မဇင်မာအောင်သည် မြန်မာလူမှုအဖွဲ့အစည်းနှင့် နိုင်ငံရေးလှုပ်ရှားသူ တဦးဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်း တဦး ဖြစ်သည်။ ၁၉၉၀ နှစ်တွင် တက္ကသိုလ်ကျောင်းသူ ဖြစ်နေချိန်တွင် အာဏာရှင် အစိုးရကို တက်ကြွစွာ ဆန့်ကျင်ခဲ့သူ ဖြစ်ခဲ့သည်။ အကျဉ်းထောင်ထဲတွင် ၁၁ နှစ်တိုင် ကျခံခဲ့ပြီး ၂၀၀၉ ခုနစ်တွင် ထောင်မှထွက်လာကာ ဒီမိုကရေစီဖွံ့ဖြိုးရေးနှင့် ပတ်သတ်သည့် လူမှုအဖွဲ့အစည်း တည်ထောင်ခြင်း၊ အမျိုးသမီး စွမ်းဆောင်ရည် မြှင့်တင်ပေးရေး လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများကို ကူညီထောက်ပံ့ပေးခြင်းနှင့် တိုင်းရင်းသား အချင်းချင်း သင့်မြတ်စွာ နေထိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခြင်း စသည့် လုပ်ငန်းများကို ပြန်လည်လုပ်ကိုင်ခဲ့သည်။ Rainfall Group (ရန်ကုန်) နိုင်ငံရေး သိပ္ပံကျောင်းတွင် ဒီမိုကရေစီနှင့့် နိုင်ငံရေး နားလည်သည့် မြန်မာလူငယ်များ၊ အမျိုးသမီးများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နေသူ ဖြစ်သည်။ ၂၀၁၂ ခုနစ်တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က International Women of Courage ဆုကို ချီးမြှင့် ပေးခဲ့သည်။ ယခုအခါ ကမ္ဘာလုံးဆိုင်ရာ လူငယ် ခေါင်းဆောင်များ အဖွဲ့က ၂၀၁၄ ခုနှစ်အတွက် လူငယ်၂၀၀ ကျော်ရွေးချယ်ခဲ့စဉ် ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံ ကိုယ်စားပြု လူငယ် ၃ ဦး အရွေးချယ် ခံခဲ့ရသည့် အနက် မဇင်မာအောင်လည်း တဦး အပါအဝင်ဖြစ်ခဲ့သည်။ ထိုသို့ မြန်မာအမျိုးသမီးလူငယ် တဦးက ကမ္ဘာလုံးဆိုင်ရာ လူငယ်ခေါင်းဆောင် တဦးအဖြစ် ရွေးချယ်ခံရသည့်အပေါ် ခံစားချက်၊ အမြင်နှင့် မြန်မာအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတို့နှင့် ပတ်သတ်ပြီး ဧရာဝတီသတင်းထောက် နန်းဆိုင်နွမ်က မဇင်မာအောင်ကို တွေ့ဆုံမေးမြန်းခဲ့သည်။
မေး။ ။ ကမ္ဘာလုံးဆိုင်ရာ လူငယ်ခေါင်းဆောင်အဖြစ် အရွေးခံရတဲ့အပေါ် ဘယ်လိုခံစားရပါသလဲ။
ဖြေ။ ။ သိပ်ပြီးတော့ အံ့သြစရာတော့ မဟုတ်ပါဘူး။ သူတို့ပြီးခဲ့တဲ့ တလတုန်းက သူတို့ဝက်ဘ်ဆိုက်မှာ မကြေညာခင် ကျမဆီကို စာပို့ပြီး အကြောင်းကြားပြီးသားပါ။ အဲဒီတုန်းက ဝက်ဘ်ဆိုဒ်မှာ မကြေညာခင်တော့ ပြည်သူတွေကို မချပြပါနဲ့ဦး၊ မီဒီယာတွေ အနေနဲ့လည်း Public ကို မချပြပါနဲ့ဦး ဆိုပြီးပြောတော့ ကျမ ဒီအတိုင်းပဲ နေလိုက်ပါတယ်။ ဘယ်လိုခံစားရလဲ ဆိုတာကို ပြောရမယ်ဆိုရင်တော့ တာဝန်ရှိတယ်၊ ပိုပြီးတော့ တာဝန် ရှိတယ် လို့ခံစားရပါတယ်။ နောက်မဆုတ်နဲ့တော့ ကိုယ်လုပ်နေတဲ့ အလုပ်တွေကို နောက်ဆုတ်လို့ မရတော့ဘူးလို့ ခံစားရပါတယ်။ နောက်တခုက ဘာလဲ ဆိုတော့ တခါတလေ ကိုယ့်ရဲ့ တဦးချင်း လွတ်လပ်ခွင့်တောင်မှ နည်းသွားသလိုဖြစ်တယ်။ အဲဒီလိုတော့ခံစားတယ်။
မေး။ ။ ဆုကို ဘယ်အချိန်မှာ သွားယူဖို့ ရှိပါသလဲ။
ဖြေ။ ။ သူတို့ဖိတ်လိမ့်မယ်၊ ပြီးခဲ့တဲ့နှစ်ကဆိုရင် မြန်မာပြည်မှာ လုပ်တယ်၊ အဓိက ဖိုရမ်ပေါ့နော်။ ဒါပေမယ့် ဒီလို သီးခြား ဖိုရမ်ကလည်း ကမ္ဘာအနှံ့မှာ လုပ်နေတာ၊ ရှေ့လမှာလည်း ဖိလစ်ပိုင်မှာ လုပ်ဖို့ရှိတယ်။ ဒါပေမယ့် တခုရှိတာက၊ သူတို့က ဒါကို ဆုရယ်လို့တော့ မဟုတ်ဘူး၊ အသိအမှတ်ပြုတာပေါ့။ နောက်ပြီးတော့ ဒီကမ္ဘာ့လူငယ်ခေါင်းဆောင် ဆိုတဲ့ ကွန်ရက်တခုကို ဖန်တီးပေးလိုက်တာ။ ဒီလိုရွေးချယ်မှုကနေ တဆင့်ပေါ့နော်။ တနှစ်တနှစ်ဆို ကမ္ဘာလုံး အတိုင်းအတာ နဲ့ဆိုရင် ရာနဲ့ချီ ပြီးတော့ရှိတယ်။ လက်တင်အမေရိကားက ဘယ်နှယောက်၊ အာရှက ဘယ်နှယောက်၊ အရှေ့တောင် အာရှက ဘယ်နှယောက်၊ အီဂျစ်ကတို့ ဘာတို့ကဘယ်နှယောက် အဲဒါမျိုးတွေရှိတယ်။ ကွန်ရက်ကြီးတခု ဖန်တီး ပေးလိုက်တယ်။ ပြီးရင် စီးပွားရေးဆိုရင်လည်း စီးပွားရေး၊ နိုင်ငံရေး ဆိုရင်လည်း နိုင်ငံရေး၊ စွန့်ဦးတီထွင်တို့၊ အနုပညာသမားတို့လည်း သူတို့က ချိတ်ဆက်တယ်။ နိုင်ငံတကာကွန်ရက် ဖြစ်သွားအောင် လုပ်ပေးလိုက်တယ်။ အဲဒါမှ ချိတ်ဆက်ရပြီး ကိုယ်နဲ့တူရာ တူရာစုပြီး အလုပ်လုပ် ကြဖို့ ဖန်တီးပေးလိုက်တဲ့ သဘောမျိုးပါ။
မေး။ ။ မြန်မာပြည်က ကမ္ဘာ့လူငယ် ခေါင်းဆောင်တွေ ပေါ်ထွက်လာပြီ ဆိုတော့ ဒီနောက်ပိုင်း ဘယ်လို အကျိုးတွေ ရှိလာနိုင်မယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ သေချာတာကတော့ ကွန်ရက်တွေ များလာမယ်။ နိုင်ငံတကာအဆင၊့် ကမ္ဘာ့ ခေါင်းဆောင် တွေနဲ့ ပြည်တွင်းမှာ လည်း ချိတ်ဆက်မှုတွေ ပိုများလာမယ်။ ကွန်ရက်ကို အကျိုးရှိရှိသုံးနိုင်မယ့် Capacity တည်ဆောက်ဖို့တော့ လိုအပ် ပါသေးတယ်။
မေး။ ။ ၂၀၁၂ ခုနှစ်တုန်းကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဆီကနေ ချီးမြှင့်တဲ့ International Women of Courage ဆု ရတုန်းကရော ဘယ်လိုခံစားခဲရ ပါသလဲ။
ဖြေ။ ။ ခံစားချက်အနေနဲ့ တော့ အလုပ်တွေ လုပ်တဲ့အခါ လူတွေက ကျမကို ပိုသတိထားလာကြမယ်။ အဲဒီလောက်ပဲ ခံစားရတယ်။ ငါပိုအလုပ်လုပ် ရတော့မယ်။ သိပ်တော့ မကွာခြားလှပါဘူး။ ပိုအလုပ်လုပ် ရမယ် ဆိုတော့ ဘာဖြစ်သွားလဲ ဆိုရင် ဒီဆုတွေ မရခင် နိုင်ငံတကာ အနေနဲ့ ဖြစ်ဖြစ်၊ ကိုယ့် လုပ်ဖော်ကိုင်ဘက် အဖွဲ့အစည်း အနေနဲ့ ဖြစ်ဖြစ် ကိုယ့်ကို အသိအမှတ် ပြုမှုက အရင်တုန်းက သူလိုကိုယ်လိုပါပဲ။ အများကြီး ကျမလို လုပ်တဲ့ သူငယ်ချင်းတွေရှိတယ်။ ဒီအထဲကမှ ထူးထူးခြားခြား ကျမကို ပိုပြီးတော့ အသိအမှတ်ပြုသလို ဖြစ်သွားတာဟာ ကျမကို ပိုပြီးတော့ တာဝန်ယူမှုကို ကြီးလာစေတယ် လို့ယူဆတယ်။ ဒီဆုတွေကြောင့် ကျမလုပ်နေကိုင်နေတဲ့ Trend တွေပြောင်းသွားမှာ မဟုတ်ဘူး။ ဖိအားတခုပေါ့၊ ရုန်းပေတော့ပေါ့။ ကျမ သူငယ်ချင်း တွေက အဲဒါတွေလည်း တွေ့ရော ရုန်းပေးတော့ နောက်ပြန်မရွေ့နဲ့တော့၊ အဲဒီလိုမျိုး ပြောကြတယ်။ တာဝန်ရှိမှု အပိုင်းမှာကြတော့
တခြားသူတွေနဲ့ မတူတော့ဘူးပေါ့၊ အသိအမှတ်ပြုလိုက်တဲ့ အခါမျိုးမှာ ကိုယ်တွေအနေနဲ့ တာဝန်ပိုရှိသွားတယ်။
သာမန်ဆိုရင် တော့ ငါမလုပ်တော့ဘူး တော်ပြီ၊ အသက်အရွယ် အပိုင်း အခြား တခုမှာ
ဖြတ်ချချင်ရင် ရတယ်။
မေး။ ။ ဒီနှစ်ရတဲ့ဆုက ဘာတွေကိုကြည့်ပြီး ပေးတာလဲဆိုတာ ပြောလို့ရပါသလား။
ဖြေ။ ။အခုရတဲ့ဆုက အရင်နှစ်က ရတဲ့ဆုလောက် သိပ်မသိဘူး။ သူတို့က လှုပ်ရှားမှုကိုကြည့်ပြီး ရွေးချယ်တယ်လို့ ပြောတာပဲ။ လုပ်ဆောင်ချက်တွေမှာ ဘယ်လောက်များများ အချိန်ပေးပြီး နှစ်မြှုပ်လုပ်နိုင်လဲ။ မနှစ်က ကျမ
နိုင်ငံတကာ စီးပွားရေး ဖိုရမ်မှာ ထိုင်ထားတာလည်း ရှိတယ်လေ။
မေး။ ။ မြန်မာအမျိုးသမီးတွေ အနေနဲ့ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ အနေအထားက အရမ်းကို အားနည်းနေသေး တဲ့ အတွက် သူတို့ကို ဘယ်လို စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးချင်ပါသလဲ။
ဖြေ။ ။ အဓိက အချက်အနေနဲ့ ကိုယ်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ပါ။ မြန်မာအမျိုးသမီး အနေနဲ့ အတိုင်းအတာတခုအထိ လူ့အဖွဲ့အစည်းက ပေးတဲ့ ပြုမူဆက်ဆံပုံတွေ၊ ဖိအားတွေက သိပ်မကွာလှပါဘူး။ တခုတော့ရှိတာပေါ့၊ ပညာလည်း တက်မယ်၊ ခေတ်လည်းမီတယ်၊ အတွေးအခေါ်လည်း လွတ်လပ်တဲ့ မိသားစု အသိုင်းအဝိုင်းမှာ နေရတဲ့ မိသားစုမျိုး ဆိုရင်တော့ ဖိအားတွေ၊ တွေးခေါ်ပုံတွေ အောက်ကနေ လွတ်မှာပေါ့။ ဒါပေမယ့် လူ့အဖွဲ့အစည်းမှာ အဲဒီလို မိသားစုမျိုးက များများ မရှိပါဘူး။ ကျမဆိုရင် သာမန်မိသားစု ကနေပြီးတော့ မွေးဖွားခဲ့တာပါပဲ။ ကျမနေတဲ့ မြောက်ဥက္ကလာပ မြို့နယ် ဆိုတာ တကယ်ကို ဆင်ခြေဖုံး၊ တကယ် အခြေခံလူတန်းစားတွေ နေခဲ့တဲ့ နေရာ၊ အဲဒီနေရာကနေ ဒီလိုမျိုး အသိအမှတ်ပြု ခံရတဲ့အဆင့်ကို ရောက်လာတဲ့ အတွက်ကြောင့်မို့ လူတယောက်ဟာ ကိုယ်ယုံကြည်ရာကို တခါတလေကျတော့ ပတ်ဝန်းကျင်က လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ကျော်လွှားနိုင်တဲ့ ယုံကြည်ချက်ရှိဖို့လိုတယ်။ ဒါကတော့ ပထမအချက်ပေါ့။ ပြီးတော့ အဲဒီယုံကြည်ချက်ပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်ဖို့လိုတယ်။ ဘယ်လို ယုံကြည်ချက်မျိုး တွေ့တွေ့ပေါ့။ အဲဒီယုံကြည်ချက်ကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်တဲ့ အရည်အသွေးတွေ၊ ဗဟုသုတတွေ တပြိုင်နက်တည်းမှာ စုစည်းနေဖို့လိုတယ်။ နောက်တချက်က ကိုယ်ကျင့်တရား၊ အဲဒါက အရေးကြီးတယ်။ ဘယ်အကြောင်းကြောင့်မှ ဘယ်ဖိအားတွေကြောင့်၊ ဘယ်ပတ်ဝန်းကျင်တွေကြောင့် ဖြစ်ဖြစ် ကိုယ့်ရဲ့ ကိုယ်ကျင့်တရားတွေ ယိုင်မသွားဖို့ အရေးကြီးပါတယ်။
မေး။ ။ လက်ရှိ ဘာတွေလုပ်ဆောင်နေလဲ။
ဖြေ။ ။ သာမန် အမျိုးသမီးတယောက်ထက် စာရင် ကျမ တာဝန်ယူမှု ပိုကြီးတယ်။ လုပ်ငန်းလုပ်တဲ့ အခါ ကျမ Organization နဲ့ပတ်သတ်လို ကျမက Board Member ၊ ရန်ကုန် နိုင်ငံရေး သိပ္ပံ ကျောင်းမှ တာဝန် ထမ်းဆောင် နေတယ်။ တပြိုင်နက်တည်းမှာ ကျမတို့ ကျောင်းမှာ Department နှစ်ခုရှိတယ်။ နိုင်ငံရေး ချိတ်ဆက်မှု၊ နိုင်ငံရေး ပညာပေးတာတွေ ရှိမယ်။ ပြီးတော့ အမျိုးသမီးတွေ နိုင်ငံရေးမှာ အရည်အချင်း ရှိရှိနဲ့ပိုပြီး ပါဝင်အောင်လို့ ကျမတို့ သင်တန်းတွေ များများပေးချင်တယ်ပေါ့။ အသိပညာအတွက် စာဖတ်ဖို့လိုမယ်၊ လေ့လာဖို့လိုတယ်။ Skill တွေအတွက် ကျမတို့ လေ့ကျင့်ပေးနိုင်မယ်လို့ မျှော်လင့်တယ်။ နယ်တွေကိုလည်း ကျမတို့ထွက်ပြီး အခါအားလျော်စွာ Public Event လုပ်လေ့ရှိတယ်။ နောက်ပြီးတော့ Rainfall အနေနဲ့ တခြား အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ဖိုရမ်တွေ ပူးပေါင်း ဆောင်ရွက်တာတွေလည်း ရှိပါတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ အမျိုးသမီး လွှတ်တော်အမတ် နည်းနေသေးတာ တွေ့ရတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသမီး ကိုယ်စားလှယ် တဦးအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရှိပါသလား။
ဖြေ။ ။ ကျမ နိုင်ငံရေး အရတော့ လိုအပ်တဲ့နေရာ ကြိုက်တဲ့နေရာ ကြိုက်သလိုခိုင်း လုပ်သွားမှာပါ။ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ဖို့ဆိုတာ ရွေးချယ်ခံရတဲ့ အရာတခုပါ။ ဒါပေမယ့် ဘယ်လိုဖြစ်လာ မယ်ဆိုတာ မသိဘူး။ ကျမအနေနဲ့ တိုင်းပြည်အတွက်လိုအပ်မယ်၊ နိုင်ငံရေးအတွက် လိုအပ်မယ်ဆိုရင်ပေါ့၊ ကျမက NLD ပါတီဝင် တယောက်လည်း ဖြစ်နေတော့ ကြိုက်တဲ့နေရာမှာ ကြိုက်သလိုသုံး၊ ကျမ အလုပ်လုပ်သွားမှာပါ။ လွှတ်တော်အမတ်လောင်း နေရာမှာသုံးသုံး၊ တခြားနေရာမှာသုံးသုံး လုပ်သွားမှာပါ။
မေး။ ။ အမျိုးသမီး အခွင့်အရေးကိစ္စတွေ လုပ်ဆောင်နေတဲ့ မဇင်မာအောင် အနေနဲ့ မျိုးစောင့်ဥပဒေကို ဘယ်လိုမြင်လဲ၊ အဲဒါနဲ့ ပတ်သတ်ပြီး ဘာတွေ လုပ်ဆောင်သွားဖို့ရှိလဲ။
ဖြေ။ ။ ကျမအနေနဲ့ ပြောရမယ်ဆိုရင် ဒါဟာ တဦးတယောက်တည်း လုပ်လို့ရတဲ့အရာ မဟုတ်ဘူး။ တဦးတယောက်တည်းနဲ့ ဆိုင်တဲ့ကိစ္စလည်း မဟုတ်ဘူး။ အခြေခံအားဖြင့် လက်ထပ်တယ် ဆိုတဲ့ ကိစ္စဟာ တဦး တယောက်ရဲ့ အခွင့်အရေးနဲ့ ဆိုင်တယ်။ တဦးတယောက်ရဲ့ ပုဂ္ဂိုလ်ရေးဘဝ ဖြစ်တယ်။ နိုင်ငံရေးမှာ အဲဒါခက်တာပေါ့နော်။
ပုဂ္ဂိုလ်ရေးဘဝလား၊ အများနဲ့ဆိုင်တဲ့ ဘဝလားဆိုတာ ဖျက်ဖို့ခက်တယ်။ သေချာတာကတော့ မျိုးစောင့် ဥပဒေဆိုတဲ့ အသုံးအနှုန်းမှာကိုက အသုံးအနှုန်းနဲ့ ဥပဒေရဲ့ အတွင်းသားမှာပါတဲ့ အတွေးအခေါ်က မတူဘူး ဖြစ်နေတယ်။ မျိုးစောင့်ဆိုတဲ့ အသုံးအနှုန်းဟာ ကျမတို့ နားထောင်တာနဲ့ လက်ခံချင်စရာ ကောင်းပါတယ်။ ဒါပေမယ့် ဥပဒေထဲမှာပါတဲ့ အတွင်းသား တွေးခေါ်ပုံက ကျမလက်ခံလို့မရဘူး။ ပြောချင်တာက ဘယ်သူမှ အမျိုးမစောင့်ချင်တဲ့ သူမရှိဘူး။
ကျမကတော့ ယူဆတယ်၊ အမျိုးစောင့်တယ်လို့ အော်နေတဲ့ သူပဲဖြစ်ဖြစ်၊ မအော်တဲ့သူပဲဖြစ်ဖြစ် လူဟာ သူ့ရဲ့ ပင်ကိုယ် သဘာဝကိုက ဘက်လိုက်မှုတွေ ရှိတယ်။ ကိုယ့်အမျိုး၊ ကိုယ့်ဘာသာသာသနာကို စောင့်ရှောက်ချင်တဲ့ စိတ်ကရှိပြီးသား။
အဲဒါကို ခေါင်းစဉ်တပ်ပြီးတော့ အများကြိုက်အောင် လုပ်စရာမလိုဘူး။ ကျမမြင်တာကတော့ ဥပဒေတရပ်ကို ရေးဆွဲပြီးရင် ဒီဥပဒေက မိသားစု တခု နှစ်ခုကိုပဲ သက်ရောက်မှာ မဟုတ်ဘူး၊ တနိုင်ငံလုံးကို သက်ရောက်မယ့် ဥပဒေဖြစ်တယ်။ တနိုင်ငံလုံးကို သက်ရောက်မယ့် လူအသိုင်းအဝန်း လိုအပ်ချက်တွေ ပြည့်စုံရဲ့လား အဲဒီ လူ့အသိုင်းအဝန်း အားလုံးကို Cover ဖြစ်နိုင်လား၊ အကာအကွယ် ပေးနိုင်လားဆိုတဲ့ အတွေးအခေါ် မျိုးကနေ ချဉ်းကပ်သင့်တယ်။ မျိုးစောင့် ဥပဒေက ဗုဒ္ဓဘာသာတွေ အတွက်ပဲဖြစ်နေတာကို တွေ့ရတယ်။ အထူးအဖြင့် အမျိုးသမီးတွေ ကိုပဲ ကန့်သတ်နေသလို ဖြစ်နေတာကို တွေ့ရတယ်။ ကျမတို့ တိုင်းပြည်က လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ဖြစ်တယ်ဆိုတော့ အဲဒါဟာ ကျမတို့ တိုင်းပြည်ရဲ့ အရှိတရားနဲ့ မကိုက်ညီဘူးလို့ ယူဆတယ်။ ကျမတို့ ဆန့်ကျင်တယ်။ ဒါ တိုင်းပြည်တခုလုံးနဲ့ ဆိုင်တယ်။ တဦးချင်စီရဲ့အခွင့်အရေး၊ တိုင်းပြည် တခုလုံး မဟုတ်ဘဲ တိုင်းပြည်ထဲ နေထိုင်တဲ့ လူတဦးချင်းစီရဲ့ အခွင့်အရေးကို ကြည့်မယ်ဆိုရင်လည်း အထူးသဖြင့် အမျိုးသမီး တွေဟာ ကိုယ့်ရဲ့ အိမ်ထောင်ဖက်၊ ကိုယ့်ရဲ့ ဘဝလက်တွဲဖော်ကို သူတို့ အရည်အသွေးနဲ့ သူတို့၊ သူတို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သူတို့ ရွေးချယ်ပိုင်ခွင့် မရှိတာကို သွားတွေ့ရတယ်။ ဒီဥပဒေမှာက အဲဒါကို ကျမတို့ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ အဲဒီလိုလုပ်မယ့်အစား အမျိုးသမီးတွေဟာ လွတ်လွတ်လပ်လပ်နဲ့ သူတို့ ဘဝအတွက် သင့်တော်မယ့် သူတို့ဘဝ လက်တွဲဖော်ကို သူတို့ ဘာသာသူတို့ စိတ်ကြိုက်နဲ့ အသိဉာဏ် ပညာရှိရှိနဲ့ ရှာဖွေနိုင်အောင်ပဲ ကျမတို့က အမျိုးသမီးတွေရဲ့ စီးပွားရေး၊ ပညာရေး၊ လူမှုရေး ပိုပြီး အားကောင်းလာအောင် လုပ်ပေးသင့်တယ်။ လက်ထပ်တယ် ဆိုတာ ကိုယ့်ဘဝရဲ့ လက်တွဲဖော်ကို ရွေးချယ်တာ။ အဲဒီရွေးချယ်ပိုင်ခွင့်ကို ကန့်သတ်တာ၊ အဲဒါကြောင့် လူ့အခွင့်အရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် Right to Choice ပဲ။ ကိုယ်ကြိုက်နှစ်သက်တဲ့ သူကို ကိုယ့်ဘဝရဲ့ လက်တွဲဖော်အဖြစ်နဲ့ ရွေးချယ်ခွင့် ကန့်ကွက်ရာလည်း ရောက်တယ်။ အဲဒါကြောင့် လက်ခံစရာ အကြောင်းမရှိဘူး။ တဘက်က လူသားချင်းအတူတူ အမျိုးသမီးတွေရဲ့ တွေးခေါ်နိုင်စွမ်း ဆင်ခြင်တုံတရားကို လျှော့တွက်ရာ ရောက်တယ်လို့ ယူဆတယ်။ ဒါဟာ အမျိုးသမီးတွေရဲ့ တွေးနိုင်ခေါ်နိုင်မှုကို စော်ကားတာ။ ကျမတို့ အတွေးအခေါ်ကို လျှော့တွက်တာလို့ ယူဆတယ်။ အဲဒါကြောင့်မို့လို့ ကျမလက်မခံဘူး။
တခုတော့ရှိတယ် လူတိုင်းလူတိုင်းဟာ ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကို မစောင့်ရှောက်ရဘူးလို့ ဆိုလိုနေတာတော့ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမတို့ အဲဒါကို ကန့်ကွက်တယ်လို့ ပြောတယ်၊ ကျမတို့ဟာ အမျိုး ဖျက်တဲ့သူတွေ၊ အမျိုးသား သစ္စာဖောက်ဆိုပြီး စွပ်စွဲလေ့ရှိတယ်။ အဲဒါကို လက်မခံနိုင်ဘူး။ ကျမတို့က ဘာကြောင့် ကန့်ကွတ်တယ် ဆိုတာ၊ အကျိုးအကြောင်း ဆီလျော်မှုနဲ့ ကန့်ကွက်တယ်ဆိုတာ ရှင်းပြချင်ပါတယ်။
မေး။ ။ အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူတွေက မြန်မာနိုင်ငံ အနေနဲ့ အမျိုးသမီး အခွင့်အရေး အများကြီး ချိုးဖောက်ခံ နေရတယ်လို့ ပြောကြတဲ့ အပေါ် မဇင်မာအောင် အနေနဲ့ ဘယ်လို ဖြေရှင်းသွားဖို့ရှိလဲ။
ဖြေ။ ။ အဓိက ကျမပြောသလို အခြေခံ နှစ်ချက်ရှိတယ်။ နိုင်ငံ တော်တော်များများမှာ၊ အထူးသဖြင့် မဖွံ့ဖြိုးသေးတဲ့ တိုင်းပြည်နဲ့ Gender Equality လို့ခေါ်တဲ့ ကျားမ တန်းတူညီမျှရေးပေါ့။ အဲဒီအယူအဆ၊ အဲဒီတန်ဖိုး တွေဟာ တိုက်ရိုက် အချိုးကျတယ်ဆိုတာ တွေ့ရတယ်။ လူ့အခွင့်အရေး ဖွံ့ဖြိုးမှု၊ လူ့စံချိန်စံညွှန်း မြင့်မားတဲ့ တိုင်းပြည်တွေမှာ အမျိုးသမီး အခွင့်အရေးက မြင့်မားနေတာကိ ုတွေ့ရတယ်။ အပြန်အလှန်ပဲ အမျိုးသမီး အခွင့်အရေးတွေ မြင့်တက်လာသည်နှင့် အမျှ ဒီမိုကရေစီရဲ့ စံချိန် စံညွှန်းတွေ မြင့်တက်လာတယ်။ တိုင်းပြည်ကလည်း စီးပွားရေး အရ ဖွံ့ဖြိုး တိုးတက်လာတာကို တွေ့ရမယ်။ ဒါကို ကျမတို့ ကြိုက်တဲ့ Research တွေမှာ ကြည့်ကြည့်ပါ၊ ကမ္ဘာ့အဆင့်တွေမှာ တွေ့ရပါမယ်။ မြန်မာပြည်မှာ ပထမအချက်က အရှိတရားကို အရှိတရားအတိုင်း လက်ခံဖို့လိုတယ်။ ကျမတို့ အမျိုးသမီးတွေ ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ် ခွဲခြား ဆက်ဆံနေတာကို ခွဲခြား ဆက်ဆံနေပါလားလို့ မတွေးမိ လောက်အောင် ကျမတို့ဟာ ပုံသွင်းခြင်း
ခံထားရတယ်။
နောက်တခုက လူ့အဖွဲ့အစည်းပေါ့။ ငါတို့အဖွဲ့အစည်းဟာ တခြားအဖွဲ့အစည်းလို ကျားမ တန်းတူညီမျှမှုတွေ မရှိပါဘူးလို့ ပြောလည်း ဘယ်သူမှ လက်မခံဘူး၊ တကယ်ကို ဒီအစိုးရ အာဏာပိုင်တွေ ထဲမှာလည်း ရှိတယ်။ ဘာလို့လဲ ဆိုတော့ ကျမထင်တယ်၊ သူတို့ကိုယ်တိုင် အဲဒီလို ပုံသွင်းခံရပြီး မွေးကတည်းက ဒါဟာ ခွဲခြားဆက်ဆံတာလား၊ မဆက်ဆံတာလား မသိဘူး။ တွေးခေါ်ဖို့ကလည်း မပေးဘူး၊ ပညာရေး စနစ်ကလည်း မပေးဘူး၊ နိုင်ငံရေး စနစ်ကလည်း မပေးခဲ့ဘူး။ သူတို့ကိုယ်တိုင် အဲဒီအတိုင်း ပုံသွင်းခံရပြီး ပုံသွင်းခံရထားတဲ့ တွေးခေါ်ပုံ လူ့အဖွဲ့အစည်း မှာလည်း ဒီအယူအဆပဲ ဖြန့်ဝေတယ်။ တချိန်တည်းမှာပဲ နောက်လာမယ့် မျိုးဆက်တွေကို ကိုယ်ဖြစ်ခံထားတဲ့ ပုံအတိုင်း ပုံသွင်းဖို့ ကြိုးစား ကြမယ့် အခါမျိုးမှာ အဲဒါတွေကို ဖောက်ထွက်တွေးဖို့ လိုပါတယ်။ နောက်တခုက ခွဲခြား ဆက်ဆံတယ်ဆိုတာ ဘာလဲ။ အဲဒါ သေချာသိဖို့ လိုပါတယ်။ ရိုးရာအရ မိန်းမ မို့လို့၊ ယောကျာ်မို့လို့ ဆိုတာမျိုး၊ ယောကျ်တွေလည်း ခွဲခြား ဆက်ဆံ ခံနေရတဲ့ အပိုင်းတွေ လူ့အဖွဲ့အစည်းမှာ ရှိနေတယ်။ အဲဒါတွေကို ကျော်တွေးနိုင်ရင် လူ့အဖွဲ့အစည်းက ဖွံ့ဖြိုးတိုးတက်တဲ့ အတွေးအခေါ်၊ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း၊ အဲဒါတွေထက် ပိုပြီးတော့ စိတ်ရော လူရော လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ အဓိက ပညာရေးက စတာပေါ့နော်။ နောက်မိသားစုက စတယ်။ သေချာတာကတော့ လူစုတခုချင်းကို ကျမတို့ လုပ်ဖို့ မလွယ်ဘူး။ နိုင်ငံတော် အဆင့်ကနေ ပါပြီးတော့ သွားရမယ်။ အရှိတရား သီးခြား ဆက်ဆံတာတွေက ဘာလဲ၊ လူမှုဗေဒ ပညာရပ်မှာ ရှိပါတယ်။ အဲဒီ ဘာသာရပ်ကို သေချာ ကျွမ်းကျင်ပိုင်နိုင်တဲ့ ပညာရှင် တွေနဲ့ ကျမတို့ရဲ့ ပညာရေးကနေ စသွားရင်တော့ အမြန်ဆုံးနည်းလို့ ယူဆတယ်။ ဒါပေမယ့် မြန်မာပြည် ပညာရေးစနစ်ထဲမှာက မရှိသေးဘူး။ သင်နေတဲ့ ဆရာတွေ ကိုယ်တိုင်ကလည်း Gender သိတာမရှိဘူး။ ကျမတို့ အဖွဲ့အစည်းကတော့ အမျိုးသမီးတွေနဲ့ ပတ်သတ်ပြီး လက်လှမ်းမီသလောက် လုပ်ပေးနေပါတယ်။ အစိုးရကနေ တဆင့် ကြိုးစား နေတာ ရှိပါတယ်။ ပညာရေး ကနေ သွားမယ်ဆိုရင် ပိုမြန်တာပေါ့၊ နောက် ၅ နှစ် ၁၀ နှစ်ပေါ့။
မေး။ ။ အမျိုးသမီး သတ္တိရှင် ဆုရတဲ့ သူတယောက်အနေနဲ့ အမျိုးသမီးတွေကို ဘာပြောချင်ပါသလဲ။
ဖြေ။ ။ ကျမအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဆုရှင်ဆိုပြီးပြောရင် မကောင်းဘူး ထင်တယ်နော်။ အမျိုးသမီးတိုင်းမှာ ကိုယ်ပိုင် စွမ်းရည်တွေ ရှိကြပါတယ်၊ ထုတ်ပြီး သုံးကြပါလို့ ပြောချင်ပါတယ်။ ဒီအတိုင်း မထားနဲ့။ လူတိုင်းမှာ မတူညီတဲ့ စွမ်းရည် ပုံစံတွေ ရှိပါတယ်။ မတူညီတဲ့ ပုံစံတွေ ပေါင်းစည်းပြီးတော့ အားတွေ ဖြစ်လာနိုင်တယ်။ လူ့အသိုင်းအဝန်း အတွက်ရော၊ ကိုယ့် တယောက်တည်း အတွက်ပါ လက်တွေ့ဘဝထဲမှာ ကျင့်သုံးပါလို့ ပြောချင်ပါတယ်။ ပြီးတော့ မိန်းကလေးကို
ကာကွယ် ပေးသယောင်နဲ့ ဘေးဖယ်ထားသလို မလုပ်ပါနဲ့။ ။