တနိုင်ငံလုံး အတိုင်းအတာနှင့် မတ်လ ၃၀ ရက်နေ့မှ စတင်သည့် ၂၀၁၄ ခုနှစ် နိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ယူရာတွင် ရန်ကုန်တိုင်းအတွင်း ကောက်ယူမှုများ၌ လွဲချော်မှုများ ရှိနေကြောင်း တွေ့ကြုံရသူများက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူမည့် နေအိမ်များကို ကောက်ခံမည့် စာရွက် ပုံစံများ ကြိုတင် ဝေငှထားကြောင်း သိရသည်။
ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ၇ ရပ်ကွက်တွင် နေထိုင်သူ မသန်းစိုးက “ကျမတို့အိမ်ကို မနေ့ကတည်းက ပုံစံစာရွက်တခု လာပေး ထားတယ်၊ အိမ်မှာ ရှိတဲ့လူဦးရေ အတိုင်း အဲဒီစာရွက်ကို မိတ္တူပွားပြီး ဖြည့်ခိုင်းထားတယ်၊ အဲဒီစာရွက်နဲ့ တိုက်ပြီး ထပ်ဖြည့်မယ်လို့ ပြောတယ်၊ မြန်မြန်ပြီးအောင် လုပ်တဲ့သဘောပဲ ထင်တယ်”ဟု ပြောပြသည်။
အလားတူ ပုံစံမျိုး မြို့နယ်တချို့တွင်လည်း ပုံစံစာရွက် ကြိုတင်ဝေငှထားမှုများ ရှိကြောင်း၊ တချို့မြို့နယ်များတွင် စာရင်းကောက်သူ ဝန်ထမ်းများမှာ ကျွမ်းကျင်မှု မရှိကြောင်းလည်း ဒေသခံများက ပြောဆိုသည်။
ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်တွင် နေထိုင်သူတဦးက“ကျနော်တို့က သူငယ်ချင်းတွေ စုပြီး အိမ်ငှားနေတာ၊ သူငယ်ချင်း တယောက်က နယ်ကို ပြန်သွားတာ တပတ်လောက်ရှိပြီ၊ သန်းခေါင်စာရင်း လာကောက်တဲ့ ဝန်ထမ်းက ဘယ်သူတွေ ဒီမှာနေလဲလို့ မေးတယ်၊ နယ်ကို တယောက်ပြန်နေတယ်လို့ ပြောတော့ သူက အဲဒီသူကိုပါ ထည့်ကောက်သွားမယ် ဆိုပြီး ကောက်သွားတယ်” ဟု ပြောပြသည်။
သန်လျင်မြို့နယ်တွင် နေထိုင်သူ အိမ်ရှင်မတဦးကလည်း“ကျမ အမျိုးသားတဦးတည်း အိမ်မှာရှိနေတုန်း သန်းခေါင်စာရင်း ကောက် ဖို့ ဆိုပြီး လာတယ်၊ အိမ်ထောင်စု စာရင်းမေးလို့ ကျနော်တို့ အိမ်ထောင်စုစာရင်းက ဒီမှာ မဟုတ်ဘူး၊ ဟိုဘက်ရပ်ကွက်မှာလို့ ပြော လိုက်တော့ မကောက်ဘဲ ပြန်သွားတယ်”ဟု ပြောသည်။
သန်းခေါင်စာရင်း စတင်ကောက်ယူသည့် မတ် ၃၀ ရက်နေ့ ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် လူမျိုးအမည်နဲ့ ကုဒ်နံပါတ်အတိုင်း မထည့် သွင်းကြောင်း ကြုံတွေ့ရသူတဦးက ၎င်း၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။
“ကောက်တဲ့ အချိန်မှာ ကိုယ့်လူမျိုး အမည်ပြောပေမယ့် ကုဒ်နံပါတ် ၅၀၁ လို့ စာရင်းကောက်က မှတ်လိုက်ပါတယ်၊ အကောက် ခံရတဲ့သူက ကိုယ့်လူမျိုး ကုဒ်နံပါတ်ကို မသိပါဘူး၊ နောက်မှ ကိုယ်ပြောတဲ့ လူမျိုးမဟုတ်ဘဲ ဗမာကုဒ်နံပါတ် ဖြစ်တဲ့ ၅၀၁ မှာ စာရင်း အသွင်းခံလိုက်ရမှန်း သိပါတယ်”ဟု ဖေ့စ်ဘုတ်၌ ရေးထားသည်ကို တွေ့ရသည်။
ယင်း ဖြစ်စဉ်မျိုးကဲ့သို့ပင် တချို့နေရာများတွင် ထားဝယ်လူမျိုး ဟု ဖြေကြားချက်ကို ဝန်ထမ်းက ကုဒ်နံပါတ် မရှိသည့် အတွက် ဗမာ ဟုသာ ဖြည့်သွင်းခြင်းမျိုးလည်း ရှိကြောင်း၊ တချို့နေရာများတွင် သန်ခေါင်စာရင်း လာရောက် ကောက်ယူမည့် အချိန်နှင့် နေ့ရက် ကို ကြိုတင် အကြောင်းကြားထားခြင်း မရှိသေးကြောင်း သိရသည်။
သန်းခေါင်စာရင်း ကောက်ယူသူများသည် စာရင်းကောက်ယူမည့် ၁၂ ရက်တာ ကာလအတွင်း မည်သည့်ရက်တွင် လာရောက် ကောက်ယူမည်ကို ကြိုတင် အကြောင်းကြားထားရမည် ဖြစ်ကြောင်း၊ စာရင်းအကောက်ခံရသူများက အိမ်ထောင်စုစာရင်း ပြသရန် လုံး၀ မလိုကြောင်းနှင့် သန်းခေါင်စာရင်းကောက်သူများက ကိုယ်တိုင် ပုံစံစာရွက်တွင် ဖြည့်သွင်းရမည် ဖြစ်ကြောင်း သတ်မှတ်ထား သည်။
ထိုသတ်မှတ်ချက်များနှင့် လုပ်ဆောင်ရာတွင် ကျွမ်းကျင်မှု ရှိစေရန် သန်းခေါင်စာရင်း ကောက်ယူမည့် ဝန်ထမ်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ကြိုတင်လေ့ကျင့် သင်ကြားပေးပြီး ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ယခု သန်းခေါင်စာရင်း ကောက်ယူမှုသည် နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံး စာရင်းကောက်ယူခြင်း ဖြစ်သည်။