ထိုင်းနိုင်ငံရောက် လေးနှစ်သက်တမ်း ပြည့်သွားတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ယာယီ နိုင်ငံကူး လက်မှတ်တွေကို နောက်ထပ် ရက်ပေါင်း ၁၈၀ (၆) လ သက်တမ်း တိုးပေးဖို့ ထိုင်းအစိုးရက ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။
ထိုင်းဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်တဲ့ မတ်လ ၂၅ ရက်က ဝန်ကြီးများ အစည်း အဝေးမှာ ထိုင်းနိုင်ငံရှိ မြန်မာအပါအဝင် လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံတို့က ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ပြဿနာ ဖြေရှင်း ရေး နည်းလမ်းတွေ ဆွေးနွေးတဲ့အခါမှာ အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး အလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင် က “၂၅ ရက်က ထိုင်း ကက်ဘိနက် အစည်း အဝေးမှာ ဆုံးဖြတ်တယ်၊ ယာယီနိုင်ငံကူး လက်မှတ် လေးနှစ် သက်တမ်း ပြည့်သွားတဲ့ အလုပ်သမားတွေ၊ ဗီဇာ မရှိဘဲ တရားဝင် နေထိုင်ခွင့် ရဖို့အတွက် လုပ်ပေးတဲ့ ပုံစံမျိုးပေါ့”ဟု သူက ဧရာဝတီကို ပြောပါတယ်။
၂၀၁၄ ခုနှစ် အတွင်း သက်တမ်း ကုန်ဆုံးမယ့် မြန်မာ အလုပ်သမား ဦးရေ ၁၇ သိန်း ရှိနေတယ်လို့ သိရပြီး အခု ထုတ်ပြန် လိုက်တဲ့ သက်တမ်းကုန် ယာယီ နိုင်ငံကူး လက်မှတ်တွေကို ၆ လ သက်တမ်း တိုးပေးဖို့ ထိုင်းအစိုးရက သတင်း ထုတ်ပြန်ပြီး ဖြစ်တဲ့အတွက် မြန်မာသံရုံး အနေနဲ့ ရွှေ့ပြောင်း မြန်မာ အလုပ်သမားတွေ အကြား သီးသန့် ထုတ်ပြန် ပေးသွားဖို့ အစီအစဉ် မရှိဘူးလို့ ဦးကျော်ကျော်လွင်က ပြောပါတယ်။
၂၀၀၉ ခုနှစ်က စတင် ထုတ်ပေးခဲ့တဲ့ ၄ နှစ် သက်တမ်းရှိ ယာယီနိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူတွေဟာ အခု နှစ်ဆန်း ပိုင်း က စတင်ပြီး သက်တမ်း ကုန်ဆုံးသူတွေ ရှိကြပြီ ဖြစ်ပေမယ့် ထိုင်းအစိုးရ အနေနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ယခုကိစ္စကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ကလေးတွေ အတွက် ပညာရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေတဲ့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။
သက်တမ်း ကုန်ဆုံးသွားကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ ဘာဆက်လုပ်ရမှန်း မသိဘဲ ဖြစ်နေပြီး ထိုင်းရဲ တွေရဲ့ ဖမ်းဆီး ငွေညှစ်မှု သာမက ထိုင်း-မြန်မာ နယ်စပ်သို့ ပြန်ပို့မှု အပါအဝင် ဒုက္ခ အမျိုးမျိုး ကြုံတွေ့ နေကြရတဲ့ အချိန်မှာ ထိုင်းအစိုးရက အခုလို ၆ လ သက်တမ်း တိုးပေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုတယ်လို့ သူက ပြောပါတယ်။
“ကြိုဆိုတယ်ဗျာ၊ သက်တမ်း ကုန်သွားတဲ့ ကျနော်တို့ မြန်မာအလုပ်သမားတွေက တရားမဝင်အလုပ်သမား ပုံစံတွေ ဖြစ်သွား ပြီးတော့ ပြန်ရ မလိုလို၊ ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေတဲ့ အချိန်မှာ အခုလိုမျိုး ၆ လ သက်တမ်း တိုးပေးလိုက်တာ အလုပ် သမားတွေအတွက် အများကြီး ကောင်းပါတယ်၊ ဒီလိုမှ မဟုတ်ရင် မြန်မာ အလုပ်သမားတွေ အနေနဲ့ တရားဝင်ကနေ တရား မဝင် အလုပ်သမားတွေ ဖြစ်ကုန်မယ်”လို့ ဦးထူးချစ် က ပြောပါတယ်။
မတ်လ ၅ ရက်က ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနရဲ့ ကြေညာချက် မှာ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ လေးနှစ်သက်တမ်း ကုန်ဆုံးသွားတဲ့ ယာယီနိုင်ငံကူး လက်မှတ် တွေအစား နိုင်ငံသားအဖြစ် စနစ်တကျ စိစစ်အတည်ပြုမယ့် သာမန်နိုင်ငံကူး လက်မှတ်ကို ပြောင်းလဲ ကိုင်ဆောင်ရမှာ ဖြစ် တယ်လို့ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။
သန်းခေါင်စာရင်း၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား (မှတ်ပုံတင်) နဲ့ အလုပ်ရှင် အလုပ်သမား သဘောတူ စာချုပ်တို့ အပါအဝင် အချက်ပေါင်း ၁၀ ချက် ပါဝင်တဲ့ လျှောက်လွှာကို ယာယီ နိုင်ငံကူး လက်မှတ် သက်တမ်း မကုန်ဆုံးမီ ၆ လ အလိုမှာ ကြိုတင် လျှောက်ထား ရမယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ယင်း ၆ လ ကာလ အတွင်းမှာ သက်တမ်း ကုန်ဆုံးနေတဲ့ မြန်မာ အလုပ်သမားတွေ အတွက် အာမခံချက် ရှိမရှိ ကိုတော့ ထုတ်ပြန် မထားပါဘူး။
ထိုင်း အစိုးရက အလုပ်သမားတွေရဲ့ ၄ နှစ် သက်တမ်း ကုန်ဆုံးသွားတဲ့ ယာယီ နိုင်ငံကူး လက်မှတ်တွေကို ၆ လ သက်တမ်း တိုးပေးမယ့် အစီအစဉ်ကို ရွှေ့ပြောင်း မြန်မာ အလုပ်သမားတွေ အများစု သိရှိနိုင်အောင် ထုတ်ပြန် ကြေညာခြင်းနဲ့ အသိပေး လှုံ့ဆော်မှုတွေ မရှိတဲ့ အတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ မြန်မာအစိုးရ တို့ကို ဝေဖန်မှုတွေ ရှိနေပါတယ်။
“ဒီက အလုပ်သမားတွေနဲ့ ပတ်သက်ရင် မြန်မာအစိုးရ အနေနဲ့ အသိပေးမှု၊ ပညာပေးမှု တော်တော်လေးကို စနစ်မကျမှု၊ နှေးကွေးမှုတွေ အမြဲတမ်း မြင်နေရတယ်ဗျ၊ ကျနော်တို့လည်း အမြဲတမ်းသူတို့ကို ပြောပါတယ်၊ ကျနော်တို့ ကိုယ်တိုင်က ထိုင်းနိုင်ငံ ရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကာကွယ်ပေးရေး ကော်မတီထဲမှာ ပါတာတောင်မှ အစိုးရ ထုတ်တဲ့ ပြန် တမ်း တွေ ကျနော်တို့ဆီ ရောက်တာ နောက်ကျတာတွေ ရှိတယ်”လို့ ဦးထူးချစ်က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား စုစုပေါင်း ၃ သန်းခန့် ရှိပြီး ၂၀၀၉ ခုနှစ်က စတင် လုပ်ပေးခဲ့တဲ့ ယာယီ နိုင်ငံကူး လက်မှတ် အစီအစဉ်မှာ ၁၇ သိန်းပဲ လုပ်နိုင်ကြတယ်လို့ သိရပါတယ်။
ယာယီ နိုင်ငံကူး လက်မှတ် မလုပ်နိုင်သူတွေထဲမှာ အစိုးရ စစ်တပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွ့ဲတွေရဲ့ တိုက်ပွဲ ကြားမှာ တိမ်းရှောင် လာခဲ့ရတဲ့ ဒုက္ခသည်တွေလည်း ပါဝင်ပြီး အများစုမှာ အိမ်ထောင်စု စာရင်းနဲ့ နိုင်ငံသား စိစစ်ရေး ကတ်ပြား မရှိကြသူတွေ များတယ်လို့ အလုပ်သမား အရေး ကူညီ လှုပ်ရှားနေတဲ့ အဖွဲ့တွေက ပြောပါတယ်။