ရခိုင်ပြည်နယ် စစ်တွေမြို့၌ ယခုရက်ပိုင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း လုံခြုံရေး တပ်ဖွဲ့၏ လူစုခွဲ ပစ်ခတ်မှုကြောင့် အသက် ၁၃ နှစ်အရွယ် မိန်းကလေး တဦး သေနတ် ထိမှန် သေဆုံး သွားကြောင်း သိရသည်။
မငြိမ်းမ အမည်ရှိ မိန်းကလေးသည် မတ်လ ၂၇ ရက်က နေအိမ်တွင်း၌ ရှိနေစဉ် ၎င်း၏ နေအိမ်အနီးရှိ ကမ္ဘာ့ စားနပ်ရိက္ခာ အစီ အစဉ် အဖွဲ့(WFP)၏ ပစ္စည်း သိုလှောင်ထားသော ဂိုဒေါင်အား ဖျက်ဆီးနေသည့် လူစုအုပ်စုကို ရဲတပ်ဖွဲ့ဝင်များက ပတ်ခတ် လူစုခွဲရာတွင် ကျည်ဆန် ထိမှန်ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ ပြောခွင့်ရသူ ဦးဝင်းမြိုင် က ဧရာဝတီ ကို ပြောသည်။
၎င်းက“သေဆုံးတဲ့ ကလေးအိမ်က WFP ဂိုဒေါင်နဲ့နီးတော့ သေနတ်ကျည်ဆန်က အိမ်ထဲကို မတော်တဆ ရောက်သွားပြီး ထိမှန်သွားတာပါ”ဟု ပြောပြသည်။
ကျည်ဆန်သည် မငြိမ်းမ၏ ဝမ်းဗိုက်မှ နောက်ကျောအထိ ဖောက်ထွက်သွားခဲ့ကြောင်း၊ ယနေ့တွင် သင်္ဂြိုဟ်ပြီးဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သည့် စစ်တွေ ဒေသခံတချို့က ဧရာဝတီ ကို ပြောသည်။ မငြိမ်းမသည် ယနေ့ နံနက် ၄ နာရီ ဝန်းကျင်တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“မငြိမ်းမ က အိမ်ထဲမှာ သူ့မိသားစုနဲ့ အတူရှိနေတာပါ၊ သေနတ် ကျည်ဆန်က ဗိုက်ဖောက်ထွက်သွားတော့ သွေးထွက်တာ များတော့ ကလေးက မခံနိုင်တာလည်း ပါမယ်”ဟု မိသားစုနှင့်နီးစပ်သည့် ဒေသခံ တဦးက ပြောဆိုသည်။
မငြိမ်းမ၏ ရုပ်အလောင်းအား ယနေ့ မွန်းလွဲပိုင်း ၃ နာရီ တွင် စစ်တွေ နာရေး ကူညီမှုအသင်း က ကူညီ၍ သင်္ဂြိုဟ် ပေးခဲ့ကြောင်း စစ်တွေ နာရေး ကူညီမှု အသင်းမှ ဦးကျော်ဇံ က ဧရာဝတီ ကိုပြောသည်။
ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုသည် WFP ၏ ဂိုဒေါင် ဖျက်ဆီးနေသည့် လူအုပ်စုကို ပစ်ခတ် လူစုခွဲခြင်းသာ ဖြစ်ကြောင်း၊ ကလေး သေဆုံးရခြင်းမှာလည်း မတော်တဆထိမှန် သေဆုံးခြင်းသာ ဖြစ်ကြောင်း ဦးဝင်းမြိုင်က ပြောသည်။
၎င်းက “ကလေးမိသားစုကို တာဝန်ရှိသူတွေက ကူညီပေးနေပါတယ်၊ ဂိုဒေါင် ဖျက်ဆီးသူတွေကိုလည်း ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာပါ”ဟု ဆိုသည်။
မငြိမ်းမ၏ ကျန်ရစ်သူ မိသားစုအား ပြည်နယ် အစိုးရ အာဏာပိုင်များက ကျပ် ၅ သိန်း ထောက်ပံ့ ပေးကြောင်းလည်း သိရသည်။
စစ်တွေ ပဋိပက္ခသည် မာတေဇာ (NGO ) အဖွဲ့မှ အမေရိကန်သူ တဦးသည် ၎င်းတို့ ငှားရမ်းနေထိုင်သည့် နေအိမ်တွင် လွှင့်ထူ ထားသော သာသနာ့အလံကို ဖြုတ်ချ၍ မလေးမစား လုပ်သည်ဟုဆိုကာ မတ်လ ၂၆ ရက်နေ့ည က ရုန်းရင်း ဆန်ခတ်မှု ဖြစ်ပွားခဲ့ရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။
အလံဖြုတ်ချမှုကို မကျေနပ်ရာမှ စတင်ခဲ့သည့် ပဋိပက္ခသည် ပြီးဆုံးမသွားဘဲ နောက်နေ့တွင် ဆက်လက်ဖြစ်ပွားခဲ့သည်။
ရာဂဏန်းခန့် ဒေသခံများ က စစ်တွေ မြို့ရှိ NGO ရုံးများရှိသည့် နေအိမ်များအား ခဲများဖြင့်ပစ်ပေါက်ပြီး ပစ္စည်းသိုလှောင်ရုံ တချို့ကို ဖျက်ဆီးခဲ့ကြကြောင်း၊ သို့ဖြစ်၍ သေနတ်ဖြင့် အချက် ၁၀၀ ခန့် ပစ်ဖောက် ၍ လူစုခွဲခဲ့ရကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာ များ၌ ရေးသားထားသည်။
ထို့အတူ ပြည်တော်သာ ရပ်ကွက်ရှိ WFP ဂိုဒေါင်အား တုတ်များ၊ ခဲများဖြင့် ပစ်ပေါက် ဖျက်ဆီးခဲ့ကြသည့်အတွက် သေနတ် ၁၅ ချက် ခန့် ပစ်ခတ် လူစုခွဲခဲ့ရကြောင်း၊ စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သတင်း စာ များတွင် ဖော်ပြထားသည်။
ရခိုင်ဒေသ အခြေစိုက် မာတေဇာ အပါအဝင် နိုင်ငံတကာ NGO တချို့သည် ရခိုင်နှင့်ဘင်္ဂါလီ ဒုက္ခသည်များ အနက် ဘင်္ဂါလီများကိုသာ ဘက်လိုက်သည်ဟုဆိုပြီး ရခိုင်ပြည်နယ်က ထွက်ခွာသွားရန် ဆန္ဒပြတောင်းဆိုမှုများလည်း ဖြစ်ပွားခဲ့သည်။
ဒေသခံများ၏ တောင်းဆိုမှုကြောင့် မာတေဇာနှင့် NGO တချို့အား လုပ်ငန်းများ ရပ်ဆိုင်းရန် အစိုးရ က ဆောင်ရွက်ခဲ့ကြောင်း၊ အဖွဲ့ဝင် တချို့သည် ၎င်းတို့၏ ကိစ္စများရှိနေသေး၍ ကျန်ရှိနေခြင်း ဖြစ်ကြောင်း ဦးဝင်းမြိုင် က ပြောသည်။
စစ်တွေမြို့ရှိ NGO အဖွဲ့ဝင် အများစုသည် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိသွားကြပြီး ကျန်နေသူ တချို့ကို အာဏာပိုင်များက စောင့်ရှောက်ပေးထားကြောင်းလည်း ဦးဝင်းမြိုင်က ပြောဆိုသည်။