မြန်မာနိုင်ငံတွင် ၂၀၀၀ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ၁၃ နှစ် အတွင်း တရားမဝင် သစ်ခိုးထုတ်မှုတန်ဖိုး အမေရိကန် ဒေါ်လာ ၅ ဘီလီယံ ကျော်ရှိပြီး သစ်ခိုးထုတ်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် သဘာ၀ ပတ်ဝန်း ကျင် ဆိုင်ရာ စုံစမ်း စစ်ဆေးရေး အေဂျင်စီ (EIA) ၏ မတ်လ ၂၅ ရက်နေ့ထုတ်ပြန်သော အစီရင်ခံစာ အရ သိရှိရသည်။
မြန်မာနိုင်ငံတွင် အကျင့်ပျက်ခြစားမှုနှင့် ပွင့်လင်းမြင်သာမှုမရှိခြင်းတို့ကြောင့် သစ်တောများသည် စနစ်တကျ လုယူ ခံလိုက် ရကြောင်း၊ ၁၃ နှစ်အတွင်း အတွင်း နိုင်ငံခြားသို့ သစ်လုံး တင်ပို့မှု၏ ၂၈ ရာခိုင်နှုန်းသာလျှင် တရားဝင် တင်ပို့ ခြင်းဖြစ်ပြီး ၇၂ ရာခိုင်နှုန်း သော သစ်လုံးတင်ပို့မှုမှာ တရားမဝင် တင်ပို့မှုများ ဖြစ်ကြောင်း၊ သစ်ထုတ်လုပ်မှုတွင် ၅၃ ရာခိုင်နှုန်းသာ တရားဝင် ထုတ်လုပ်ခြင်း ဖြစ်ပြီး ၄၇ ရာခိုင်နှုန်းမှာ တရားမဝင် ထုတ်လုပ်ခြင်း ဖြစ်ကြောင်း၊ ၁၃ နှစ်အတွင်း တရားဝင် ခွင့်ပြုချက် မရှိဘဲ ၁၆ ဒသမ ၅ သန်း ကုဗမီတာ ခန့်ရှိ သစ်လုံးများ ခိုးထုတ်ခံရခြင်း ကြောင့် နိုင်ငံအတွက် ငွေ အမေရိကန် ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံ တန်ဖိုးခန့် နစ်နာ ဆုံးရှုံး ခဲ့ရ ကြောင်း ၊ ယင်းတန်ဖိုးသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ် တိုင်းပြည်၏ ကျန်းမာရေးနှင့် ပညာရေး အသုံးစရိတ် စုစုပေါင်း၏ လေးဆနှင့် ညီမျှကြောင်း အစီရင်ခံစာ တွင် ဖော်ပြထားသည်။
တရားမဝင် သစ်ခိုးထုတ်မှု အများဆုံးဖြစ်ပွားသော နေရာများမှာ နယ်စပ်ဒေသများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ကြီးစိုးရာ ဒေသများဖြစ်ပြီး တရားမဝင် ခိုးထုတ်ခံရသော ကျွန်းသစ်များ တရုတ်နိုင်ငံ ယူနန် ပြည်နယ် နှင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိသွားကြောင်း၊ မြန်မာ့ ကျွန်းသစ် ထုတ်လုပ်မှု ကဏ္ဍတွင် ဥပဒေနှင့် မညီညွှတ်မှုများ၊ အကျင့်ပျက် ခြစားမှုများ ခိုင်ခိုင်မာမာ ရှိနေကြောင်း အစီရင်ခံစာက ဖော်ပြပြီး သစ်ခိုးထုတ်မှု ရရှိသော အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာသည် မြန်မာ အစိုးရ ငွေစာရင်းထဲသို့ မရောက်ရှိဘဲ အဘယ့်ကြောင့် ပျောက်ဆုံးနေရသနည်းဟု မေးခွန်း ထုတ်ထားသည်။
နေပြည်တော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တော ဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ ညီညီကျော်က “တပြည်လုံးမှာတော့ ဟိုနားက ခိုးတယ်။ ဒီနားက ခိုးတယ်။ ကျနော်တို့လည်း ဖမ်းနေတယ်။ အဲဒါက Illegal(တရားမဝင်) ပေါ့။ သူတို့ Report ကို မှားတယ်လို့ မပြောချင်ပေမယ့် ကျနော်တို့က အစိုးရက တရားဝင် ပို့တာပဲ လုပ်တာ။ သူတို့က Amount ကို နှိုင်းယှဉ်တာလဲ ဖြစ်ချင်ဖြစ်မှာပေါ့။ တရားမဝင်သွားနေတဲ့ Amount တွေကို သူတို့ Report လုပ်တာ ဖြစ်မယ်” ဟု ပြောဆိုသည်။
ဒေါက်တာ ညီညီကျော်က EIA အစီရင်ခံစာတွင် မြန်မာ့သစ်လုပ်ငန်းနှင့်ပတ်သက်၍ ပွင့်လင်း မြင်သာမှု မရှိခြင်း၊ အကျင့်ပျက် ချစားခြင်းနှင့် မှတ်တမ်းမှတ်ရာ အချက်အလက် အားနည်းခြင်းများရှိသည်ဆိုသော ဖော်ပြချက်နှင့် ပတ်သက်ပြီး အစိုးရတွင် ထိရောက်စွာ ဖြေရှင်း ဆောင်ရွက်ရန် အခက်အခဲ တချို့ ရှိနေကြောင်း၊ လတ်တလော ဌာနအတွင်း ပြုပြင် ပြောင်းလဲမှုများနှင့် သစ်ခိုးထုတ်မှုများကို ဖမ်းဆီး အရေးယူလျက် ရှိသည်ဟု ဆိုသည်။
EIA ၏ အစီရင်ခံစာတွင် အမေရိကန်ဒေါ်လာ ဘီလီယံ သန်းပေါင်း များစွာ တန်ဖိုးရှိသည့် သစ်ပို့ကုန်များ မည်သို့ လမ်းဆုံး သွားသည်ကို သဲလွန်စ မပေးနိုင်သည့်အပြင် မည်သူ အမြတ် ထွက်သွားသည်ကိုလည်း သဲလွန်စ မပေးနိုင်ကြောင်း၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ ရှိနေသော်လည်း သစ်တော အရင်းအမြစ်များမှ ရရှိသော အကျိူးအမြတ်ကို လူတန်းစား တရပ်ကသာ ခံစားခွင့်ရရှိနေကြောင်း၊ အဖိုးတန်သော သစ်တော အရင်းအမြစ်များ အလုံးအရင်းဖြင့် ဆက်လက် ဆုံးရှုံးရဖွယ် ရှိကြောင်း ရေးသားထားသည်။
ဒေါက်တာ ညီညီကျော်ကမူ အစိုးရတွင် သစ်တင်ပို့မှုနှင့်ပတ်သက်သော တရားဝင်း ကိန်းဂဏန်းအချက်အလက်များ ရှိကြောင်း ပြောဆိုသည်။
“ကျနော်တို့မှာ Record တွေ ရှိပြီးသားပါ ။ ကျနော်တို့ ဝန်ကြီး ဌာန တခုထဲ လုပ်တာ မဟုတ်ဘူး။ အကောက်ခွန် ရှိတယ်၊ စီးပွားကူးသန်း ရှိတယ်၊ ကျနော်တို့ဆီကနေ Official Export လုပ်တာတွေ မှန်သမျှ ၊ ကျနော်တို့ ဝန်ကြီး ဌာနတင် မကဘူး ဆက်စပ်တဲ့ ဝန်ကြီးတွေဆီမှာ Record တွေ ရှိတယ်။ အကုန် မှတ်တမ်း ရှိပါတယ် ” ဟု ၎င်းက ဆိုသည်။
သစ်ခိုးထုတ်မှုများနှင့်ဆက်စပ်၍ ရှင်းလင်းရာတွင် အစိုးရထံတွင် တရားဝင် မှတ်ပုံတင်ထားသော ကုမ္ပဏီကြီးများက သစ်ခိုးထုတ်ခြင်းမျိုး မရှိသလောက် ရှားပါးပြီး၊ ခိုးထုတ်ခဲ့ပါက အပေါ်ပိုင်းမှ လူကြီးများ မသိဘဲ အောက်ခြေရှိ တပည့် တပန်းများက ပြုလုပ်ခြင်းသာ ရှိကြောင်း၊ ရည်ရွယ်ချက် ရှိရှိဖြင့် ခိုးထုတ်ခဲ့ခြင်း မရှိဟု ဆိုသည်။
မြန်မာနိုင်ငံ အရှေ့မြောက် နယ်စပ်တွင် သစ်ခိုးထုတ်လုပ်မှုမှာ အခြေအနေ အလွန် ဆိုးဝါးလျက် ရှိပြီး ဖမ်းဆီး အရေးယူနိုင်ရန် သစ်တော ရဲတပ်ရင်း တခုကို ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပေါင်းစပ် ထူထောင်ထားကြောင်း နေပြည်တော်ရှိ သစ်တော ရဲအရာရှိ တဦးက ပြောသည်။
“ကိုယ့်ဝန်ထမ်းတွေ ကျတော့ လုံခြုံမှု ပေးတဲ့ နေရာမှာပဲ လုပ်လို့ ရတယ်၊ အခုတော့ အရှေ့မြောက် ဧရိယာမှာ တပ်ကလည်း ကျနော်တို့နဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်၊ နောက်ထပ်လည်း နည်းလမ်းတွေ ထပ်ထပ် ရှာနေပါတယ်၊ ကျနော်တို့ လည်း ပင်ပန်းပါတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာ အစိုးရက တရုတ်နိုင်ငံ တာဝန်ရှိသူများနှင့် တွေ့ဆုံသည့် အခါတိုင်း မြန်မာ့ကျွန်းသစ်များ တရုတ်နိုင်ငံ ယူနန် ပြည်နယ်ထဲသို့ တရားမဝင် ဝင်ရောက်နေမှုကို တားဆီးပေးရန် သံတမန်နည်းဖြင့် ကြိုးစား ဖြေရှင်းနေကြောင်း၊ ယခင်က တိုင်းပြည်၏ စီးပွားရေးမှာ ကျွန်းသစ်ပေါ်တွင် မှီခိုခဲ့ရသော်လည်း ယခုအခါ သစ်ထုတ်လုပ်မှုကို လျှော့ချရာတွင် ယခင် ထုတ်လုပ်မှု၏ သုံးပုံ တပုံသာ ရှိတော့ကြောင်း၊ ထို့ပြင် ဧပြီလ ၁ ရက်မှ စတင်၍ ပြည်ပသို့ သစ် အလုံးလိုက် တင်ပို့ခွင့် မပြုတော့သော်လည်း ပြည်တွင်း လိုအပ်ချက် ရှိပါက အလုံးလိုက် ထုတ်ယူမည်ဟု သစ်တောဦးစီးဌာနထံမှ သိရှိရသည်။
“သစ်အချောထည် ထုတ်သူတွေကို အားပေးမယ်။ ပြည်ပ ရင်းနှီးမြှပ်နှံမှုတွေလည်း လက်ခံမယ်။ ပြည်ပကို အလုံးလိုက် တော့ မသွားတော့ဘူး၊ အခုကျနော်တို့က အလုံးလိုက်ကို ပိတ်တော့မှာ ဆိုတော့ သစ်နဲ့ စီးပွားရေး လုပ်နေတဲ့ သူတွေက လည်း နည်းပညာ ရအောင် အသည်းအသန် လုပ်လာကြပြီ ” ဟု ဒေါက်တာညီညီကျော်က ပြောသည်။
မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ တွဲဖက်အတွင်းရေးမှူး ဦးဘာဘာချိုက ပြည်တွင်း သစ်ထုတ်လုပ်မှု လုပ်ငန်းများမှာ ယခုအခါ စနစ်တကျ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ပြဿနာ တချို့ ရှိနေသော်လည်း EIA ၏ အစီရင်ခံစာကို အပြည့်အ၀ မှန်ကန်သည်ဟု မဆိုနိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ရေရှည် တည်တံစေမည့် သစ်တော အရင်းအမြစ်များကို ထိန်းသိမ်းပြီး ကျယ်ပြန့်သော ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ လုပ်ဆောင်မှသာလျှင် မြန်မာ့ ကျွန်းသစ်များ အမေရိကန် ၊ ဥရောပ သမဂ္ဂနှင့် သြစတေးလျ နိုင်ငံ ဈေးကွက်များထဲသို့ ဝင်ရောက် နိုင်လိမ့်မည် ဖြစ်ကြောင်း EIA အစီရင်ခံစာက ထောက်ပြထားသည်။
မြန်မာအစိုးရ၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဗဟိုစာရင်း ဇယားအဖွဲ့ (Central Statistical Organization) ၏ ထုတ်ပြန်ချက် အရ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် သစ်တန်ချိန် ၈၆၄၀၀၀ မက်ထရစ်တန် နိုင်ငံခြားသို့ တင်ပို့ပြီး အမေရိကန် ဒေါ်လာ သန်း ၆၀၀ ကျော် တရားဝင် ရရှိခဲ့သည်ဟု ဖော်ပြထားသည်။