဖြစ်ပါတယ်။
ဒါကြောင့် ၂၀၁၃ ခုနှစ် ဧပြီလ အတွင်းမှာ ထောင်ဝတ်စုံ ပြန်မအပ်တဲ့ အကြောင်းပြချက်နဲ့ အစိုးရ တာဝန်ရှိသူတချို့က အရေးယူဖို့ ပြုလုပ် ခဲ့ပါသေးတယ်။