အိမ်အကူ မိန်းကလေးငယ်ကို နှိပ်စက်သည့် ဗီဒီယို သရုပ်ဆောင်နှင့် မော်ဒယ်လ် သီရိကိုကိုနိုင်နှင့် ခင်ပွန်းဖြစ်သူ ဦးကြည်လှမြင့် တို့အား ကလေးငယ်၏ မိဘများက ပုသိမ်မြို့ အမှတ် ၂ ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆို ထားကြောင်း သိရသည်။
အသက် ၁၄ နှစ် အရွယ် မထက်ထက်သည် ရန်ကုန်မြို့ရှိ သရုပ်ဆောင် သီရိကိုကိုနိုင် နေအိမ်တွင် အိမ်အကူ အဖြစ် လုပ်ကိုင်နေစဉ် အိမ်ရှင်များ၏ နှိပ်စက်ခံရသဖြင့် ဒဏ်ရာများ ရရှိခဲ့ပြီး လက်ရှိတွင် ပုသိမ်ဆေးရုံ အဆောင်အမှတ် ၇ (အမျိုးသမီးဆောင်) ကုတင်အမှတ် ၁၄ တွင် မတ် ၂၆ ရက်မှ စတင်ကာ ယခုအချိန် အထိ ဆေးကုသမှု ခံယူနေရသည်။
လက်ကောက်ဝတ် ဘယ်ညာ နှစ်ဘက်စလုံးတွင် အပူလောင် ဒဏ်ရာ၊ မျက်နှာ၊ ဦးခေါင်း၊ ကျောကုန်းနှင့် နံဘေးတို့တွင် ပွန်းပဲ့ ပြတ်ရှ ဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူနေသူ မထက်ထက်က ဝက်သားဟင်း ချက်ရာတွင် ဟင်းအိုး တူးခဲ့ခြင်း၊ နေအိမ်တွင် မွေးထားသည့် ခွေးမလေး သေဆုံးခဲ့ခြင်းတို့ကြောင့် နှိပ်စက် ခံခဲ့ရခြင်း ဖြစ်သည်ဟု ဧရာဝတီကို ပြောသည်။
“သမီး ဝက်သားဟင်း ချက်တာ တူးသွားလို့ တူးရမလားဆိုပြီး အိမ်ရှင် အစ်မကြီးက သမီးလက်ကို ဆီပူအိုးထဲကို နှစ်တယ်၊ နောက်ပြီးတော့ အိမ်မှာ မွေးထားတဲ့ ခွေးကလေးက သူ့ဘာသာ ဆော့နေရင်းက သေသွားတယ်၊ အဲဒါကို ခွေး သေရမလားဆိုပြီး အိမ်ရှင် အစ်မကြီးကရော၊ သူ့ယောက်ျားကရော ရိုက်တယ်၊ မျက်နှာကို လက်သီးနဲ့ ထိုးတယ်၊ တံမျက်စည်းနဲ့ ခေါင်းကို ရိုက်တယ်။ ပလာယာနဲ့လည်း ညှပ်တယ်။ ကပ်ကြေးနဲ့လည်း ထိုးတယ်” ဟု ၎င်းက ပြောသည်။
အိမ်အကူ မထက်ထက်သည် မြောင်းမြ မြို့နယ်၊ မဲကျော် ကျေးရွာအုပ်စု၊ ဝဲဒေါင့် ကျေးရွာတွင် နေထိုင်သူ ဖြစ်ပြီး ရန်ကုန်မြို့ရှိ သရုပ်ဆောင် သီရိကိုကိုနိုင်၏ နေအိမ်သို့ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက စတင် ရောက်ရှိကာ အိမ်အကူ အဖြစ် တလလျှင် လခငွေကြေး ကျပ် ၂၅၀၀၀ နှုန်းဖြင့် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နှိပ်စက်မှုများကြောင့် ပွန်းပဲ့ ပြတ်ရှ ဒဏ်ရာများနှင့် အပူလောင် ဒဏ်ရာများ ရရှိထားသူ မထက်ထက်အား သရုပ်ဆောင် သီရိကိုကိုနိုင်နှင့် ခင်ပွန်း ဖြစ်သူတို့က ရန်ကုန်မြို့၌ ဆေးကုသ မပေးဘဲ သီရိကိုကိုနိုင်၏ ဖခင်ဖြစ်သူ နေထိုင်ရာ ပုသိမ်မြို့သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း မထက်ထက်က ဆိုသည်။
ယင်းသို့ နှိပ်စက်မှုများအား အရေးယူပေးပါရန် မထက်ထက်၏ မိခင်ဖြစ်သူ နော်မိချိုက တရားလို ပြုလုပ်ကာ ပုသိမ်မြို့ အမှတ် (၂) ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ အမှုအား လိုက်ပါ ကူညီပေးနေသည့် ပုသိမ်မြို့ရှိ ကရင်နှစ်ခြင်း ခရစ်ယာန်သာသနာ အဖွဲ့မှ အမျိုးသမီးရေးရာ တာဝန်ခံ နော်စိန်ချစ်က ဧရာဝတီကို ပြောသည်။
“ကလေးက တအား နှိပ်စက် ခံထားရတယ်။ လက်တွေမှာ ဆီပူ လောင်ထားတဲ့ ဒဏ်ရာတွေ ရှိတယ်။ လက်ဖဝါးတွေ အက်ကွဲ နေတယ်။ မျက်နှာတွေမှာလည်း လက်သီးနဲ့ ထိုးထားလို့ ဖူးယောင်နေတဲ့ ဒဏ်ရာတွေ ရှိတယ်။ ညာဘက် မျက်လုံးမှာ ဆိုရင် လက်သီးနဲ့ ထိုးတဲ့ ဒဏ်ကြောင့် မျက်စိ သူငယ်အိမ်ထဲမှာ သွေးချည်တောင် ဥနေတယ်။ အခုလိုမျိုး နှိပ်စက်ခံရလို့ သူ့အမေက မကျေနပ်လို့ အိမ်ရှင် လင်မယားကို အမှုဖွင့် လိုက်တာ” ဟု ၎င်းက ပြောသည်။
သရုပ်ဆောင် သီရိကိုကိုနိုင်၏ ဖခင်ဖြစ်သူ ဧရာဝတီတိုင်း ဒေသကြီး ဆိပ်ကမ်း အာဏာပိုင် အရာရှိ ဦးကိုကိုနိုင်က ဒဏ်ရာများဖြင့် ရောက်ရှိလာသည့် မထက်ထက်အား ပုသိမ်မြို့ရှိ “လမင်း” အထူးကု ဆေးခန်းတွင် ဆေးကုသ ပေးရာတွင် ထိုဆေးခန်းက ရဲမှုခင်း ဖြစ်နေသည့် အတွက် လက်မခံသောကြောင့် ပုသိမ် အထွေထွေရောဂါကု ဆေးရုံကြီးသို့ တင်ပို့ ကုသပေးခြင်း ဖြစ်ကြောင်း သိရသည်။
“ပထမ လမင်း ဆေးခန်းမှာ ရေနွေး ပူလောင်လို့ ဆေးကုချင်လို့ပါ ဆိုပြီး လာတယ်။ ကလေးမလေး ရတဲ့ ဒဏ်ရာတွေက အပူလောင်တဲ့ ပုံစံ မဟုတ်ဘဲ Police Case (ရဲမှုခင်းကိစ္စ) ဖြစ်နေတယ် ဆိုတာ ဆရာဝန်တွေက သိနေတော့ လက်မခံဘဲ ဆေးရုံကြီးကို ညွှန်လိုက်တယ်။ ဦးကိုကိုနိုင်က လူနာရှင် လုပ်ပြီး ပုသိမ် ဆေးရုံကြီးမှာ တင်ပြီး ကုတယ်။ ဒဏ်ရာ ရထားတဲ့ ကိစ္စတွေ အတွက် ဦးကိုကိုနိုင် ကရော၊ ဆေးရုံ ကရော ရဲကို အကြောင်းကြားတာ မရှိသလို သက်ဆိုင်ရာ မိဘထံကိုလည်း လုံး၀ အကြောင်းကြားခြင်း မရှိဘူး” ဟု နော်စိန်ချစ်က ပြောသည်။
မထက်ထက်၏ မိခင်ဖြစ်သူ နော်မိချို၏ တိုင်တန်းချက် အရ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်း၊ ကိုယ့်မင်းကိုယ့်ချင်း ရပ်ကွက်၊ အိမ်အမှတ် – ၃၀ တွင် နေထိုင်သည့် ဗီဒီယို သရုပ်ဆောင် သီရိကိုကိုနိုင်နှင့် ခင်ပွန်း ဖြစ်သူ ဦးကြည်လှမြင့်တို့အား ပုသိမ်မြို့ အမှတ် ၂ ရဲစခန်းက ပြစ်မှုနံပါတ် ၅၁/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၆/၃၂၅ (အပြင်းအထန် နာကျင်စေမှု) တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။