ရန်ကုန်တက္ကသိုလ် သိပ္ပံဆောင်ရှိ International Center of Excellence (ICoE) တွင် စာအုပ်ပေါင်း ၄ သန်းကျော် ဖတ်ရှုနိုင်မည့် အီလက်ထရွန်းနစ် စာကြည့်တိုက် Resource Center ကို ထိုင်းနိုင်ငံ အခြေစိုက် iGroup မှ အမှုဆောင်အရာရှိချုပ် Mr.Pote N. Lee ၏ ပံပိုးမှုဖြင့် မတ်လ တတိယ အပတ်အတွင်း စတင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ယင်းစာကြည့်တိုက် Resource Center တွင် Online Data Base (O.B.D) ဖြင့် ချိတ်ဆက်ထားသော e-book ၂ သန်းကျော်၊ စာတမ်း ပြုစုသူများ အထောက်ကူ ဖြစ်နိုင်စေသည့် ပြုစုပြီး နမူနာ စာတမ်းပေါင်း ၁ သန်းကျော်နှင့် ရှားပါး စာအုပ်ပေါင်း ၁ သန်း စုစုပေါင်း စာအုပ် ၄ သန်းကျော်အား ဖတ်ရှုနိုင်မည် ဖြစ်သည်။
သင်တန်းသားများ အသုံးပြုမှု လွယ်ကူစေရန် အတွက် Resource Center ရှိ ကွန်ပျူတာ ၂၅ လုံးတွင် Database စနစ်ဖြင့် ဆောင်ရွက်ထားခြင်း ဖြစ်ပြီး သင်တန်းသား တဦးချင်းစီအတွက် Registering များ ပြုလုပ်ပြီး ID ကတ်များ အသုံးပြု ဖတ်ရှုရမည်ဟု သိရသည်။
iGroup သည် အာရှ ပစိဖိတ် ဒေသရှိ ပညာရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် အဓိကထား ကူညီပံ့ပိုးမှုများ ပေးလျက်ရှိသည့် ကုမ္ပဏီ ဖြစ်ကြောင်း သိရသည်။ iGroup က Database များ e-journal, e-book များ အပြင် စာကြည့်တိုက်ဆိုင်ရာ အသုံးချ သိပ္ပံပညာရပ်များနှင့် ပုံနှိပ် ထုတ်ဝေခြင်း ဆိုင်ရာများကို အဓိကထား ကူညီ ဆောင်ရွက်လျက် ရှိသည်။
“သုတေသန ပြုလုပ်ရာမှာ ဒီလိုမျိုး အီလက်ထရောနစ် စာကြည့်တိုက်တွေ လိုအပ်တယ်။ လောလောဆယ်တော့ သူတို့ရဲ့ ရည်ရွယ်ချက်က ရန်ကုန်တက္ကသိုလ်က Master နဲ့ PhD ကျောင်းသားတွေ အတွက် အဓိက စီစဉ်ထားတယ်။ သူတို့တွေ ရည်ညွှန်း လုပ်နိုင်အောင် ကိုးကား နိုင်အောင်လို့ပါ” ဟု iGroup မှ ဦးအောင်မော်က ဧရာဝတီကို ပြောသည်။
ယင်းစာကြည့်တိုက်တွင် IBM Server ဖြင့် ချိတ်ဆက်ထားသော ကွန်ပျူတာ ၂၅ လုံး တပ်ဆင်ထားပြီး အသုံးပြုသူများ အဆင်ပြေ လွယ်ကူစေရန် ဖိုက်ဘာစနစ် အင်တာနက် ကွန်ရက်အား တည်ဆောက်ထားကြောင်း သိရသည်။ Master တန်းနှင့် PhD သင်တန်းသားများ အတွက် တနင်္လာမှ သောကြာနေ့ အထိ နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
“အခုအလှူရှင်တွေ ထပ်ပေါ်လာတယ်။ အင်တာနက်လိုင်းတွေ ပိုကောင်းအောင် ချိတ်ဆက်မယ်၊ လိုအပ်တဲ့ ပစ္စည်းတွေ ထပ်ဖြည့် ပြီးရင်တော့ ရန်ကုန်တက္ကသိုလ်ထဲမှာ ရှိတဲ့ တခြားဌာနက ကျောင်းသားတွေ အားလုံး သုံးနိုင်အောင် လုပ်သွား ပါဦးမယ်” ဟု ဦးအောင်မော်က ဆိုသည်။
ယင်းစာကြည့်တိုက်အား Mr.Pote N Lee (Myanmar Book Center) ၏ ကူညီမှုဖြင့် ယခုနှစ် ဇန်နဝါရီလ အတွင်း စတင် အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဦးအောင်မော်က “ ဒီစာကြည့်တိုက်မှာ တချို့ စာအုပ်တွေက ရှားပါး စာအုပ်တွေ၊ စာတမ်းတွေ အကုန် ရှိတယ်။ နိုင်ငံတကာမှာ ရှိတဲ့ ထုတ်ဝေသူတွေက ဒီလိုထွက်သမျှ စာအုပ်တွေကို e-Book လုပ်ပြီး၊ နိုင်ငံတကာမှာ ရှိတဲ့ ကျောင်းတွေ တက္ကသိုလ်တွေကို ရောင်းတယ်။ အဲဒီကနေ ပြန်ဝယ်ပြီး ဒီလို စာကြည့်တိုက် ဖွင့်တာပါ။ ဒီအတွက် ကုန်ကျစရိတ်က တနှစ်ကို ဒေါ်လာ သောင်းဂဏန်းလောက် အထိ ကုန်ကျစရိတ် ရှိပါတယ်” ဟု ဆိုသည်။
“ဒီ Resource Center က အခုမှ ဖွင့်တယ်ဆိုတော့ သိပ်ပြီး တွင်တွင်ကျယ်ကျယ်တော့ မသုံးဖြစ်သေးဘူး။ ဒါပေမယ့် အရင်ကထက် စာရင် အများကြီး အထောက်အကူ ရမှာပါ” ဟု နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ် ဘွဲ့လွန် မာစတာတန်း တက်ရောက်နေသော ကျောင်းသူတဦးက ဆိုသည်။
ယခင် အစိုးရ လက်ထက်က ရန်ကုန်မြို့ IBC ခန်းမ အတွင်း အီလက်ထရွန်းနစ် စာကြည့်တိုက် အကောင်အထည် ဖော်ခဲ့သော်လည်း ကုန်ကျစရိတ် များပြားခြင်း၊ ပညာရေးဝန်ကြီး ဌာနအနေဖြင့် ဘတ်ဂျတ်ငွေ ရရှိမှု နည်းပါးမှုတို့ကြောင့် ဆက်လက် လုပ်ဆောင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်တက္ကသိုလ်ရှိ International Center of Excellence ကို အမေရိကန်နိုင်ငံ အခြေစိုက် John Hopkin တက္ကသိုလ်နှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်ထားပြီး မြန်မာ တနိုင်ငံလုံးရှိ တက္ကသိုလ် ဆရာ၊ ဆရာမများနှင့် စိတ်ပါဝင်စားသူ ၄၀ ဦးခန့် ရွေးချယ်ကာ နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ် သင်တန်းများကို ပြည်ပနိုင်ငံများမှ ဆရာများ ကိုယ်တိုင် ခြောက်လ တကြိမ် နှစ်စဉ် ပို့ချပေးလျက် ရှိနေကြောင်း သိရသည်။