မြန်မာအစိုးရကို ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အားလုံး ပူးပေါင်း ပါဝင်စေရန် တိုက်တွန်းခဲ့ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ် ပိုမို တိုးတက်ရေး အားပေးရန် နိုင်ငံတကာကို တိုက်တွန်း ပြောကြားမည် ဖြစ်ကြောင်း The Elders အဖွဲ့က ဆိုသည်။
ဖင်လန် သမ္မတဟောင်း မစ္စတာ Martti Ahtisaari နှင့် နော်ဝေ ဝန်ကြီးချုပ်ဟောင်း မစ္စ Gro Harlem Bruntland တို့ ဦးဆောင်သည့် The Elders ကိုယ်စားလှယ် အဖွဲ့သည် မတ်လ ၂၄ ရက်မှ ၂၈ ရက် အထိ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ လာရောက်ခဲ့ဲပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိစဉ် The Elder အဖွဲ့အား ဧရာဝတီက သီးသန့် တွေ့ဆုံ မေးမြန်းရာ၌ ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်သည် အလွန် အရေးကြီးပြီး အစိုးရ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် လူမှု အဖွဲ့အစည်းများအကြား ယုံကြည်မှု ကင်းမဲ့နေသည်များကို ကျော်လွှားရန် အားလုံး ကြိုးစားသွားရမည် ဖြစ်ကြောင်း The Elders က ဆိုသည်။
“ကျနော်တို့ ကမ္ဘာတလွှားက ပဋိပက္ခတွေမှာ ဝင်ရောက် ဖြေရှင်းမှုတွေ လုပ်ပါတယ်။ မြန်မာနိုင်ငံက ပဋိပက္ခက အနှစ်သာရအားဖြင့် တမူထူးနေတယ်လို့ မထင်ပါဘူး။ ပြောရရင် ယုံကြည်မှု အတော်ကင်းမဲ့ နေတာပါ” ဟု လက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ အဆုံးသတ်ရေး ကြားဝင် ဆောင်ရွက်နေသူ နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင် ဖင်လန် သမ္မတဟောင်း Martti Ahtisaari က ဧရာဝတီကို ပြောသည်။
The Elders အဖွဲ့ ဒု ဥက္ကဋ္ဌ နော်ဝေ ဝန်ကြီးချုပ်ဟောင်း မစ္စ Gro Harlem Bruntland နှင့် ဖင်လန် သမ္မတဟောင်း မစ္စတာ Martti Ahtisaari တို့ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးက ပူးပေါင်း ပါဝင်မှုရှိရှိ လုပ်ဆောင် သွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်ဟု သိရသည်။
“The Elders အဖွဲ့ အနေနဲ့ မြန်မာပြည်က အခြေအနေကို ဘက်ပေါင်းစုံက သဘောထားတွေ သိရဖို့ လေ့လာပါတယ်” ဟု မစ္စ Gro Harlem Bruntland က ဧရာဝတီကို ပြောသည်။ မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော တိုင်းရင်းသား ပဋိပက္ခများကို ဖြေရှင်းရာတွင် သက်ရောက်မှုရှိသည့် လူမှုအသိုင်းအဝိုင်း အားလုံး ပါဝင်သော ဖြေရှင်းချက် တရပ်ကို ပံ့ပိုးသွားရန် The Elders က ကတိပြုထားသည်။
ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ကင်းမဲ့မှုနှင့်၊ အကြိမ်ကြိမ် ဖြစ်ပွားနေသည့် ပဋိပက္ခ အကြမ်းဖက်မှုများ အပေါ် စိုးရိမ်ကြောင်း The Elders က ထုတ်ဖော် ပြောဆိုသည်။
မြန်မာနိုင်ငံသို့ လာရောက်သည့် ဒုတိယအကြိမ် ခရီးစဉ်အတွင်း The Elders ကိုယ်စားလှယ် အဖွဲ့သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အနီးရှိ ဒုက္ခသည် စခန်းတခု ဖြစ်သည့် ရွှေဇက် ဒုက္ခသည် စခန်းကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က သွားရောက် ခဲ့ကြောင်း သိရသည်။
ယင်းအပြင် The Elders ကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ဒေါက်တာ စင်သီယာမောင် ဆေးခန်းနှင့် မယ်လ ဒုက္ခသည် စခန်းများသို့ မတ်လ ၂၇ ရက်နေ့က သွားရောက် လေ့လာခဲ့သည်။
ဒုက္ခသည်များ သာမက မြန်မာနိုင်ငံသား အားလုံး အတွက် အနာဂတ် ခိုင်မာစေမည့် ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများ သာမက ကျွမ်းကျင် ပညာရှင်များ၊ လေ့ကျင့် သင်ကြားပေးမှုများ ပိုမို ဖြစ်ထွန်းစေရေး အတွက် နိုင်ငံတကာကို တိုက်တွန်း ပြောဆိုမှုများ လုပ်ဆောင်သွားမည်ဟု မစ္စ Gro Harlem Bruntland က ဧရာဝတီကို ပြောသည်။
မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် ထိရောက်မှု ရှိစေရေး အတွက် The Elders က တိုက်တွန်း ပြောဆိုမှုများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက် လာမှုများသည် အပြုသဘောဆောင် တိုးတက်မှု ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေ ရန်ပုံငွေများကို The Elders က တတ်စွမ်း သရွေ့ ဆက်လက် ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့တော့ လွန်ခဲ့တဲ့ ၄ လ အတွင်းမှာ တိုက်ပွဲတွေ လျော့နည်း လာတယ်လို့ သူက ပြောတယ်၊ ဒါက တိုးတက်မှုပေါ့” ဟု မစ္စ Gro Harlem Bruntland က ပြောသည်။
ငြိမ်းချမ်းရေး အကျိုးဆောင် လုပ်ဆောင် နေသည့် မြန်မာငြိမ်းချမ်းရေး စင်တာ MPC အား ရန်ပုံငွေများ အများအပြား ပေးနေသော်လည်း မြန်မာငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် လက်တွေ့၌ ထင်သလောက် အလုပ်မဖြစ်ဟု ဝေဖန်မှုများ ရှိနေသည့် အပေါ် The Elders က ယခုလို တုံ့ပြန် ပြောဆိုသည်။
“ငြိမ်းချမ်းရေး ရန်ပုံငွေတွေ ပေးတာ ရပ်လိုက်ရင် အခြေအနေက နောက်ပြန်ဆုတ်သွားပြီး ဒီထက် ပိုဆိုးသွားလိမ့်မယ်” ဟု မစ္စ Gro Harlem Bruntland က ဆိုသည်။
The Elders အဖွဲ့သည် ၂၀၁၃ ခုနှစ် စက်တင်ဘာလက မြန်မာနိုင်ငံသို့ ပထမဆုံး ခရီးအဖြစ် လာရောက်ခဲ့ပြီး ယင်းခရီးစဉ်တွင် အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ၊ ဖင်လန် သမ္မတဟောင်း မစ္စတာ Martti Ahtisaari နှင့် နော်ဝေ ဝန်ကြီးချုပ်ဟောင်း မစ္စ Gro Harlem Bruntland တို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။
The Elders အဖွဲ့ကို ၂ဝဝ၇ ခုနှစ်က တောင်အာဖရိက သမ္မတဟောင်း နယ်ဆင်မန်ဒဲလား အပါအဝင် နိုင်ငံခေါင်းဆောင်များက စုစည်း တည်ထောင် ဖွဲ့စည်းခဲ့ပြီး ကမ္ဘာတဝှမ်း ငြိမ်းချမ်းရေး၊ တရား မျှတမှုနှင့် လူ့အခွင့်အရေး အတွက် ၎င်းတို့၏ အတွေ့အကြုံများနှင့် သြဇာလွှမ်းမိုးမှုများကို အသုံးပြုကာ ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်း ဖြစ်သည်။