ရခိုင်ပြည်နယ်၌ ပြဿနာများ တခုပြီးတခု ဖြစ်လာနေခြင်းသည် ရခိုင်ပြည်သူများအတွက် အထူး သတိထား နေထိုင်ရမည့် အခြေအနေ ဖြစ်ပါသည်။
အခုရက်ပိုင်းအတွင်း နိုင်ငံတကာ NGO ဝန်ထမ်း အမေရိကန် အမျိုးသမီးတဦးက ၎င်းတို့၏ ရုံးတွင်လွှင့်ထူ ထားသည့် သသနာ့ အလံအား ဖြုတ်ချမှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခသည် ကျယ်ပြန့်သွားသည့်အပြင် အပြစ်မရှိသော ကလေးငယ် တဦး၏ အသက်ကိုပါ ပေးဆပ်လိုက်ရသည်။
ပြဿနာများ ဆက်တိုက်ဖြစ်ပွားနေခြင်း၏ နောက်ကွယ်တွင် လှုံ့ဆော်နေသည့် အဖွဲ့အစည်းတရပ် သို့မဟုတ် စွမ်းအားရှင်၊ သို့မဟုတ် လူမိုက်ဂိုဏ်း ကဲ့သို့ အုပ်စုတစုကို မွေးမြူ၍ လှုပ်ရှားခိုင်းစေမှုများ ရှိနေသလားဟုလည်း သံသယဖြစ်မိပါသည်။
၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရခိုင်-ဘင်္ဂါလီ(မွတ်စလင်)အရေးအခင်း ဖြစ်ပွားချိန်မှစ၍ ရခိုင်ဒေသတွင်း၌ ပြဿနာများ လုံး၀ ငြိမ်းအေးမှု မရှိဘဲ တခုမဟုတ်တခု ဖြစ်ပွားနေသည်မှာ သမားရိုးကျ မဟုတ်ဟု ယူဆပါသည်။
အမျိုးသားရေးနှင့် ဘာသာရေးကို မျက်စိစုံမှိတ် ဦးစားပေးလွန်းသည့် ရခိုင်မျိုးချစ် တချို့ကြောင့်ပင် နိုင်ငံရေး အမြတ်ထုတ်လို သူများ၊ ပုဂ္ဂိုလ်ရေး ကျော်ကြားလိုသူများက ရခိုင်ဒေသအား အသုံးချစရာ နေရာတခုအဖြစ်ရှုမြင်လာပြီး ဘာသာရေးကို ခုတုံး လုပ်၍ နိုင်ငံရေး လှုပ်ရှားမှု အသွင်ဆောင်သည့် လှုပ်ရှားမှုတချို့ လုပ်ဆောင်လာကြသည်ကို သတိထားမိသည်။ သို့သော် ထိုအချက်အား သတိဖြင့် စောင့်ကြည့်သည့် ရခိုင်အမျိုးသားရေး ခေါင်းဆောင် တချို့သာရှိပြီး အများစုကမူ အလေး ထားမှု မရှိကြပေ။
ရခိုင်ဒေသ၏ လက်ရှိ အခြေအနေ အရပ်ရပ်သည် ထိလွယ်ရှလွယ်သည့် အနေအထား ဖြစ်နေ၍ မျိုးချစ်များ အနေဖြင့် မျက်စိ ဖွင့်၊ နားဖွင့်၍ အထူး သတိထား လုပ်ဆောင်ရမည့် အချိန်လည်း ဖြစ်သည်ဟု ဆိုချင်သည်။ ၂၀၁၅ ရွေးကောက်ပွဲ ပြီးသည်အထိ ရခိုင်ဒေသ၌ ပြဿနာများ ဖြစ်ပွားလာနိုင်ဖွယ် ရှိပါသည်။
ရခိုင်လူမျိုးများသည် အမျိုးသားရေးနှင့် ဘာသာရေးကို အလေးထားသည့် လူမျိုးအဖြစ် အများက လက်ခံထားပြီး ဖြစ်သည်။
ရခိုင်ဒေသတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများသည် ရခိုင်လူမျိုးများ မျိုးမစောင့်၍ ဖြစ်ပွားနေခြင်း မဟုတ် ဆိုသည်ကို အားလုံး က သိရှိပြီးဖြစ်သော်လည်း မျိုးစောင့်တရားများကိုသာ ဟောကြားနေကြသည်မှာလည်း စဉ်းစားစရာပင်။ ဆရာတော်၊ သံဃာတော် တချို့က ပြီးခဲ့သည့်နှစ် အတွင်းကလည်း မျိုးစောင့်တရားများ ဟောခဲ့ ကြပါသည်။ မန္တလေးမှ ဦးဝီရသူသည်လည်း ယခုလဆန်းပိုင်းတွင် ရခိုင်ပြည်နယ် မြို့ အများအပြားသို့ လှည့်၍ မျိုးစောင့်တရား ဟောကြားခဲ့ သေးသည်။
ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ဒေသများ၌ ဟောမည့် တရားသည် ငြိမ်းချမ်းရေး တရားဟုသာ အမည် ပေးသင့်ပါသည်။ ဒုက္ခမျိုးစုံ ကြုံတွေ့ခံစားနေကြရသည့် အခြေအနေတွင် ရခိုင်ပြည်သူများသည် မိမိတို့ စိတ်ဒဏ်ရာများ ပြေပျောက်စေရန် မည်သည့် တရားကို ဟောသည်ဖြစ်စေ နာယူရန် အဆင်သင့်ဖြစ်နေကြသည်။ အများစုမှာ ဘာသာရေးကို နိုင်ငံရေးနှင့်ရော၍ စဉ်းစားခြင်း မရှိ၊ စိတ်ဝင်စားမှု မရှိကြပါ။ သို့သော် ရခိုင်လူမျိုး အများစုသည် အမျိုးသားရေး၊ ဘာသာရေးနှင့်ပတ်သက်လျှင် သွေးဆူလွယ်ခြင်း၊ မျိုးချစ်စိတ်ဓာတ် လွန်ကဲခြင်း တို့ကြောင့်ပင်လျှင် လှုံ့ဆော်ရလွယ်ကူသည်ဟု ဆိုရမည်ဖြစ်သည်။
အစိုးရ အာဏာပိုင် အဆက်ဆက်သည် နိုင်ငံရေးကို ဘာသာရေးနှင့်ရော၍ အသုံးချခဲ့သည့် သာဓကများ ရှိခဲ့သည်။ သို့ဖြစ်၍ ရခိုင်ဒေသတွင်း မျိုးစောင့် တရားများ ဟောခဲ့ကြသည့် ဆရာတော်၊ သံဃာတော်များ၏ နောက်ကွယ်တွင်လည်း နိုင်ငံရေး ပယောဂ ကင်းမကင်းနှင့် မည်သူများ ရှိနိုင်မည်နည်းဟု မေးခွန်း ထုတ်သူများလည်း ရှိနေသည်။ မျိုးစောင့် တရားဟောခြင်းသည် အနောက်တံခါးကို ကာကွယ်ရန်ဟု မြင်သူများလည်း ရှိသည်။ အနောက်တံခါး အမှန် တကယ် ကျိုးပျက်ခဲ့သည်မှာ ဆယ်စုနှစ်များပင် ကျော်လွန်နေပြီ ဖြစ်သည်။
စစ်အစိုးရအဆက်ဆက် အုပ်ချုပ်ခဲ့စဉ်ကလည်း အနောက်တံခါးကို စိတ်ကြိုက်ဖွင့်၍ လာဘ်ပေး လာဘ်ယူမှုများ လုပ်ဆောင်ခဲ့ကြသည်။ သို့သော် အကြောက်တရားဖြင့် ဖိနှိပ်အုပ်ချုပ်နေသည့် စစ်အစိုးရ လက်ထက်၌ မည်သည့် မျိုးချစ် ပုဂ္ဂိုလ်ကမျှ ဝေဖန်မှု၊ ကန့်ကွက်မှု မလုပ်ရဲခဲ့ကြပေ။
စစ်အစိုးရ ကျောထောက် နောက်ခံပြုထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေး ပါတီ)သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၎င်းတို့ အနိုင်ရရေး အတွက် နိုင်ငံသား မဟုတ်သည့် ရခိုင်ပြည်တွင်းက ဘင်္ဂါလီ ၅ သိန်းကျော်ကို အဖြူရောင် ကတ်များ ထုတ်ပေး၍ ပါတီ ထောင်ခြင်း၊ မဲပေးခြင်းများ လုပ်ဆောင်နိုင်ရန် စီစဉ်ပေးခဲ့ကြသည်။
လက်ရှိ အာဏာရ ကြံ့ခိုင်ရေးပါတီသည် ရခိုင်ဒေသ၌ အနိုင်ရရှိရန် နည်းလမ်းစုံဖြင့် ကြိုးပမ်းခဲ့သော်လည်း ၎င်းတို့မျှော်မှန်း သည့် အတိုင်း ဖြစ်မလာခဲ့ပေ။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီကသာ ကိုယ်စားလှယ်နေရာအများစု အနိုင်ရခဲ့ သည်။ ထို့ကြောင့်ပင် ရခိုင် ပြည်နယ်၏ ကြံ့ခိုင်ရေးပါတီ တာဝန်ခံ တချို့သည် ရခိုင်ပါတီ အပေါ် မလိုမုန်းထားမှုများ ရှိခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်သူများသည်လည်း ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း၊ လျှပ်စစ်မီး ရရှိရေး၊ စစ်တပ်သိမ်း လယ်မြေများ ပြန်လည်ရရှိရေး၊ ဒေသထွက် သယံဇာတများကို ရခိုင်ပြည်သူများ အကျိုးခံစားခွင့်ရရေး စသည့် အရေးများ အပြင် ပညာရေး၊ စီးပွားရေး တို့ကို လည်း မလုပ်ဆောင်နိုင်ကြတော့ပေ။
ရခိုင်ပြည်နယ်အား စစ်အာဏာရှင်များ အုပ်ချုပ်ခဲ့သည့် ကာလများ၌ လယ်သိမ်း၊ ယာသိမ်းပြီး ခြိမ်းခြောက် အုပ်ချုပ်မှု၊ အလုပ်လက်မဲ့ ပြဿနာများ စသည့် အဘက်ဘက်မှ ချွတ်ယွင်းလာမှုကြောင့် ရခိုင်လူမျိုးများသည် မိမိတို့ ဒေသအားစွန့်ခွာ၍ စီးပွားရေး၊ ပညာရေး၊ အလုပ်အကိုင် ရရှိရေးတို့အတွက် ရေကြည်ရာ မြက်နုရာ ဒေသ အသီးသီးသို့ ထွက်ခွာသွားကြသည်။
ရန်ကုန်မြို့အပါအဝင် မြန်မာပြည် အနှံ့အပြားနှင့်ပြည်ပ နိုင်ငံအသီးသီးသို့ ထွက်ခွာသွားကြ၍ ရခိုင်ဒေသ၌ ယခုအခါ သက်ကြီး ရွယ်အိုများ၊ ကလေးသူငယ်များနှင့် အမျိုးသမီးတချို့သာ ကျန်ပါတော့သည်။ တချို့သော ကျေးရွာများ၌ အမျိုးသားများ မရှိတော့၍ အသုဘ အလောင်းကို အမျိုးသမီးများ ကိုယ်တိုင် ထမ်းပိုး၍ သချုႋင်း သို့ ပို့ဆောင် သင်္ဂြိုဟ် နေကြသည့် ဓာတ်ပုံများကိုလည်း ဝမ်းနည်းဖွယ်ရာ မြင်တွေ့လာရသည်။ ရခိုင် ပညာတတ်အများစုသည်လည်း မိမိတို့ ပညာနှင့်လိုက်လျောညီထွေဖြစ်မည့် အလုပ်အကိုင် ရရှိရေး၊ ပညာ ဆက်လက် သင်ကြားရေးတို့ အတွက် ရန်ကုန်မြို့နှင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာသွားကြသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိနေထိုင်သည့် လူဦးရေ ၃ သန်းကျော်ရှိသည်ဟု အစိုးရ၏ ၂၀၁၁ စာရင်းများက ဖော်ပြ ထားသည်။ ပြည်တွင်း၊ ပြည်ပ နိုင်ငံ အသီးသီးရှိ ရခိုင်လူမျိုး လူဦးရေ စုစုပေါင်းသည် ၅ သန်းကျော် ရှိသည်ဟု ခန့်မှန်းထားကြသည်။
အစိုးရက ရခိုင်ဒေသထွက် သစ်၊ ဝါး၊ ပင်လယ်ထွက်ကုန်၊ လယ်ယာထွက်ကုန် ပစ္စည်းများနှင့် ရွှေသဘာ၀ ဓာတ်ငွေ့ စီမံကိန်း အပြင် ဒေသထွက် သယံဇာတ ပစ္စည်းများကို နိုင်ငံတကာသို့သာ ရောင်းစားလျက်ရှိသည်။ သို့သော် ရခိုင်ပြည်နယ်တွင် စက်ရုံ အလုပ်ရုံ တခုမှ မရှိပေ။ ဝန်ထမ်း ဦးရေ အနည်းငယ်နှင့် ပုံမှန် မလည်ပတ်နိုင်သည့် ကျောက်တော် သကြားစက်အဟောင်း တခုတည်းသာ ရှိနေသည်မှာလည်း ထူးဆန်းဖွယ်ရာ ဖြစ်နေသည်။ ကျောက်ဖြူစီမံကိန်းကဲ့သို့ စီမံကိန်းတချို့ အကောင် အထည် ဖော်နေသည့်တိုင် ဒေသခံ ပြည်သူများ အနေဖြင့် အောက်ခြေသိမ်း အလုပ်ကြမ်းသမား အဆင့်ကိုပင် ရရှိရန် မလွယ် ကူပေ။
ဒေသ အသီးသီးသို့ ရောက်နေသည့် ရခိုင်ပညာတတ်များ၊ လူငယ်များ၊ ရခိုင်လူမျိုးများသည် မိမိတို့ ဒေသကို ပြန်လိုကြသည့်တိုင် အလုပ်အကိုင် ရှားပါးမှုကြောင့် ပြည်တော်ပြန်ရန် အခက်အခဲများရှိနေပြီး အခွင့်အလမ်းများ ဖြစ်ပေါ်လာပါက အဝေးရောက် ရခိုင်လူမျိုး အများစုမှာ အိမ်ပြန်ရန် အဆင်သင့်ရှိနေသည်။
ရခိုင်ဒေသ၌ လူဦးရေ ၃ သန်းကျော်အနက် ဘင်္ဂါလီ ဦးရေသည် တသန်းဝန်းကျင်အထိ ရှိသည်ဟု အစိုးရက ဆိုသည်။ အစိုး ရ အာဏာပိုင်များက ဘင်္ဂါလီများကို ရခိုင်ဒေသမှလွဲ၍ တခြားမည့်သည့် ဒေသသို့မျှ သွားရောက်ခွင့်မပြုဘဲ ပိတ်လှောင် ထား သည်။ ဘင်္ဂါလီများအား တနေရာတည်း၌ စုပြုံ လှောင်ပိတ်ထားခြင်းကပင် ပဋိပက္ခ ဖြစ်ပွားရန် မွေးထားသည်နှင့် တူနေသည်။ ရခိုင် လူမျိုးများကလည်း ထိုသို့ ယုံကြည်ထားကြသည်။ အလားတူ ပဋိပက္ခများ ဖြစ်ပွားကာ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု စသည့်အရာရာ ကွဲပြားသော လူမျိုး ၂ ခု ကို အတူ ယှဉ်တွဲ နေထိုင်ရန်လည်း ယခုအခြေအနေတွင် မလွယ်ကူသေးပါ။
အချုပ်အားဖြင့်ဆိုရလျှင် ရခိုင်ပြည်တွင်း၌ ပြဿနာ အရပ်ရပ်သည် ဥပဒေကြောင်းအရ ဖြေရှင်းရမည့် ကိစ္စဖြစ်၍ စိတ်ခံစားမှုအတိုင်း မလုပ်ဆောင်မိစေရန် အရေးကြီးပါသည်။ ထို့အတူ အမြင်မတူ ကွဲပြားနေကြသည့် ရခိုင်နိုင်ငံရေး ခေါင်းဆောင်များ၊ ပါတီများ၊ အဖွဲ့အစည်းများသည် မတူညီသည်များကို ဘေးဖယ်၍ လုပ်ဆောင်ကြရန် အရေးကြီးသည့်အချိန်အခါဟုလည်း ဆိုရမည်ဖြစ်သည်။
ရခိုင်ပြည်နယ်၏ လက်ရှိ ပဋိပက္ခများသည် အတိမ်းအစောင်း မခံနိုင်သည့် အခြေအနေဖြစ်နေ၍ ငါနှင့်မတူ ငါ့ရန်သူဟု သဘောထားများ ကိုင်စွဲ၍ စည်းလုံးမှု၊ ညီညွတ်မှု အားနည်းနေမည် ဆိုပါက ဆင်းရဲတွင်းနက်နေသော ရခိုင်ပြည်သည် နာလန်ပြန်ထူနိုင်မည် မဟုတ်တော့ချေ။