ရန်ကုန်မြို့ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခ ကျောင်းတိုက်ကို ပိုင်ဆိုင်ကြောင်း နိုင်ငံတော် သံဃနာယကအဖွဲ့နှင့် ပီနန်ဆရာတော်ဦးပညာဝံသ အကြား အငြင်းပွားလျက်ရှိရာ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့၏ မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား ကျောက်တိုက်မှ ထွက်ခွာပေးရန်ဟူသော အမိန့်ကို ပီနန် ဆရာတော်က ငြင်းဆန်ပြီး ကျောင်းတိုက်တွင် ဆက်လက်သီတင်းသုံးမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က မဟာသန္တိသုခကျောင်းတိုက်ကို ပိုင်ဆိုင်သည်ဟုဆိုကာ ကျောင်းတိုက် တွင် သီတင်းသုံးနေသော ပီနန်ဆရာတော်ကြီးနှင့် တပည့်သံဃာများကို ၂၀၁၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ နောက်ဆုံး ထား၍ ကျောင်းတိုက်မှ ထွက်ခွာရန် အမိန့်ထုတ်ထားကြောင်း၊ သို့ရာတွင် တာမွေမြို့နယ်၊ ကျောက်မြောင်း၊ နတ်ချောင်း၊ မလွှကုန်းနှင့် မေတ္တာညွှန့်ရပ်ကွက်များမှ ဒကာ၊ ဒကာမများ၊ အလှူရှင်များက ပီနန် ဆရာတော်ကြီးနှင့် တပည့်သံဃာများကို ကျောင်းတိုက်မှ ထွက်ခွာခြင်းမပြုရန် လာရောက် မေတ္တာရပ်ခံ ခဲ့ကြသဖြင့် ဆရာတော်နှင့် တပည့်သံဃာများ ကျောင်းတိုက်တွင် ဆက်လက်သီတင်းသုံးနေထိုင်ရန် ဆုံးဖြတ် လိုက်ကြောင်း ပီနန်ဆရာတော်ကြီး၏ တပည့် ဆရာတော် အရှင်ဥတ္တရက ဧရာဝတီသို့ မိန့်ကြားသည်။
မဟာသန္တိသုခကျောင်းတော်ကြီးသည် နိုင်ငံတကာနှင့် မြန်မာနိုင်ငံရှိ အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် ဆောက်လုပ် ၍ ပီနန်ဆရာတော်ကြီး ဦးပညာဝံသသို့ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ပီနန်ဆရာတော် ၂၀၀၂ ခုနှစ် မလေးရှား နိုင်ငံသွားရောက်သီတင်းသုံးနေချိန် ကျောင်းတိုက်၏ အုပ်ချုပ်ရေးုဆိုင်ရာ ကိစ္စများ လျော့ရဲနေသည့် အတွက် စစ်အစိုးရ ခေါင်းဆောင်တဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွှန့်က နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ထံသို့ ကျောင်းကို ခေတ္တစောင့်ရှောက်ထားရန် အပ်နှံထားခဲ့ကြောင်း သိရှိရသည်။
ပီနန်ဆရာတော်ကြီးထံတွင် ကျောင်းပိုင်ဆိုင်မှု အထောက်အထား အပြည့်အစုံရှိကြောင်း ဆရာတော်ကြီး၏
တပည့်သံဃာ တပါးဖြစ်သည့် မကွေးကျောင်းတိုက် ဆရာတော် အရှင်ပါမောက္ခက ဧရာဝတီသို့ မိန့်ကြားသည်။
“ အရင်အစိုးရက သိမ်းခဲ့တဲ့ မြေတွေကိုတောင် အစိုးရသစ်က အခုပြန်ပေးနေတာ။ အခု ရဟန်း သံဃာတော်တွေဆီက မြေလုနေတာကတော့ ဗုဒ္ဓဘာသာဝင်တွေကို စိတ်မချမ်းမသာ ဖြစ်စေပါတယ် ” ဟု အရှင်ပါမောက္ခက မိန့်ကြားသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ကျောင်းတိုက်ကို သိမ်းပိုက်ရန် အမိန့်ထုတ်ပြန်မှုကို လုံး၀ လက်မခံ နိုင်ဟု နိုင်ငံရေး အင်အားစု တချို့နှင့် ရပ်ကွက်နေပြည်သူများက ဆန္ဒထုတ်ဖော်ပြောဆိုလိုက်ကြပြီး မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ ဦးညိုအုန်းမြင့်က ပီနန်ဆရာတော်ထံလာရောက်၍ သမ္မတဦးသိန်းစိန်၏ အမိန့် မပါဘဲ ပီနန်ဆရာတော်ကို ကျောင်းတိုက်မှ အင်အားသုံးဖယ်ရှားမှု မပြုလုပ်နိုင်ဟု ပြောဆိုသွားကြောင်း သိရှိရသည်။
“ မဟန (နိုင်ငံတော် သံဃာမဟာနာယက အဖွဲ့)ကနေ အတင်းဆွဲချမယ်ဆိုတာကို မစိုးရိမ်ပါနဲ့ဆိုပြီး ဒကာကြီး ညိုအုန်းမြင့် ရောက်လာတယ်။ သမ္မတရဲ့ အမိန့်စာ မပါဘဲနဲ့ သူတို့ဘာမှ လုပ်လို့မရဘူးဆိုတဲ့ သဘော ပြော သွားတယ်” ဟု အရှင်ဥတ္တရက မိန့်ဆိုသည်။
ကျောင်းတိုက်ကြီးမှာ ယခုအခါ သာသနာပြုကျောင်းတိုက်နှင့် မတူတော့ဘဲ ကပွဲရုံများ၊ အက သင်တန်းများ ၊ စီးပွားရေးလုပ်ငန်းများကြောင့် ထိန်းသိမ်းစောင့်ရှောက်မည့်သူမရှိသဖြင့် ပျက်စီးသွားမည်ကို စိုးရိမ်သောကြောင့် ၂၀၁၃ ခုနှစ်တွင် ပီနန်ဆရာတော်ကြီးက နိုင်ငံတော်သမ္မတထံ မေတ္တာရပ်ခံ စာရေးတင်ပြခဲ့ကြောင်း၊ ယင်းစာ တင်ပြပြီးနောက် သက်ဆိုင်ရာ စုံစမ်းမှုများ ပြုလုပ်စဉ် ကျောင်းတိုက်ပိုင်ဆိုင်ကြောင်း အငြင်းပွားမှု ပေါ်ပေါက် လာခြင်းဖြစ်သည်ဟု သိရှိရသည်။
“ပီနန်ဆရာတော်က စာရေးတင်ပြတဲ့အခါ သမ္မတကြီးက ဒီကိစ္စကို ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ လက်ထဲကို အပ်တယ်။ ဦးမြင့်ဆွေတို့က မြို့နယ်၊ ရပ်ကွက်အထိ စစ်ဆေးပြီးတော့ သူတို့လူပုဂ္ဂိုလ်တွေ ဘက်ကတော့ စစ်ဆေးပြီးပြီ ။ သံဃာတွေဘက်က စစ်ဆေးပေးပါဆိုတော့မှ မဟနက ဒီကျောင်းကြီးကို နိုင်ငံတော်က သူတို့ကို လှူထားတာတဲ့။ နိုင်ငံတော်က လှူထားတဲ့ ပိုက်ဆံတွေက များတဲ့အတွက် သူတို့ပဲပိုင်တယ်ဆိုပြီး အကြောင်း ပြန်လာတာ” ဟု အရှင်ဥတ္တရက ရှင်းပြသည်။
မဟာသန္တိသုခ ကျောင်းတိုက်မြေနေရာသည် ၁၉၉၅ ခုနှစ်တွင် ဂရန်အမည်ပေါက် ရရှိခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ပီနန်ဆရာတော်ကြီး၏ အမည်ဖြင့် သာသနာ့မြေအဖြစ် တရားဝင် အသိအမှတ်ပြုချက် ရရှိခဲ့ကြောင်း၊ မြေပိုင်ဆိုင်မှု ၊ ကျောင်းပိုင်ဆိုင်မှု စသည့် ပိုင်ဆိုင်မှု အ၀၀မှာ ပီနန်ဆရာတော်ကြီးထံတွင် ရှိကြောင်း ပီနန်ဆရာတော်၏ တပည့် သံဃာများထံမှ သိရှိရသည်။