ပြီးခဲ့တဲ့ မတ်လ ၂၇ ရက် တပ်မတော်နေ့က နေပြည်တော် ဘုရင့်နောင် ရိပ်သာမှာ ထူးခြားတဲ့ အခမ်းအနား တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အခန်းအနားကတော့ အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်တွေ၊ တပ်မတော် အရာရှိကြီးတွေနဲ့ ဇနီးတွေကို လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော် ထိပ်ပိုင်း အရာရှိကြီးတွေ၊ သူတို့ရဲ့ ဇနီးတွေက ဂါရ၀ ပြု ကန်တော့ကြတဲ့ ပွဲပါ။
ဆရာတော် သံဃာတော်ကြီးများကို ကန်တော့ကြသလို၊ ဆရာ၊ဆရာမတွေကို ကျောင်းသားကျောင်းသူတွေက ကန်တော့ကြသလို ရိုရိုသေသေ လေးလေးစားစား ကန်တော့ကြတဲ့ပွဲအဖြစ် မြင်တွေ့ကြရပါတယ်။ အဲဒီ ကန်တော့ခံ တပ်မတော်အရာရှိကြီးတွေထဲမှာ ဒု ဗိုလ်ချုပ်ကြီး ထွန်းကြည်လို အတင်းအကြပ် အငြိမ်းစားပေးတာ ခံလိုက်ရတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေလည်း ပါဝင်ပါတယ်။ အရင်ကတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် ဒီလို ဂါရ၀ ပြု ကန်တော့ကြတဲ့ပွဲမျိုး မတွေ့မမြင်ဖူးကြပါဘူး။ တပ်မတော် ဘာတွေ ပြောင်းနေပြီလဲ၊ တပ်မတော်ရဲ့ ခြေလှမ်း ဘာတွေ ဖြစ်နိုင်မလဲ ဆိုတာ ဆန်းစစ်တင်ပြသွားပါ့မယ်။
အဲဒီ အခန်းအနားမှာ ကန်တော့ခံသူတွေကတော့ အငြိမ်းစားတွေဖြစ်တဲ့ ဗိုလ်ချုပ်သူရစောဖြူ၊ ဒုဗိုလ်ချုပ်ကြီးမောင်မောင်ခင်၊ ဒုဗိုလ်ချုပ်ကြီးအေးသောင်၊ ဒုဗိုလ်ချုပ်ကြီး မျိုးညွန့် နဲ့ ဇနီး၊ ဒုဗိုလ်ချုပ်ကြီးထွန်းကြည်၊ ဒုဗိုလ်ချုပ်ကြီးသန်းညွန့်နဲ့ ဇနီး၊ ဒုဗိုလ်ချုပ်ကြီးသိန်းဝင်း၊ ဒုဗိုလ်ချုပ်ကြီးတင်ငွေ၊ ဒုဗိုလ်ချုပ်ကြီး တင်အေး၊ ဒုဗိုလ်ချုပ်ကြီးကျော်သန်း၊ ဒုဗိုလ်ချုပ်ကြီးညွန့်သိန်း၊ ဒုဗိုလ်ချုပ်ကြီး ကျော်ဝင်း၊ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၊ ဒုဗိုလ်ချုပ်ကြီးခင်မောင်သန်း၊ ဗိုလ်ချုပ်မြင့်ဆွေ တို့ ပါဝင်ပါတယ်။ ကန်တော့သူတွေကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နေပြည်တော်က တပ်မတော်အရာရှိကြီး အားလုံးနီးပါးပါ။
ဒါ့အပြင် ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကချင်ပြည်နယ် ပူတာအိုသွားစဉ် တပ်မိသားစုတွေကို သြဝါဒ စကားပြောကြားတဲ့ဆီမှာ နောက်ခံ အနေနဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ရဲ့ ပုံနဲ့ အတူ သူ့ပုံကိုလည်း ချိတ်ထားတာ တွေ့ကြရပါတယ်။ ဓာတ်ပုံချိတ်ထားပုံက အပေါ်ဆုံးမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ၊ အောက်မှာ ဗိုလ်ချုပ်နေဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်တို့ နှစ်ယောက်ပုံက ယှဉ်လျက်ရှိနေပြီး အဲဒီ အောက်ဆုံးမှာမှ လက်ရှိ ကာချုပ်ပုံကို ချိတ်ဆွဲထားတာ တွေ့ရပါတယ်။
ဒါနဲ့ ပတ်သက်ပြီး နောက်ထပ် သိနိုင်တာ တခုက မတ်လ ၂၇ ရက်နေ့က ကျရောက်တဲ့ တပ်မတော်နေ့အခန်းအနား မှာ ကာချုပ်မင်းအောင်လှိုင် ပြောတဲ့ မိန့်ခွန်းပါ။ အဲဒီမှာ တမင်ရည်ရွယ်ချက်ရှိရှိ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ရဲ့ မိန့်ခွန်းကောက်နှုတ်ချက်တွေကို ကိုးကား ထည့်သွင်းပြောသွားခဲ့တာ ကြားနိုင်ပါတယ်။
ဒါတွေအားလုံးရဲ့ အဓိပ္ပါယ်ကတော့ လက်ရှိ တပ်မတော်ဟာ စည်းလုံးညီညွတ်တဲ့ တပ်မတော် အဖြစ် ပုံဖော်လိုရင်းပဲ ဖြစ်ပါတယ်။ အရင် ဗိုလ်ချုပ်ကြီးနေဝင်းက ဗိုလ်ချုပ်အောင်ဆန်းကို သမိုင်းကနေ ဖျောက်ဖျက်ဖို့ အာဃာတ နဲ့ ကြိုးစားခဲ့တာ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗိုလ်ချုပ်ကြီးဟောင်းနေဝင်းကို ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့တာမျိုး သူတို့ခေတ်မှာ မလုပ်တော့ဘူး၊ အားလုံးကို ပြည်ဖုံးကားချလိုက်ပြီး၊ စည်းလုံးညီညွတ်တဲ့ တပ်မတော်သမိုင်း အစပြုနေပြီလို့ အားလုံးကို အချက်ပေးလိုက်ပုံလည်း ပေါက်ပါတယ်။ အရင်က ဘာဖြစ်ခဲ့ ဖြစ်ခဲ့ တပ်မတော်ဟာ တပ်မတော်ပဲ ဆိုတဲ့ သဘောပါ။
တကယ်တော့ စစ်တပ် ဆိုတာဟာ လက်ရှိ သေနတ်ကိုင် ယူနီဖေါင်းဝတ်ထားတဲ့ စစ်တပ် တစ်ခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး။ ယူနီဖေါင်း ချွတ်သွားပြီဖြစ်တဲ့ တပ်မတော် အရာရှိဟောင်းကြီးတွေ၊ စစ်တပ်ပိုင် များပြားလှတဲ့ စီးပွားရေး လုပ်ငန်းကြီးတွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ သားသမီး ဆွေမျိုးတွေရဲ့ များပြားလှတဲ့ ပိုင်ဆိုင်မှု၊ ကြွယ်ဝမှု၊ စီးပွားရေးလုပ်ငန်းတွေ၊ လက်ရှိ အစိုးရဌာန ဆိုင်ရာ အသီးသီးမှာ တာဝန်ယူနေကြတဲ့ စစ်ဗိုလ်ဟောင်းတွေ၊ နေရာ အသီးသီးကို ပျံ့နှံ့ရောက်ရှိနေတဲ့ စစ်မှုထမ်းဟောင်းတွေ အားလုံးကို ခေါ်တာပါ။ လက်ရှိ အကူးအပြောင်းကာလမှာ ယူနီဖေါင်းဝတ် စစ်တပ်ဟာ သူတို့ တပ်၊ သူတို့တပ်ပိုင် စီးပွားရေး၊ သူတို့ပိုင် ဥစ္စာဓန တင်မက အဲဒီ များပြားလှတဲ့ စစ်တပ် အသိုင်းအဝိုင်း လူပုဂ္ဂိုလ်တွေနဲ့ သူတို့ပိုင် ဥစ္စာဓန တွေကို ကာကွယ်ဖို့ တာဝန်ယူထားရတာ ဖြစ်ပါတယ်။ ဒီ တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ဖို့ ခုလို စည်းလုံးညီညွတ်မှု တည်ဆောက်နေတာ ဖြစ်ပါတယ်။
အိမ်ရှေ့မင်းသားလို ကြီးကျယ်ခန်းနားရာကနေ အဖမ်းခံရ၊ နေအိမ်အကျယ်ချုပ်ချ ခံရသည့်တိုင် အကျယ်ချုပ်က လွတ်မြောက်လာတာနဲ့ တို့တပ်မတော် ဆိုပြီး ကြွေးကြော်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်တို့၊ ဒု ဗိုလ်ချုပ်ကြီး ထွန်းကြည်တို့ကို ကြည့်ရင် ဒီ ဖြစ်ရပ်တွေကို နားလည်နိုင်ပါတယ်။
နောက်တစ်ချက် ခုလို လုပ်ရတာကလည်း စစ်ဗိုလ်ချုပ် အဟောင်းနဲ့ အသစ်တွေက ဦးစီးဖော်ဆောင်နေတဲ့ စစ်တပ် လွှမ်းမိုးသော ဒီမိုကရေစီ စနစ်နဲ့ ဈေးကွက်စီးပွားရေးကို ချီတက်ရာမှာ စစ်တပ်ရဲ့ အကျိုးစီးပွားတွေကို မထိခိုက်စေပဲ အောင်မြင်မှု ရစေဖို့ ဖြစ်ပါတယ်။ ၂၀၁၅ အလွန်ကာလမှာ အခန့်မသင့်ရင် အုပ်ချုပ်ရေးအာဏာ တပိုင်းတစ စစ်တပ်အရိပ်အာဝါသနဲ့ ကင်းလွတ်တဲ့ အရပ်သားစစ်စစ်တွေ လက်ထဲ ရောက်ကောင်း ရောက်သွားနိုင်ပါတယ်။ ပြည်နယ်နဲ့ တိုင်း အုပ်ချုပ်ရေးအာဏာ တစ်ချို့လည်း အဲလို ဖြစ်သွားနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးတွေ ဖြစ်လာရင်တောင် စစ်တပ်အသိုင်းအဝိုင်းနဲ့ စစ်တပ် အကျိုးစီးပွားတွေ မထိခိုက်အောင်၊ စစ်တပ်ဟာ သူ့စနစ်နဲ့သူ သီးခြားသွားနိုင်အောင် စနစ်တကျ တည်ဆောက်နေတာလည်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံ၊ ဒီမိုကရေစီ ရှိတဲ့ နိုင်ငံဆိုပေမယ့် စစ်တပ်နဲ့ စစ်တပ် အသိုင်းအဝိုင်း အကျိုးစီးပွားဟာ သီးခြားကင်းလွတ်စွာ တည်ရှိနေပါတယ်။ စစ်တပ်ကို အဓိက ပဲ့ကိုင်သူကတော့ ဘုရင့်အတိုင်ပင်ခံ ကောင်စီ အကြီးအကဲ အရင်ဗိုလ်ချုပ်ကြီးဟောင်း၊ ဝန်ကြီးချုပ်ဟောင်း ပရမ်တင်ဆူလာနွမ် နဲ့ ကောင်စီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အမြင့်ဆုံး အုပ်ချုပ်မှု အာဏာပိုင် အဖွဲ့အစည်းဟာ ကာလုံလို့ ခေါ်တဲ့ အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီ ဖြစ်ပါတယ်။ လောလောဆယ် စစ်တပ် အရေးအရာကို ဆုံးဖြတ်ရာမှာ အဲဒီ ကာလုံက အခရာကျတယ်လို့ ယူဆ နိုင်ပါတယ်။ ဒါပေမယ့် နောင်အခါ အဲဒီ ကာလုံထဲ အရပ်သားစစ်စစ်တွေ ဝင်လာနိုင်တာမို့ စစ်တပ်နဲ့ စစ်တပ် အကျိုးစီးပွားတွေကို ကာကွယ်သွားဖို့ ထိုင်းနိုင်ငံက ဘုရင့်အတိုင်ပင်ခံ ကောင်စီလို စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ ပေါ်ပေါက်မလာဘူး လို့ မပြောနိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် အခုနှစ် တပ်မတော်နေ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ မိန့်ခွန်းကိုကြည့်ရင် လောလောဆယ် တပ်တွင်းလှုပ်ရှားမှုတွေကိုကြည့်ရင် တပ်မတော်ဟာ စစ်ဗိုလ်ချုပ် အဟောင်းတွေနဲ့ပါ စည်းလုံးညီညွတ်မှု တည်ဆောက်နေတာ တွေ့နိုင်ပြီး နောင်လည်း အရပ်သား အုပ်ချုပ်မှုနဲ့ လွတ်ကင်းတဲ့ ကျယ်ပြန့်လှတဲ့ စစ်တပ် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်တဲ့ ပုံစံဖြစ်အောင် ကြိုးစားနေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
(စာရေးသူသည် ရန်ကုန် အခြေစိုက် သတင်းစာဆရာ တဦးဖြစ်သည်။ လတ်တလော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အဖြစ်အပျက်များ အပေါ် ဝေဖန် သုံးသပ်ချက် ဆောင်းပါးများကို အပတ်စဉ်ထုတ် သတင်း ဂျာနယ်များတွင် ရေးသားလျက် ရှိသည်။)