ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြည်သူများ တောင်းဆိုမှုများနှင့် ဆန္ဒထုတ်ဖော် မှုများပြုလုပ်နိုင်သည့် ပြည်သူ့ဟစ်တိုင် နေရာသတ်မှတ်ဖော်ထုတ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ယနေ့ ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောဆို လိုက်သည်။
လတ်တလော ရန်ကုန်မြို့တွင် ဆန္ဒပြမှုများဖြစ်ပွားလျက်ရှိပြီး ယခင်အစိုးရ လက်ထက်က ဖြစ်ခဲ့သည့် ကိစ္စများကို လက်ရှိ အစိုးရ အနေဖြင့် တတ်နိုင်သမျှဖြေရှင်းပေးနေကြောင်း၊ သို့သော် ဆန္ဒပြမှုများအတွက် လက်ရှိအစိုးရက တတ်စွမ်း သမျှ ဖြေရှင်းဆောင်ရွက်ပေးနေပြီး ဖြေရှင်းမှုများသည် လိုအပ်ချက်များရှိကြောင်း၊ လက်ရှိတိုင်းဒေသကြီးအစိုးရအနေဖြင့် တရားဥပဒေလမ်းကြောင်းအတိုင်း ဆန္ဒပြမှုများကို ဆက်လက် ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်
“အစိုးရ က ပြည်သူ့ဟစ်တိုင် နေရာ သဘောမျိုး သတ်မှတ်ပေးဖို့ စီစဉ်နေတယ်၊ ဒီနှစ်ထဲမှာ ဖြစ်ဖို့များတယ်။ ဘယ်နေရာမှာ ဖြစ်မလဲဆိုတာတော့ အတိအကျမသိနိုင်သေးဘူး”ဟု ဗိုလ်မှူးကြီးတင်ဝင်းက ဧရာဝတီသို့ ပြောသည်။
ရန်ကုန်မြို့တွင် ပြည်သူတချို့ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်နေကြသည့် နေရာများသည် လူသွားလူလာများပြားသည့် အများပြည်သူဖြတ်သန်းသွားလာသော နေရာများ နှင့် အချက်အချာကျသည့် နေရာများဖြစ်ကြောင်း၊ အများပြည်သူပိုင် နေရာများတွင် ဆန္ဒပြမှုများပြုလုပ်ခြင်းကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဆက်ဆံနေရချိန်တွင် တိုင်းပြည် ဂုဏ်သိက္ခာထိ ခိုက်နိုင်ပြီး တိုးတက်မှု နှေးကွေးသွားစေသည်ဟု ၎င်းက ရှင်းပြသည်။
“နိုင်ငံတကာ အဖွဲ့အစည်းတွေ နဲ့ သွားနေပြီဖြစ်တဲ့အချိန်မှာ နိုင်ငံမျက်နှာမငယ်ချင်ဘူး၊ ဆန္ဒထုတ်ဖော်သူတွေကလည်း မရမချင်း ဆိုတာကို ဆုပ်ကိုင်မထားပါနဲ့၊ နိုင်ငံမျက်နှာကို ပြန်ကြည့်ပါ၊ ဥပဒေမဲ့ လုပ်ရပ်တွေ များလာရင် တိုင်းပြည်အတွက် မကောင်းဘူး”ဟု ဗိုလ်မှူးကြီးတင်ဝင်းက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင်ကမူ ဆန္ဒပြသူများ၏ ဆန္ဒပြရသည့်အကြောင်းအရင်းများကို နားလည်သော်လည်း ဥပဒေနှင့်အညီ အရေးယူရမှုများရှိကြောင်း၊ ဆန္ဒပြမှုများကို အဖြေရှာရာတွင် ညှိုနှိုင်းဖြေရှင်းခြင်းက အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း ပြောဆိုသည်။
“ဆန္ဒထုတ်ဖော်သူတွေက ဖျက်လိုဖျက်ဆီးဖြစ်အောင်၊ တိုးတက်မှုကို နှောင့်နှေးအောင် လုပ်ချင်တဲ့ ဆန္ဒမရှိဘူးဆိုတာ နားလည်ပါတယ်၊ ဒါပေမဲ့ တရားဥပဒေအရ အရေးယူရမှာဖြစ်လို့ အရေးယူခဲ့ရတဲ့ အပိုင်းတွေရှိတယ်၊ ညှိုနှိုင်း ဖြေရှင်း တာက အကောင်းဆုံးဖြစ်လိမ့်မယ်”ဟု ရဲမှူးကြီး ဝင်းနိုင်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရက မတ်လ ၃၀ ရက်နေ့နှင့် မတ်လ ၃၁ ရက်နေ့တွင် မဟာဗန္ဓုလ ပန်းခြံအနီး ဖွင့်လှစ် ထားသော မိကျောင်းကန် မြေသိမ်းခံပြည်သူတို့၏ သပိတ်စခန်းနှင့် မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ဖွင့်လှစ်ထားသော မြန်မာ့ ဂုဏ်ရည် အိမ်ရာ မြေသိမ်းခံ ပြည်သူတို့၏ သပိတ်စခန်းများကို အင်အားသုံး ဝင်ရောက် ဖျက်ဆီးခဲ့ကြသည်။