သန်းခေါင်စာရင်း၌ လူမျိုးနေရာ ဖြည့်သွင်းမှုတွင် ရိုဟင်ဂျာဟု လုံး၀ ဖြည့်သွင်းခွင့် မပြုဘဲ ဘင်္ဂါလီဟုသာ ထည့်သွင်းရမည်ဟု သမ္မတက ပြောထားကြောင်း သိရသည်။
ရန်ကုန်တိုင်းအစိုးရ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က “ဝန်ကြီး ဦးခင်ရီက တိတ်တိတ်လေး ခေါ်ပြီးတော့ ခင်ဗျားတို့ စိတ်ချတော့၊ သမ္မတကြီးကလည်း ခွင့်ပြု ပေးလိုက်ပြီ။ သန်းခေါင်စာရင်းနဲ့ ပတ်သက်လို့ အတိုင်းအတာ တခုအထိ ရခိုင်တွေဆန္ဒနဲ့ ထပ်တူ ကျပါတယ်လို့ ကျနော် ပြောချင်တယ်။ အဲဒါကြောင့် သန်းခေါင်စာရင်း ကောက်တာကို သပိတ်မှောက်တာတွေ မလိုတော့ဘူး” ဟု ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ယနေ့တွင် ကျင်းပသည့် ဖိုရမ်တွင် မီဒီယာများကို ပြောသည်။
ဦးဇော်အေးမောင်က ဆက်လက်၍ “သပိတ်မှောက်ရင် ရခိုင်တွေပဲ ကျန်ခဲ့မယ်။ ၂၀၁၀ ရွေးကောက်ပွဲက ၁၉၈၃ ခုနှစ်က ကောက်ထားတဲ့ စာရင်းကို အခြေခံပြီး လုပ်တယ်။ ၂၀၁၄ မှာ စာရင်းအသစ် ကောက်တယ်။ စာရင်း အသစ်ရရင် စာရင်းအဟောင်း မသုံးတော့ဘူး။ ရခိုင်တွေက ၂၀၁၄ စာရင်း ကောက်ရာမှာ မပါဘဲနဲ့ ကျန်ခဲ့ရင် မြန်မာနိုင်ငံမှာ ရခိုင် ရှိတယ်ဆိုတာ ဘာနဲ့ သက်သေပြမလဲ။ အဲဒါကြောင့် သန်းခေါင်စာရင်းကို ရဲရဲဝံ့ဝံ့ အကောက်ခံပါ။ ရဲရဲဝံ့ဝံ့ ရခိုင်သားအဖြစ် ထည့်လိုက်ပါ” ဟု ဝန်ကြီး ဦးခင်ရီက ပြောခဲ့ကြောင်း ဦးဇော်အေးမောင်က တဆင့် ပြန်လည် ပြောဆိုသည်။
အလားတူ ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီးနှင့် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က “ဒီနေ့ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ စစ်တွေ သွားဖို့ ရှိတယ်။ သူကတော့ အသေးစိတ် သွားရှင်းပြမှာပေါ့။ အဓိကတော့ အိမ်တအိမ်ကို သွားပြီး သန်းခေါင်စာရင်း ကောက်ယူရာမှာ အဲဒီအိမ်က ရိုဟင်ဂျာလို့ ဖြည့်မယ် ဆိုရင် ကျနော်တို့က လက်ခံမှာ မဟုတ်ဘူး။ ဘင်္ဂါလီလို့ ဖြည့်မယ်။ တခြား သတ်မှတ်ထားတဲ့ ကုတ်နံပါတ် ဖြည့်ရင် ရမယ်။ ရိုဟင်ဂျာလို့ ပြောရင် စာရင်း ရေးသွင်းမှာ မဟုတ်ပါဘူး”ဟု အတည်ပြု ပြောဆိုသည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရရုံး၌ ယနေ့တွင် ကျင်းပသည့် သမ္မတနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံပွဲ ခေတ္တနားစဉ် ဧရာဝတီ သတင်းဌာနက မေးမြန်းမှုကို ဒုဝန်ကြီး ဦးရဲထွဋ်က အထက်ပါ အတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်း အတွင်း သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်ပြီး လူမျိုး နေရာတွင် ရိုဟင်ဂျာ မဖြည့်သွင်းရေး အတွက် ရခိုင်လူမျိုးများက မြို့နယ်အများစုတွင် ဆန္ဒပြ တောင်းဆို နေကြသည်။
ရခိုင်ပြည်နယ် မောင်တော မြို့နယ်နှင့် ဗူးသီးတောင် မြို့နယ်များတွင် နေထိုင်သော ရိုဟင်ဂျာဟု ခံယူထားသည့် လူမျိုးများက မည်သို့ပင် သန်းခေါင်စာရင်း ကောက်ခံ စေကာမှု ဘင်္ဂါလီဟု ပြောကြားမည် မဟုတ်ဘဲ ရိုဟင်ဂျာ ဟုသာ ပြောကြားရန် အစီအစဉ် ရှိကြောင်း မောင်တော ဒေသခံ တဦးက ပြောသည်။
မောင်တောမြို့နယ်၊ ဒိုဇိုလာ ကျေးရွာတွင် နေထိုင်သည့် အစ္စလမ် ဘာသာဝင် ဦးအလီက “အခြေခံ ဖွဲ့စည်းပုံ ဥပဒေမှာလည်း လွတ်လပ်စွာ ပြောဆိုခွင့် ပေးထားပါတယ်။ ကျနော်တို့ကလည်း ကိုယ့်လူမျိုး နေရာမှာ ရိုဟင်ဂျာလို့ပဲ ဖြည့်မှာပါ။ ကျနော် အနေနဲ့ ဒီအခွင့်အရေးကို လုံး၀ အဆုံးရှုံးခံမှာ မဟုတ်ပါဘူး။ ရိုဟင်ဂျာလို့ မဖြည့်ရရင် နိုင်ငံတကာကလည်း နေမှာ မဟုတ်ပါဘူး။ ကျနော်တို့ အနေနဲ့လည်း ဘင်္ဂါလီလို့ လုံး၀ ဖြည့်မှာ မဟုတ်ပါဘူး” ဟု ဆိုသည်။
သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်ပြီး ဝန်ကြီး ဦးခင်ရီက ရခိုင်ပြည်နယ်သို့ လာရောက်စဉ် နိုင်ငံတကာ အဖွဲ့အစည်းများရှေ့၌ သန်းခေါင်စာရင်း ကောက်ယူပါက လူမျိုးနေရာတွင် ကြိုက်သည့် ပုံစံရေးရန် ပြောဆိုခဲ့ဖူးကြောင်း မောင်တောမြို့နယ်ရှိ မွတ်စလင်များက ပြောသည်။
မတ်လ ၂၉ ရက် ညပိုင်း၌ စတင် ကောက်ယူတော့မည့် သန်းခေါင်စာရင်း ကောက်ခံမှုတွင် ရခိုင်ပြည်နယ် တခုလုံးကို ကောက်ယူသွားရန် စီစဉ်လျက်ရှိကြောင်း၊ လူမျိုးခြားများ နေထိုင်သည့် နေရာများတွင် သန်းခေါင်စာရင်း အချိန်နှင့် တပြေးညီ ကောက်ယူနိုင်ရန်အတွက် လုံခြုံရေး အင်အားကို တိုးမြှင့်ထားကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ပြောသည်။
“ရခိုင် တပြည်နယ်လုံး ကောက်ခံ သွားမှာပါ။ လုံခြုံရေးလိုတဲ့ ကျေးရွာတွေကိုလည်း လုံခြုံရေး အပြည့်နဲ့ ကောက်သွားမှာပါ။ လူမျိုးမှာ ဘင်္ဂါလီ၊ ရိုဟင်ဂျာ ဖြည့်သွင်းရေးနဲ့ ပတ်သက်ပြီး အစိုးရက စီစဉ်ဆောင်ရွက်တဲ့ အတိုင်းပဲ လုပ်သွားမှာပါ” ဟု ဦးဝင်းမြိုင်က ဆိုသည်။