လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံမှုကို ကန့်ကွက်ကြောင်း မန္တလေးမြို့တွင် ဆန္ဒဖော်ထုတ်မှုများကို ဒေသခံ အာဏာပိုင်များက တားဆီးခြင်း၊ ဆန္ဒဖော်ထုတ်သူများကို ဖမ်းဆီး အရေးယူခြင်းများကို ပြုလုပ်နေသည်။
လျှပ်စစ်မီတာခ တိုးမြှင့်ခြင်းကို ကန့်ကွက်သည့်အနေဖြင့် မတ်လ ၃၁ ရက်နေ့ ညနေပိုင်းတွင် မန္တလေးမြို့မှ တက်ကြွလှုပ်ရှားသူ ၃ ဦးတို့က ၂၆ ဘီ လမ်းတလျှောက် ဖယောင်းတိုင်ထွန်း၍ လမ်းလျှောက် ဆန္ဒထုတ်ဖော်နေစဉ် မန္တလေးမြို့ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့သည်။
“ကျနော်တို့က ၃ ယောက်တည်း၊ ရဲအင်အားက ၅၀ ကျော်နဲ့ ပိတ်တားတော့ အင်အားက မမျှတော့ ဆက်မသွားတာပါ။ လျှပ်စစ်မီး ၂၄ နာရီ မပေးဘဲနဲ့၊ မီတာခ တိုးကောက်တာ ပြည်သူတွေက မကျေနပ်ဘူးဆိုတာ ၁၅ မိနစ်လောက် ဆန္ဒထုတ်ဖော်ခွင့်လည်း ရလိုက်တာကြောင့် ရဲတွေတောင်းဆိုတဲ့အတိုင်း ရုပ်သိမ်းပေးလိုက်တာလဲ ပါပါတယ်” ဟု ဆန္ဒထုတ်ဖော်သည့် ကိုတိုးကြီးက ဧရာဝတီသို့ ပြောသည်။
ဆန္ဒထုတ်ဖော်သူများက မန္တလေးတိုင်း လျှပ်စစ်တိုင်းရုံးရှေ့အထိ သွားရောက်ရန် ကနဦးက စီစဉ်ထားခဲ့ပြီး ခွင့်ပြုမိန့် တောင်းခံခဲ့သော်လည်း ခွင့်ပြုမိန့် မရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ကလည်း မန္တလေးမြို့ ဒိုင်းမွန်း ပလာဇာအနီးတွင် တကိုယ်တော် ဆန္ဒထုတ်ဖော်ရန် ပြင်ဆင်နေသည့် ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့မှ ကိုသိန်းအောင်မြင့်၊ ကိုစောလှအောင်၊ ကိုကျော်မျိုးထွန်းတို့ကို ဒေသခံအာဏာပိုင်များက အကြမ်းဖက် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
သူတို့ကို ၆ ရက်ကြာ ထိန်းသိမ်းထားခဲ့ပြီး အာမခံဖြင့် ပြန်လွှတ်ပေးကာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် တရားစွဲဆိုထားသည်။
“ပြည်သူတွေရဲ့ အခြေခံ လိုအပ်ချက်တွေကို အထက်လူကြီးတွေ သိဖို့ အေးအေးချမ်းချမ်း ဆန္ဒထုတ်ဖော်တာကို အကြမ်းပတမ်း ဖမ်းတာ၊ တရားစွဲနေတာတွေက ဒီမိုကရေစီ နည်းလမ်းမကျပါဘူး။ ခွင့်ပြုမိန့် တင်ပါ၊ တင်ပါပြောပြီး တင်ပြန်တော့လည်း ခွင့်ပြုမိန့် မချပေးဘူး။ ဒါက တမင်သက်သက် ပြည်သူတွေ ကြောက်အောင်၊ ပြည်သူတွေက ကိုယ့်ဆန္ဒကိုယ် မထုတ်ဖော်ရဲအောင် လုပ်နေတာပဲ” ဟု ကိုတိုးကြီးက ပြောသည်။
သူက ဆက်၍ “ပြီးခဲ့တဲ့ ရက်တွေက ရန်ကုန်မှာလည်း ဒီ လျှပ်စစ်မီတာကိစ္စ ဆန္ဒပြသွားတာပဲ၊ တခြားဒေသတွေမှာ ဒါကို ခွင့်ပြုပေးတယ်၊ ဆန္ဒပြသူကလည်း အေးအေးဆေးဆေးပဲ ဆန္ဒပြတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲ ပြီးသွားတယ်။ မန္တလေးကကျတော့ ခွင့်ပြုမိန့်လည်း မပေး၊ ငြိမ်းငြိမ်းချမ်းချမ်း လမ်းလျှောက်တာကိုလည်း ဒီလို တားမြစ်တာတွေ လုပ်နေတယ်။ ကျနော်တို့က အကြမ်းဖက်တာ မလုပ်ဘဲ အာဏာပိုင်တွေက လိုက်အကြမ်းဖက်နေတာကတော့ မကောင်းဘူးပေါ့” ဟု ပြောသည်။
လျှပ်စစ်မီတာခ နှုန်းထားများကို တိုးမြှင့် ကောက်ခံမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်မှ မတ်လ ၁၉ ရက်နေ့တွင် အတည်ပြုပြဌာန်းခဲ့သည်။
နှုန်းထားသစ်များဖြစ်သည့် အိမ်သုံးယူနစ် ၁၀၀ အထိ တစ်ယူနစ်လျှင် ၃၅ ကျပ်၊ ယူနစ် ၂၀၀ အထိ ကျပ် ၄၀နှင့် ယူနစ် ၂၀၀ အထက် ကျပ် ၅၀ နှုန်းကောက်ခံမည်ဖြစ်သည်။ ထို့အတူ စက်မှုနှင့် စီးပွားရေး လုပ်ငန်းသုံးများအတွက် ယူနစ် ၅၀၀ အထိ တစ်ယူနစ်လျှင် ၇၅ ကျပ်၊ ယူနစ် ၁ သောင်းအထိ ၁၀၀ ကျပ်၊ ယူနစ် ၅ သောင်းအထိ ၁၂၅ ကျပ်၊ ယူနစ် ၂ သိန်း အထိ ၁၅၀ ကျပ်နှင့် ယူနစ် ၂ သိန်းမှ ၃ သိန်းအထိ ၁၂၅ ကျပ်နှုန်း သတ်မှတ်ထားသည်။ စက်မှုစီးပွားရေးနှင့် လုပ်ငန်းသုံးများတွင် သုံးစွဲမှု ယူနစ်သုံးသိန်းနှင့် အထက်ကျော်လျှင်မူ တယူနစ်လျှင် ၁၀၀ ကျပ်နှုန်းအဖြစ် ပြန်လည် လျော့ချပေးမည်ဟု သိရသည်။
အဆိုပါ နှုန်းထားသစ်များဖြင့် လျှပ်စစ်မီတာခ တိုးမြှင့် ကောက်ခံခြင်းသည် ဧပြီ ၁ ရက်နေ့မှ စတင် အကျုံးဝင်မည် ဖြစ်သည်။
ထိုသို့ တိုးမြှင့်ကောက်ခံခြင်းကို ကန့်ကွက်ကြောင်း ဖယောင်းတိုင်များထွန်း၍ စီတန်းလှည့်လည်မှုများကို ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့ကလည်း ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပြီး ထိုစဉ်က ဒေသခံ အာဏာပိုင်များ၏ တားမြစ်မှုများ မရှိခဲ့ပေ။