အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေ အနည်းငယ် ကောင်းမွန်လာပြီ ဖြစ်သော်လည်း ရန်ကုန်ဆေးရုံကြီးတွင်ပင် ဆက်လက် ကုသမှု ခံယူမည်ဖြစ်ကြောင်း မိသားစု ဆရာဝန် ဒေါက်တာ မြင့်သိန်းက ပြောကြားသည်။
ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင်၌ ကုသမှု ခံယူနေသော ဦးဝင်းတင်သည် ယနေ့ ညနေပိုင်းတွင် လက်များ လှုပ်လာကြောင်း၊ မျက်လုံးများ ပွင့်လာကြောင်း၊ သွေးပေါင်ချိန်မှာလည်း ပုံမှန်ဖြစ်လာကြောင်း ၎င်းက ပြောသည်။
“ဒီနေ့ နေ့လယ် ၁ နာရီလောက်ကစပြီး သွေးချိန်တက်အောင် ထိုးတဲ့ဆေးတွေ ရပ်လိုက်ပြီ၊ ဒါပေမယ့် သွေးပေါင်ချိန်က မကျဘူး၊ သူ့ဘာသာ အသက်ရှုနိုင်လာတယ်၊ ဗိုက်လဲ လျော့ကျသွားတယ်၊ ဝမ်းလည်း ပုံမှန်ဖြစ်လာတယ်၊ အရေပြား အောက်မှာ လေအိတ် တွေ ပေါက်ထွက်နေတာ လျော့သွားတဲ့ အတွက်ကြောင့် ပုခုံးကျောတွေ ဖောင်းနေတာ လျော့သွားပြီ၊ အများကြီး အခြေအနေ တိုးတက်လာတယ်”ဟု ၎င်းက ဆိုသည်။
ထို့အပြင် လာမည့်ရက်ပိုင်းအတွင်း ရန်ကုန်ဆေးရုံကြီးရှိ အထူးကြပ်မတ်ဆောင် အတွင်းသို့ ပြင်ပလူများ ဝင်ထွက်သွားလာမှု ကန့်သတ်ထားမည် ဖြစ်ကြောင်း၊ ပြင်ပမှ ရောဂါပိုးများ ဝင်မလာလျှင် အခြေအနေ ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း ဒေါက်တာမြင့်သိန်း က ပြောသည်။
ထို့အပြင် ရန်ကုန်ဆေးရုံကြီးရှိ ဆရာဝန်များ၏ ကုသပေးမှုသည် အောင်မြင်ကြောင်း၊ ကျေနပ်အားရမှု ရှိကြောင်း၊ ပါတီနှင့် မိသားစု ဝင်များက ဦးဝင်းတင်ကို ပြည်ပပို့ဆောင်၍ ဆေးကုသမှုခံယူရန် လတ်တလော အစီအစဉ်မရှိသေးကြောင်း သိရသည်။
“နိုင်ငံခြားသွားဖို့ဆိုတာက အဆုတ်ပေါက်ထားတဲ့ လူတယောက်အတွက်က လေယာဉ်စီးလို့မရဘူး။ သာမန်လူတောင်မှ ကောင်းသွားပြီးလို့ တလလောက်အထိ လေယာဉ်စီးလို့ရတာမဟုတ်ဘူး။ အရင်နေ့တွေကထက်စာရင် အများကြီးတိုးတက် လာတယ်။ ဒီမှာပဲ ဆက်လက်ကုသမှု ခံယူမယ်”ဟု ဒေါက်တာ မြင့်သိန်း က ဆိုသည်။
တိုးတက်သည်ဟု ဆိုသော်လည်း ဦးဝင်းတင်တွင် နဂိုအခံ ပန်းနာရင်ကျပ်ရှိသောကြောင့် အဆိုပါ ရောဂါအတွက် အသုံးပြုရသော ဆေးသည်လည်း ကိုယ်ခံအားကျဆင်း၍ ပြင်ပမှ ရောဂါများ ထပ်မံ မဝင်ရောက်ရေးကို ဦးစားပေးကုသရကြောင်း သိရသည်။
ဦးဝင်းတင်ကို မတ်လ ၂၉ ရက်နေ့က ဝိတိုရိယ ဆေးရုံမှ ရန်ကုန် ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသမှု ခံယူခဲ့ရာတွင် အသက်ရှုစက်ဖြင့် ထားခဲ့ရာမှ တဖြည်းဖြည်း လျှော့ချလာခဲ့ပြီး မကြာခင် ထိုစက်တပ်ထားသော ပိုက်များ ဖြုတ်နိုင်သည့် အဆင့်ထိ ရောက်လာနိုင် မည်ဖြစ်ကြောင်း သိရသည်။
ဦးဝင်းတင်သည် မတ်လ ၁၂ ရက်နေ့ကတည်းက ရန်ကုန်မြို့ Green Cross ဆေးရုံ၌ စတင် တက်ရောက် ကုသနေပြီး မတ်လ ၂၇ ရက်နေ့တွင် ဝိတိုရိယ ဆေးရုံသို့ ပို့ဆောင် ကုသမှုခံယူခဲ့ရသည်။