ရန်ကုန်မြို့တော်ခန်းမရှေ့တွင် မြေယာသိမ်းခံ လယ်သမားများနှင့်အတူ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြခဲ့သော လယ်သမားအရေးလှုပ်ရှားသူ ဦးဝင်းချိုနှင့် ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်တို့ ၂ ဦးကို ကျောက်တံတားမြို့နယ် တရားရုံးက ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် ၃ လ ချမှတ်လိုက်ကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ မြို့တော်ခန်းမအနီးတွင် လယ်သမား ၅၀၀ ကျော်နှင့်အတူ သိမ်းဆည်း ခံ လယ်ယာမြေများ ပြန်လည်ရရှိရေးနှင့် ပိုင်နက်ကျူးလွန်မှု ပုဒ်မများဖြင့် ဖမ်းဆီးအရေးယူခံနေရသော လယ်သမား များ ပြန်လည်လွှတ်ပေးရေး ဆန္ဒပြပွဲ ဦးဆောင်ခဲ့သူ ဦးနေမျိုးဇင်နှင့် ဦးဝင်းချိုတို့ ၂ ဦးကို ခွင့်ပြုချက် မရှိဘဲ ဆန္ဒပြမှု ပုဒ်မ ၁၈ ဖြင့် ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့ပြီး ဧပြီလ ၁ ရက်နေ့တွင် ကျောက်တံတားမြို့နယ်တရားရုံးက ထောင်ဒဏ် ၃ လ ကျခံစေရန် အမိန့် ချခြင်းဖြစ်ကြောင်း သိရှိရသည်။
ကျောက်တံတားမြို့နယ်တရားရုံးက ဦးဝင်းချိုနှင့် ဦးနေမျိုးဇင်တို့ ၂ ဦးကို ရုံးချိန်း လေးကြိမ်မြောက်တွင် ထောင်ဒဏ် ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ဦးဝင်းချို၏ ဇနီး ဒေါ်အေးအေးသန်းက ပြောဆိုသည်။
“ဒီအမှုက ဒဏ်ငွေလည်း ချမှတ်လို့ရတဲ့ အမှုပဲ ။ အခုက ဒဏ်ငွေမဆောင်ခိုင်းဘဲ တခါတည်း ထောင်ချ ပစ်လိုက်တာ။ ကျောက်တံတားတရားရုံးက အမိန့်ချပြီးပြီးချင်း အင်းစိန်ထောင်ကို တခါတည်း ခေါ်သွားပါပြီ” ဟု ဒေါ်အေးအေးသန်းက ပြောသည်။
အလားတူ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် မိုးထိ မိုးမိ ရွှေလုပ်သားများ၏ အရေးကိစ္စနှင့် ပတ်သက်၍ ခွင့်ပြုချက် မရဘဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့် တက်ကြွလှုပ်ရှားသူ ကိုဝေဠုကိုလည်း အာဏာပိုင်များက ကျောက်တံတား မြို့နယ်တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားပြီး ဧပြီလ ၈ ရက်နေ့တွင် အမိန့်ချမှတ် မည်ဖြစ်သည်။